ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗစ်တိုးရီးယားအမှု - တရားရုံးတင်ထားတဲ့ ဟာ့ဒ်ဒစ် မူရင်း ဖြစ်ကြောင်း အတည်မပြုနိုင်ဘူးလို့ဆို
နေပြည်တော် Wisdom Hill မူကြိုကျောင်းက အသက် သုံးနှစ်မပြည့်သေးတဲ့ မူကြို ကျောင်းသူ လိင်မတရားပြုကျင့်ခံရတယ်ဆိုတဲ့ အမှုက သံသယ တရားခံ အဖြစ် စွပ်စွဲခံခဲ့ရတဲ့ ကိုအောင်ကြီး ခေါ် ကိုအောင်ကျော်မျိုး တရားရှင် ပြန်လွတ်လာခဲ့ပါတယ်။
သံသယတရားခံ အဖြစ်စွပ်စွဲခံခဲ့ရသူ ကိုအောင်ကြီးဟာ ကျောင်းအုပ်ချုပ်ရေးမှူးရဲ့ ယာဉ်မောင်းဖြစ်ပြီး သက်သေတွေအားလုံး စစ်ဆေးမပြီးသေးပေမဲ့ အရေးပါတဲ့ သက်သေတွေကို စစ်ဆေးအပြီး တရားရှင်လွတ်လာတာ ဖြစ်ပါတယ်။
ကိုအောင်ကြီးကို ဘာလို့ လွှတ်တာလဲ
ဗစ်တိုးရီးယားအမှုလို့ အများသုံးစွဲ ခေါ်ဝေါ်တဲ့ ဒီကလေးငယ် အမှုကို နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ ဒီဇင်ဘာလ ၁၈ ရက်က ၁၃ ကြိမ်မြောက် ရုံးချိန်းစစ်ဆေးအပြီး ကိုအောင်ကြီး ပြန်လွတ်လာတာ ဖြစ်ပါတယ်။
အရေးကြီးတဲ့ သက်သေတွေကို စစ်ဆေးအပြီးမှာ ကိုအောင်ကြီး ကျူးလွန်တယ်လို့ ယူဆနိုင်တဲ့ အထောက်အထား မတွေ့တဲ့အတွက် ကိုအောင်ကြီး ပြန်လွတ်လာတာ ဖြစ်တယ်လို့ သူ့ရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။
ဒီအမှုမှာ သက်သေ ၂၆ ဦး တင်သွင်းထားပြီး ၁၉ ဦးကို စစ်ဆေးအပြီးမှာ ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၂၅၃ (၂) အရ စွဲချက်မတင်မီ လွှတ်လိုက်တာလို့ ပြောပါတယ်။
ရုံးချိန်း ၁၃ ချိန်းအတွင်း တရားရုံးမှာ ကလေးငယ်ရဲ့ မိသားစုဝင်တွေ၊ ကလေးငယ်ကိုယ်တိုင်၊ ကျောင်းအုပ်ချုပ်ရေးမှူး၊ ကျောင်းက ဆရာမတွေနဲ့ ကလေးနဲ့ အနီးကပ်ရှိတယ်ဆိုတဲ့ ဆရာမနှင်းနုတို့ကို လာရောက်ထွက်ဆိုခဲ့ပြီးပြီ ဖြစ်ပါတယ်။
ဆရာမနှင်းနုက တရားရုံးမှာ ဒီကနေ့ ထွက်ဆိုရာမှာတော့ ကိုအောင်ကြီးက ကျောင်းကို ရောက်လာချိန်ကနေ ပြန်ချိန်အထိ ကလေးတွေ ရှိရာကို မလာဘူးလို့ ထွက်ဆိုခဲ့ပါတယ်။
