ဗစ်တိုးရီးယားအမှု နောက်ဆုံး အခြေအနေ ဖခင် ပြောကြားချက်

ဗစ်တိုးရီးယားအမှု တာဝန်ရှိသူတွေကို လိုအပ်သလို အရေးယူဖို့ ညွှန်ကြားထားတယ်လို့ ထုတ်ဖော်ပြောကြားခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက် သမ္မတရုံး သတင်းစာရှင်းလင်းပွဲ မတိုင်မီ ဗစ်တိုးရီးယားရဲ့ ဖခင် ဖြစ်သူကို ဘီဘီစီ အကြီးတန်း သတင်းထောက် ငြိမ်းချမ်းအေးက မေးမြန်းထားတာကို ဖော်ပြလိုက်ပါတယ်။

ဘီဘီစီ - ကိုအောင်ကြီးကို တရားရှင် လွှတ်တဲ့ အမိန့်အပေါ် ပြင်ဆင်ချက်တင်တာကို မန္တလေးတိုင်း ဥပဒေရုံးက ပယ်ချပြီး နစ်နာသူက ခိုင်လုံတဲ့ အထောက်အထားရှိရင် အမှုဖွင့်လို့ရတယ်ဆိုတာနဲ့ ပတ်သက်ပြီး မိသားစု အနေနဲ့ ဘယ်လို မှတ်ချက်ပေးချင်သလဲ။

ဖြေ - ကျွန်တော်တို့ကလေ သမီးလေး ကျူးလွန် ခံရတဲ့ အတွက်ကို ရဲစခန်းမှာ အမှု သွား ဖွင့်တယ်။ ဖွင့်တဲ့ အခါမှာ ကျွန်တော်တို့က သမီးလေးကို ကျူးလွန်သူက အောင်ကြီး ဖြစ်နိုင်ပါတယ်၊ သို့မဟုတ် အောင်ကြီး ပါ ဆိုပြီးတော့ ဖွင့်ခဲ့တာ မဟုတ်ဘူး။ ကျူးလွန်ခံရတယ်၊ တရားခံကို ဖော်ထုတ်ပေးပါ ဆိုပြီး ဖွင့်ခဲ့တာ။ ဆိုတော့ကာ ဒီ အောင်ကြီးကို တရားခံ၊ သံသယ ရှိတဲ့ တရားခံ အဖြစ် တရားရုံး စွဲတင်တယ်။ အခု ကို အောင်ကြီး က အပြစ်မရှိဘူး ဆိုပြီး ဆုံးဖြတ်ချက် ချလိုက်ပြီ။ အဲ့တော့ တရားခံ မရှိဘူး။ အဲ့တော့ ကျွန်တော်တို့က အမှုဖွင့်ထားတဲ့ အတွက်ကို ဒီ ကျူးလွန်တဲ့ တရားခံ ကို ရှာပေးရမှာက ရဲတပ်ဖွဲ့မှာ တာဝန် ရှိပါတယ်။ ကျွန်တော်တို့က ပထမ အကြိမ် မှာ ကတည်းက အမှု ဖွင့်ထားပြီးသား ဖြစ်ပါတယ်။ ဒါ သမီးလေးကို ကျူးလွန်တဲ့သူ၊ အမှန်တရား ရှာဖို့ကို ပြောတာပေါ့နော်။

ဘီဘီစီ - လုံလောက်တဲ့ သက်သေ အထောက်အထား ခိုင်ခိုင်မာမာ ဆိုတဲ့ ကိစ္စမျိုး အပေါ်ရော မိသားစု အနေနဲ့ ဘာတွေ တင်ပြနိုင်သလဲ။

