ပလက်ဝမှာ လုံခြုံရေးကြောင့် ကျောင်းဆရာ၊ဆရာမတွေ ပြောင်းရွှေ့ခွင့်တင်တာ ရာနဲ့ချီရှိနေ

၂၀၁၉ မှာ လုံး၀ ပိတ်ထားရတဲ့ ကျောင်းတွေ ရှိလာ

ဓာတ်ပုံ ရင်းမြစ်, Kyaw Aungkhumi

ဓာတ်ပုံ ပုံစာ, ၂၀၁၉ မှာ လုံး၀ ပိတ်ထားရတဲ့ ကျောင်းတွေ ရှိလာ

ပလက်ဝမြို့နယ်ထဲမှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတာကြောင့် တစ်ချို့ကျောင်းတွေမှာ ကျောင်းဆရာ ဆရာမတွေ မလာရောက်တာတွေ ရှိသလို တခြားဒေသက လာပြီး တာဝန်ကျနေတဲ့ ဆရာဆရာမတွေ လည်း နယ်မြေမလုံခြုံမှုကြောင့် ပြောင်းရွှေ့ခွင့်စာတွေ တင်လာကြတယ်လို့ ပလက်ဝမြို့နယ် ပညာရေးမှူး ဆလိုင်းအောင်မင်းက ဘီဘီစီကို ပြောပါတယ်။

အခု လျှောက်လွှာတင်သူတွေကတော့ ပလက်ဝမှာ အနည်းဆုံး တစ်နှစ်တာဝန်ထမ်းဆောင်ပြီးတဲ့ ဆရာ ဆရာမတွေဖြစ်ပြီး လာတင်ထားတဲ့ လျှောက်လွှာ ခန့်မှန်းချေ တစ်ရာကျော်လောက်ရှိတယ်လို့ ပလက်၀ ပညာရေးမှူးက ဆိုပါတယ်။

' ' တိုက်ပွဲဖြစ်တဲ့အချိန်မှာသွားလို့မရတာတို့ ။ပြောမယ်ဆိုရင် ကြောက်တာလည်းပါတယ်ပေါ့ လေ။ ကျောင်းအုပ်ဆရာတစ်ယောက်ရက်ရက်စက်စက်သတ်တာတွေ့ရပြီးနောက်မှာ ဆရာ၊ဆရာမ တွေကအများ အားဖြင့် လန့်ကြတယ်။ မသွားရဲမလာရဲဖြစ်နေကြတယ်။''လို့ ပလက်ဝပညာရေးမှူးကပြောပါတယ်။

ပလက်ဝမြို့နယ်ထဲက ရွာတစ်ချို့မှာ ဖုန်းလိုင်းအဆက်အသွယ်မကောင်းတဲ့အပြင် တိုက်ပွဲတွေကလည်း ပိုပြင်းထန်လာပြီးတော့ ကျေးရွာတော်တော်များများဟာ စစ်ဘေးရှောင်နေရတာကြောင့် ဆရာ ဆရာမ တစ်ချို့က တာဝန်ကျရာ ဒေသတွေကို သွားဖို့ကို ငြင်းဆန်လာတာတွေရှိတယ်လို့ ပလက်ဝဒေသ ခံ ကျောင်းဆရာ တစ်ဦးဖြစ်တဲ့ ဆရာအောင်လင်းဟွေ့က ပြောပါတယ်။

ပလက်ဝမြို့နယ်ထဲမှာ စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်သွားရတဲ့ ရွာတွေ (၁၀ )ရွာမက ရှိနေပြီး အဲဒီရွာတွေက ကျောင်းတွေကတော့ လုံး၀ ပိတ်ထားရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆရာ အောင်လင်းဟွေ့ ဒေသရဲ့ ပညာရေးအခြေအနေကို ပြောပြပါတယ်။

' ' ဆီတောင်ရယ် ခမောင်းဝရယ်ဆိုမဖွင့်တော့ဘူး။ ရွာတွေကလည်းမရှိတော့ဘူး။ ကျောင်းတွေကလည်း ဖွင့်လိုက်ပိတ်လိုက်နဲ့ဆိုတော့ စာသင်ရတာလည်း စိတ်အနှောင့်အယှက်ဖြစ်တာပေါ့။ ကလေးတွေ ကိုယ်တိုင်တောင်မှ ။ စိတ်ပါလက်ပါလည်းသင်ယူလို့မရဘူးဖြစ်နေတာပေါ့''လို့ ဆရာအောင်လင်း ဟွေ့က ပြောပြပါတယ်။

ပလက်ဝမြို့နယ်မှာ မူလတန်း အလယ်တန်း အထက်တန်း ကျောင်းပေါင်း ၃၈၄ ကျောင်းရှိပြီး ၂၀၁၉ မှာ လုံး၀ ပိတ်ထားရတဲ့ ကျောင်းတွေအထိ ရှိခဲ့တယ်လို့ ဒေသခံကျောင်းဆရာတွေက ပြောပါတယ်။

ဒီလို ပိတ်ထားရတဲ့ ကျောင်းတွေနေရာမှာ ဒေသခံ လုပ်အားပေး ကျောင်းဆရာ ဆရာမတွေကို အစားထိုး ခန့်အပ်ထားပြီဖြစ်ပေမယ့် သင်တန်းမရသေးတဲ့ ဝန်ထမ်းတွေဖြစ်တာကြောင့် ဒေသရဲ့ ပညာရေးမှာ ထိထိရောက်ရောက် မသင်နိုင်သေးတာကြောင့် အားနည်းချက်တွေရှိနေတယ်လို့ ပလက်၀ မြို့နယ် ပညာရေးမှူးက ဘီဘီစီကို ပြောပါတယ်။

ဒီလပိုင်းထဲမှာပဲ ပလက်ဝမြို့နယ်အတွင်းဆီးဖလောင်းကျေးရွာမှာနေထိုင်တဲ့ ကျောင်းဆရာ ဦးအောဗေလ ဟာ လက်နက်ကိုင်ဆောင်ထားသူအချို့ရဲ့ခေါ်ဆောင်မှုကိုခံရပြီးနောက် တောထဲမှာ သေဆုံးလျှက်ပြန် တွေ့ခဲ့ရပါတယ်။