ကိုရိုနာဗိုင်းရပ်စ် - သေဆုံးသူ အရေအတွက် တိုးလာ၊ တရုတ်ပြည် ဒေသအနှံ့ကို ပျံ့နှံ့

ဒီဗိုင်းရပ်စ်ဟာ ကျယ်ကျယ်ပြန့်ပြန့် ကူးစက် ပျံ့နှံ့နိုင်တဲ့ အလားအလာ ရှိတယ်လို့ WHOက သတိပေးထား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒီဗိုင်းရပ်စ်ဟာ ကျယ်ကျယ်ပြန့်ပြန့် ကူးစက် ပျံ့နှံ့နိုင်တဲ့ အလားအလာ ရှိတယ်လို့ WHOက သတိပေးထား

ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးသူအရေအတွက် ၁၇၀အထိရောက်ရှိနေပြီး တိဘက်အပါအဝင် တရုတ်ပြည်မကြီးရဲ့ ဒေသအားလုံးကို ပျံ့သွားပြီးလို့ တရုတ်အစိုးရကအတည်ပြုလိုက်ပါတယ်။

ဇန်နဝါရီ ၂၉ ရက်နေ့အထိ ကူးစက်ခံရသူက ၇၇၀၀ ကျော်အထိရှိသွားပြီလို့ တရုတ်ကျန်းမာရေးအာဏာပိုင် အဖွဲ့က အတည်ပြုပါတယ်။ အနည်းဆုံး အခြား နိုင်ငံပေါင်း ၁၉ နိုင်ငံကိုလည်း ကူးစက်သွားပါပြီ။

ကိုရိုနာဗိုင်းရပ်ကူးစက်မှုက ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေ အဖြစ် သတ်မှတ် နိုင်မလား ဆိုတာကို ဇန်နဝါရီလ ၃၀ ရက် (ဒီနေ့) မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တွေ့ဆုံ ဆွေးနွေး ဆုံးဖြတ်ချက် ချမှာ ဖြစ်ပါတယ်။

"အခုရက်ပိုင်းအတွင်းမှာပဲ ဗိုင်းရပ်ကူးစက်မှု ပျံနှံ့ခဲ့တယ်၊ အထူးသဖြင့် အခြားနိုင်ငံတွေမှာ လူလူချင်း ကူးစက်နိုင်တဲ့ အနေအထားလို ဖြစ်ခဲ့တယ်၊ ဒီအတွက်လည်း စိုးရိမ်နေရတယ်" လို့ ဂျပန်၊ ဗီယက်နမ်နဲ့ ဂျာမနီက ကူးစက်မှုတွေကို ထောက်ပြညွှန်းဆိုကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ညွှန်ကြားရေး မှူးချုပ်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ဗီဒီယို ပုံစာ, တရုတ်မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု ၂ဆ တိုး

တရုတ်နိုင်ငံ အပြင်ဘက်က ကူးစက်ခံရတဲ့ အရေအတွက်ကတော့ နည်းပါတယ်။ နောက်ပြီး အများအပြား ကူးစက်ပျံ့နှံ့မှုကိုလည်း ထိန်းထားနိုင်ကြပါတယ်။

ကိုရိုနာအတွက် ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးဒါမှမဟုတ် ကုသနိုင်မှုတော့မရှိသေးပါဘူး။ သြစတြေးလျနိုင်ငံ သိပ္ပံပညာရှင်တွေကတော့ ဗိုင်းရပ်ရဲ့ ပုံတူကို ဖန်တီးနိုင်ခဲ့ပါပြီ။ အဲဒီကနေတဆင့် ဗိုင်းရပ်ကို တိုက်ထုတ်နိုင်မယ့် အခြေအနေတွေကို ထပ်မံစမ်းသပ်နိုင်မယ်လို့လည်း မျှော်လင့်ထားကြပါတယ်။

ဗိုင်းရပ်စတင်ခဲ့တဲ့ ဝူဟန်မှာတော့ လူဦးရေ ၁၁သန်း ရှိပါတယ်။ အဲဒီမှာပဲ နိုင်ငံတကာက လာကြတဲ့ ခရီးသွားတွေ၊ တက္ကသိုလ်တွေမှာ ကျောင်းတက်နေတဲ့ ကျောင်းသားတွေလည်းရှိနေပါတယ်။ မြန်မာ ကျောင်းသား ၆၃ ယောက် လည်း ကျန်နေပါတယ်။