ဖြေ - ပြီးခဲ့တဲ့ အောင်ကြီး နဲ့ တရားစီရင်ရေး ပေါ့နော်။ ကာလ တလျှောက်မှာ ကျွန်တော်တို့က ဘာ ထပ်တွေ့ရလဲ ဆိုတော့ ပို ခိုင်မာသွားတာပေါ့၊ တရားရုံးမှာ ကျမ်းကျိန်ပြီးတော့ သက်သေတွေက ထွက်ဆိုချက် အရပေါ့နော်၊ ဥပမာ ဆရာဝန်မကြီးရဲ့ ထွက်ဆိုချက် အရ၊ ဆရာဝန်ရဲ့ ထွက်ဆိုချက် အရ သမီးလေး ကျူးလွန်ခံရတယ်၊ ဒီ သုက်ပိုး တွေ့ရှိတယ်၊ အမျိုးသား သုက်ပိုးတွေ့ရှိတယ်။ ကျောင်းမှာ တာဝန်ထမ်းဆောင်တဲ့ ဆရာမတွေရဲ့ ထွက်ဆိုချက် အရ သမီးလေး ကျောင်းကို လာတယ်၊ ဘယ်အချိန်မှာ ပြန်သွားတယ်၊ နောက် ဓာတုဗေဒဝန်ရုံးအရ ပြန်ကြားချက် အရ သမီးလေး ဘယ် အဝတ်အစားမှာ သမီးလေး သုက်ရည် သုတ်ပိုးတွေ့တယ်၊ အဲဒီ သုက်ရည် သုက်ပိုး တွေ့တဲ့ အဝတ်အစားကို ဘယ်အချိန်မှာ လဲ တယ် ဆိုတာကို ထွက်ဆိုချက်တွေ အရ အချိန်ကာလ အားဖြင့် ကျွန်တော်တို့ ပိုင်းခြားနိုင်ပြီး ဖြစ်တယ်။ ဆိုတော့ ဒါတွေ အားလုံးက လုံလောက်တဲ့ သက်သေ အထောက်အထားတွေ ဖြစ်တယ်။ အဲဒါတွေ အပေါ် မူတည်ပြီးတော့ ကျွန်တော်တို့ ဒီ တရားဥပဒေ လမ်းကြောင်း အရ ဆက်လက် စုံစမ်း စစ်ဆေး ဖော်ထုတ်ပြီးတော့ ဆောင်ရွက် ဖို့တော့ လိုအပ်တာပေါ့။

ဘီဘီစီ - သမ္မတရုံးကလည်း စောင့်ကြည့်မယ်လို့ ပြောထားတယ်။ အမှုကလည်း ကိုးလကျော်ကြာလာပြီ။ ပထမ တရားရုံးဖြစ်စဉ်ကလည်း ပြီးသွားပြီဆိုတဲ့ အနေအထားမျိုးမှာ အဆင့်မြင့် အာဏာပိုင် အဖွဲ့အစည်း၊ အစိုးရကို မိသားစုက ဘာတောင်းဆိုချင်လဲ။

ဖြေ - မိသားစု အနေနဲ့ တောင်းဆိုချင်တာကတော့လေ၊ ဒီ သမ္မတရုံး ကလည်း ၄ ကြိမ် လောက် ရှိမယ် ထင်တယ်၊ သတင်းစာရှင်းလင်းပွဲမှာ တရားရေး ဖြစ်စဉ်ထဲမှာ ဖြစ်နေတဲ့အတွက်ကို သမ္မတရုံး အနေနဲ့ စောင့်ကြည့်နေတယ် ပေါ့လေ။ အခု အချိန်မှာတော့ ဒါ အောင်ကြီး ကို သံသယ ရှိတဲ့ တရားခံ အဖြစ်နဲ့ တရားစီရင်တဲ့ အမှုက လုံးဝ ပြီးပြတ်သွားပြီ၊ ၁၀၀ ရာခိုင်နှုန်းလေ။ ပြီးပြတ်သွားတဲ့ အတွက်ကို ဒီ ကျွန်တော်တို့ သမ္မတရုံးအနေနဲ့ စောင့်ကြည့်တဲ့ အနေအထားကနေ ကျော်လွန်ပြီး တစ်စုံတစ်ခု လုပ်ဆောင်ဖို့ အတွက် ကျွန်တော်တို့ မိသားစု အနေနဲ့ တောင်းဆိုချင်ပါတယ်။ နောက်ပြီးတော့ကာ ဒီ အောင်ကြီးကို စစ်ဆေးတဲ့ ကာလ အတွင်း မှာ ခုနက ပြောသလို တရားရုံးမှာ သက်သေတွေ ကျမ်းကျိန်ထွက်ဆိုချက်တွေ အရ၊ တွေ့ရှိချက် တွေ အရ ထွက်ပေါ်လာတဲ့ အထောက်အထားတွေ အပေါ် မူတည်ပြီးတော့လည်း သမ္မတကြီး အနေနဲ့ ဝင်ရောက် တည့်မတ်ပေးဖို့ ဝင်ရောက် ဆောင်ရွက် ပေးဖို့ ကျွန်တော်တို့ မိသားစု အနေနဲ့ ဝင်ရောက် တောင်းဆိုပါတယ်။