ဒါ့အပြင် ကိုအောင်ကြီးရဲ့ ရှေ့နေ တစ်ဦး ဖြစ်တဲ့ ဒေါ်စုဒါလီအောင်ကတော့ တရားရုံးမှာ သက်သေထွက်ဆိုသူတွေထဲက တစ်ဦးတစ်ယောက်ကမှ ကိုအောင်ကြီး ကျူးလွန်တယ်လို့ မဖြေခဲ့တဲ့အကြောင်း ပြောပါတယ်။
ပြန်လွတ်လာတဲ့ ကိုအောင်ကြီး ဘာပြောလဲ
"ကလေးလေးလည်း အမှန်တရားကို ပေါ်ပါစေလို့ ဆုတောင်းပေးပါတယ်"
"ကျေးဇူးတင်ရမယ့်သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်"
"ကျွန်တော် တကယ်ကို ကလေးလေးအပေါ် မကျူးလွန်ခဲ့ပါဘူး။ သေတဲ့အထိ ကျွန်တော့်ရဲ့ မှန်သော သစ္စာ စကားပါပဲ"လို့ ပြော ကိုအောင်ကြီးက ပြောပါတယ်။
စီစီတီဗီ ဟာ့ဒ်ဒစ် စစ်ဆေးချက်
ဒီအမှုမှာ တရားရုံးကို သက်သေ အဖြစ်တင်သွင်းထားတဲ့ စီစီတီဗီ Hard disk ဟာ မူရင်း ဟုတ်မဟုတ် အတည်ပြုမပေးနိုင်ဘူးလို့ တရားရုံးထွက်ဆိုချက်အရ သိရပါတယ်။
တရားရုံးမှာ တင်ထားတဲ့ အဲဒီ Hard disk က အခင်း ဖြစ်ပွားစဉ်ကာလက တပ်ဆင်အသုံးပြုခဲ့တဲ့ DVR (Digital Video Recorder) ရဲ့ ဟာ့ဒ်ဒစ် ဖြစ်လားဆိုတဲ့ မေးခွန်း ကို နည်းပညာ ရှုထောင့် နဲ့ စစ်ဆေးတွေ့ရှိချက် အရ အတည်ပြု မပေးနိုင်ပါ၊ မှန်သည်ဟု မပြောနိုင်ပါလို့ နည်းပညာ အရ စစ်ဆေးရာမှာ ပါဝင်ခဲ့သူ အဖွဲ့ခေါင်းဆောင် ကွန်ပျူတာ ပညာရှင်အသင်းက ဦးထွန်းခိုင်က ဒီကနေ့ ၁၃ ကြိမ်မြောက် ရုံးချိန်းမှာ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။
ကျောင်းက သက်သေခံ ပစ္စည်း အဖြစ် စီစီတီဗီရဲ့ Hard Disk အဖြစ် တင်တဲ့ ကွန်ပျူတာ system ပုံးထဲက အချက်အလက်တွေ ပျောက်ဆုံးနေတာနဲ့ ပတ်သက်ပြီး လူ ၄ ယောက်က ဒီဇင်ဘာ ၁၇ ရက်မှာ စစ်ဆေးမယ်လို့ ဥပဒေ အရာရှိက မီဒီယာတွေကို ပြောထားပါတယ်။
အဲဒီစစ်ဆေးတွေ့ရှိမှုကို အခု တရားရုံးမှာ အဖွဲ့ခေါင်းဆောင်က ထွက်ဆိုတာ ဖြစ်ပါတယ်။
ဒီလို စစ်ဆေးတာမှာ ပါဝင်မယ့်သူတွေက စီစီတီဗီနဲ့ ပတ်သက်ပြီးကျွမ်းကျင်တဲ့ ရဲမှူး၊ အရင် တရားရုံးချိန်းမှာ လာရောက် စစ်ဆေးပေးတဲ့ ကွန်ပျူတာ ပညာရှင်၊ မြန်မာ ကွန်ပျူတာ ပညာရှင်အသင်းက တစ်ယောက် နဲ့ ရန်ကုန်က စီစီတီဗီကုမ္ပဏီက လူတစ်ဦးတို့ ဖြစ်တယ်လို့ ဥပဒေ အရာရှိက ပြောထားပါတယ်။