ဝူဟန်မှာ ပိတ်မိနေတဲ့ အမေရိကန်၊ ဂျပန် နိုင်ငံသားတွေကိုတော့ သူတို့နိုင်ငံအစီအစဉ်တွေနဲ့ မနေ့ကပဲ ပြန်ကယ်ထုတ်လိုက်ကြပါတယ်။

ဗီဒီယို ပုံစာ, ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဖို့ တရုတ်ပိုကြိုးစာလာ

မြန်မာနိုင်ငံသား ၆၃ယောက်ကိုတော့ အထူးလေယာဉ်နဲ့ပြန်ခေါ်မယ်လို့ မြန်မာအစိုးရက ဇန်နဝါရီ ၃၀ရက် မနက်ပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။ အထူးလေယာဉ်နဲ့ ပြန်ခေါ်ဖို့အတွက် ဘေဂျင်းက မြန်မာသံရုံးက အစိုးရစီကို တင်ပြတာကြောင့် တင်ပြပြီး နောက်တရက်မှာပဲ ပြန်ခေါ်မယ်လို့ ထုတ်ပြန်ခဲ့တာပါ။

ကျောင်းသားတွေကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူပြီးပါကလည်း Corona Virus ကူးစက်မှုရှိ/မရှိ လိုအပ်တဲ့ ကျန်းမာရေးစောင့်ကြပ် စစ်ဆေးမှုတွေကို စနစ်တကျပြုလုပ်သွားဖို့လည်း စီစဉ်ထားပြီဖြစ်တယ်လို့သိရပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့ကို ပညာတော်သင်ရောက်နေတဲ့ မြန်မာကျောင်းသားကျောင်းသူအချို့ကတော့ သူတို့ကို ပြန်လည်ခေါ်ယူမယ့် အစီအစဉ်ကို ဇန်နဝါရီ ၂၉ရက်နေ့အထိမသိရသေးတဲ့အတွက် ဒီကြားထဲမှာ စားနပ်ရိက္ခာပြတ်တောက်မှာစိုးရိမ်နေကြတယ်လို့လည်း ပြောဆိုထားကြပါတယ်။

ကူးစက်မှုတွေကြောင့် ဝူဟန်မြို့ဟာ လူသူကင်းမဲ့ပြီး ခြောက်ကပ်နေတဲ့ အနေအထားကိုရောက်နေပါတယ်။

ဗီဒီယို ပုံစာ, ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် မြို့ကြီးတချို့မှာ အဝင်အထွက်တွေ ပိတ်ထား

ကယ်ဆယ်ရေးတွေကလွဲပြီး ဝူဟန်မြို့မှာ အပြင်ထွက်ကြတဲ့သူတွေက ရှားပါးပါတယ်။ ဝူဟန်အပြင်ကို ဘယ်သူမှထွက်ခွာခွင့်မရသလို၊ နိုင်ငံခြားသားတွေကို ပြန်ခေါ်တဲ့ ခရီးစဉ်တွေကလွဲရင် ဝူဟန်အတွင်းကို လည်း ဝင်ခွင့်မပြုထားပါဘူး။

နိုင်ငံပေါင်း ၁၆နိုင်ငံအထိက ပျံ့နှံ့နေပေမယ့် တရုတ်နိုင်ငံနဲ့ မိုင်ပေါင်း ရာချီနယ်စပ်ခြင်းထိစပ်နေတဲ့ မြန်မာနိုင်ငံမှာတော့ ကူးစက်မှုမရှိသေးဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန် အတည်ပြုထားပါတယ်။

ကူးစက်မှုတွေရှိလာရင်လည်း ကာကွယ်တားဆီးနိုင်ရေးနဲ့ ကုသရေးအတွက် လုပ်ဆောင်ဖို့ နိုင်ငံတကာ အဆင်မီ ပြင်ဆင်ထားပြီးသားလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောထား ပါတယ်။

ဗုဒ္ဓဟူးနေ့က ဝူဟန် ရောက် သူ့ နိုင်ငံသားတွေကို ဂျပန်က ကယ်ထုတ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဗုဒ္ဓဟူးနေ့က ဝူဟန် ရောက် သူ့ နိုင်ငံသားတွေကို ဂျပန်က ကယ်ထုတ်ခဲ့