တစ်ဆက်တည်းမှာပဲ သမီးလေးကို စာနာပြီးတော့ ဝန်းရံနေတဲ့ ပြည်သူတွေကိုလည်း ကျေးဇူးတင်တဲ့ အကြောင်း ပြောရင်းနဲ့ ပြည်သူတွေကပဲ တရားဥပဒေ ဘောင်အတွင်းကနေ ပြီးတော့ သမီးလေး အမှန်တရား ရရှိရေး အတွက် ကို ဆက်လက် တောင်းဆိုပေးဖို့ ကျွန်တော် တောင်းဆိုချင်ပါတယ်။

ဘီဘီစီ - အမှုကိုးလကျော် ကြာလာချိန်မှာ ကလေးကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဘယ်လို တည့်မတ်ပေးနေရသလဲ။

ဖြေ - စိတ်ပိုင်းဆိုင်ရာ ကတော့ တော်တော် ထိခိုက်တာပေါ့ဗျာ။ ဒါပေမဲ့ ဒီ ကျွန်တော်တို့မှာ ဒီအမှန်တရား ပေါ်ဖို့ အတွက်ကိုမှ အားလုံး ပုံအော ထားရတာလေ၊ ဘဝတွေက။ ဒီကြားထဲမှာ တစ်ခါ ထပ်ပြီးတော့ ကျွန်တော်တို့ မိသားစု နာမည်တွေ၊ အလုပ်အကိုင်တွေက တစ်ခါ၊ ထပ်ပြီးတော့ ထုတ်ဖော် ခံလိုက်ရတဲ့ အတွက်ကို ထပ်ပြီးတော့ .. ပိုပြီးတော့ စိတ်ခံစားမှုတွေ ဖြစ်ခဲ့ရတာတွေတော့ ရှိတာပေါ့လေ။ ဒါပေမယ့်လည်း ကျွန်တော်တို့ သမီးလေးရဲ့ အမှန်တရား တစ်နေ့ ပေါ်ရမယ် ဆိုပြီး အားတင်းပြီးတော့ပဲ ရှေ့ဆက်သွားနေပါတယ်။

အခု အချိန်မှာတော့ ဗျာ၊ သမီးကိုတော့ ကျွန်တော်တို့ကတော့ ပျော်အောင်ထားတယ်၊ သူ့ကို စိတ်ကျေနပ်အောင်ထားတယ် ပေါ့လေ၊ ဒါပေမယ့် အဲဒီလို ထားရင်းနဲ့လည်း တစ်ဖက်မှာ သမီးက သူ စိတ်ပျော်အောင်ထားတာချည်း အတွက်ကို တဖက်မှာလည်း ဆိုးကျိုး ဖြစ်လာမှာလည်း ကြောက်တယ်။ ပြီးတော့ ဒီ အဓိက အားဖြင့်တော့ ပေါ့နော်၊ ဒီမူကြို ပေါ့။ ကျွန်တော်တို့ကပေါ့ဗျာ၊ ပြောရရင်တော့ ကျွန်တော်တို့က သာမန်လိုပဲ ဖြတ်သန်းချင်တာပေါ့။ မလွှဲသာ မရှောင်သာ ဒီကိစ္စကြီး ဖြစ်လာတယ်၊ ဖြစ်လာတဲ့ နောက်ပိုင်းမှာ .. ဒီတခါ ထပ်ပြီးတော့ ဆုံးရှုံးမှု တွေက ကျွန်တော်တို့ သမီးလေးကို သာမန် ကလေးလို မူကြို မပို့ရဲတော့ ပြန်ဘူး။

ကလေး ဆိုတော့ ကလေး ဘာသာဘာဝ သူ ကဗျာလေးတွေ ဆိုချင်မယ်၊ သီချင်းလေးတွေ ဆိုချင်မယ်၊ သူငယ်ချင်း အပေါင်းအသင်းနဲ့ နေချင်မယ်။ ဒါပေမယ့် ကျွန်တော်တို့မှာက သာမန်ကလေး တွေလိုမျိုး မူကြို ကျောင်း ပို့ဖို့လည်း မပို့ရဲတော့ဘူး။ ကျွန်တေ့ာ် မျက်စိအောက်မှာပဲ ကျွန်တော့် အမျိုးသမီးထိန်းတယ်၊ ကျွန်တော်ကတော့ အမှုကိစ္စအတွက် သွားရတာတွေ ရှိတယ်။

အဲဒီလိုမျိုးထားတဲ့ အတွက်ကို သမီးအတွက်တော့ဗျာ သူ သာမန် ကလေးဘဝ ဖြတ်သန်းရတဲ့ အချိန်မှာ ကလေးလေးတွေမျိုး သူမဖြတ်သန်းရတော့ဘူးပေါ့ဗျာ။ ကျွန်တော်တို့ လူကြီး တွေနဲ့ အတူတူ ဆော့ နေရတာပေါ့။ အဲဒီ စိတ်ခံစားမှုတွေတော့ ရှိတယ်။

ဘီဘီစီ - တရားမျှတမှု ရဖို့၊ အမှုမှန်ပေါ်ဖို့ မိသားစု အနေနဲ့ ဘယ်လောက် မျှော်လင့်ထားသေးလဲ။

ဖြေ - ကျွန်တော်တို့ကတော့ ဗျာ၊ မျှော်လင့်ချက်ကတော့ ထားတယ် ဗျာ။ ကျွန်တော်တို့ နောက်မဆုတ်သေးသရွေ့ကတော့ မျှော်လင့်ချက် ရှိနေဦးမှာပဲလေ။ အခု ဆိုရင်ဗျာ၊ ကျွန်တော်တို့ ဒါ တရားခွင်မှာ ထွက်ဆိုချက်တွေ အရ၊ ဒါ လူသိရှင်ကြား သမီးလေး ကျူးလွန်ခံရတာ သိပြီ။

နောက်ပြီးတော့ ဥပမာ အားဖြင့်ဗျာ၊ စီစီတီဗီ မှတ်တမ်းတွေ ဆိုရင်လည်း တချို့ ဖိုင်တွေ ပေါင်းထားတာ ဖြတ်ထားတာ၊ သိခဲ့ရပြီ ပေါ့ဗျာ။ ဒါပေမယ့် အဲဒါ တွေ အပေါ်ကို အရေးယူ လုပ်ဆောင်ဖို့ကျ တော့ ကျွန်တော်တို့ အနေနဲ့တော့ မဖြစ်နိုင်ဘူးဗျာ။

အဲ့တော့ အဲဒီ ဟာတွေ အရေးယူလုပ်ဆောင်ဖို့ အတွက်ကိုတော့ တွန်းအားပေးဖို့ လိုအပ်ပါတယ်။ အဲဒီ အပေါ်လည်း ယုံကြည်မျှော်လင့်ပါတယ်။ ကျွန်တော်တို့ ဒီ သမ္မတကြီး ဖြစ်ဖြစ်၊ ဒီ အစိုးရပိုင်းဆိုင်ရာက တာဝန်ရှိတဲ့ လူကြီးတွေ ဖြစ်ဖြစ်၊ ဒီဟာကို ထိန်းကျောင်း တည့်မတ်ပေးမယ်လို့လည်း မျှော်လင့်ပါတယ်။