NLD မြို့နယ် ဥက္ကဋ္ဌ ကို ဆက်လက် ထိန်းသိမ်းထားမယ်လို့ အေအေ ပြော

ရခိုင်မြောက်ပိုင်းမှာ စစ်ရေးနဲ့မသက်ဆိုင်သူတွေ ဖမ်းဆီးခံရမှုတွေ မြင့်တက်နေ

ဓာတ်ပုံ ရင်းမြစ်, KHINE HTOO MRAT/AFP via Getty Images

ဓာတ်ပုံ ပုံစာ, ရခိုင်မြောက်ပိုင်းမှာ စစ်ရေးနဲ့မသက်ဆိုင်သူတွေ ဖမ်းဆီးခံရမှုတွေ မြင့်တက်နေ

ရက္ခိုင့်တပ်တော် အေအေကနေ ဖမ်းဆီးထားတဲ့ ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဦးရဲသိန်းကို ပြန်လည်လွှတ်ပေးဖို့ NLD တောင်းဆိုထားပေမယ့် အေအေ ဘက်ကတော့ ဆက်လက် ထိန်းသိမ်းထားမယ်လို့ ပြောပါတယ်။

အေအေဘက်ကတော့ ဦးရဲသိန်းကို ဖမ်းဆီးထိန်းသိမ်းထားတာဟုတ်မှန်ကြောင်းနဲ့ စစ်ဆေးစရာတွေရှိနေတဲ့အတွက် ထိန်းသိမ်းခဲ့တာဖြစ်ပြီး ပြန်လည်လွှတ်ပေးဖို့ မရှိသေးဘူးလို့ အေအေ ပြောခွင့်ရသူ ခိုင်သုက ဘီဘီစီကို ပြောဆိုပါတယ်။

"NLD ရဲ့ ဘူးသီးတောင်ဥက္ကဋ္ဌ ဦးရဲသိန်းကို ကျွန်တော်တို့က စစ်ဆေးစရာတွေရှိတဲ့အတွက်ကြောင့်မို့လို့ ထိန်းသိမ်းထားတာဖြစ်တယ်၊ လောလောဆယ်မှာတော့ ဆက်လက်ပြီးတော့ ထိန်းသိမ်းထားဖို့ရှိတယ်" လို့ ခိုင်သုခက ပြောပါတယ်။

NLD အနေနဲ့ ပါတီဝင်တွေဖမ်းဆီးထိန်းသိမ်းခံရတဲ့ ကိစ္စမှာ စစ်ရေးနဲ့မသက်ဆိုင်သူတွေကို ဖမ်းဆီးခံနေရတယ်လို့ ပြောဆိုနေမှုအပေါ်မှာလည်း အေအေအနေနဲ့ လက်ခံနိုင်စရာအကြောင်းမရှိဘူးလို့ သူက ဆိုပါတယ်။

ဦးရဲသိန်းဟာ NLD ပါတီဝင်ထဲက ဒုတိယ မြောက် အေအေ ရဲ့ ဖမ်းဆီးခြင်း ခံရသူဖြစ်

ဓာတ်ပုံ ရင်းမြစ်, Ye Thein / Facebook

ဓာတ်ပုံ ပုံစာ, ဦးရဲသိန်းဟာ NLD ပါတီဝင်ထဲက ဒုတိယ မြောက် အေအေ ရဲ့ ဖမ်းဆီးခြင်း ခံရသူဖြစ်

NLD ပါတီဘက်ကတော့ ဦးရဲသိန်းကို ပြန်လွှတ်ပေးဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်က ကြေညာချက် တစ်စောင်ထုတ်ပြန် တောင်းဆိုထားပါတယ်။

အဲ့ဒီကြေညာချက်မှာ ဦးရဲသိန်းဟာ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ တစ်ဦးအနေနဲ့ ပါတီလုပ်ငန်းစဉ်တွေကို ရိုးရိုးသားသားဆောင်ရွက်နေသူူဖြစ်သည့်အတွက် အေအေအဖွဲ့အနေနဲ့ ထိန်းသိမ်းထားရာကနေ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ် မြို့က အိုင်စီဂျေ တရားရုံးမှာ မြန်မာကို ဂမ်ဘီယာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ဂျီနိုဆိုက် ကွန်ဗင်းရှင်း ချိုးဖောက်တယ်ဆိုပြီး တရားစွဲထားမှု အတွက် ပြီးခဲ့တဲ့ သီတင်းပတ်က ၃ ရက်တာ ကြားနာမှုပြုလုပ်ခဲ့ရာမှာ မြန်မာနိုင်ငံဘက်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး သွားရောက် ဖြေရှင်း လျှောက်လဲ ခဲ့တာအပေါ် လူထု ထောက်ခံပွဲပြုလုပ်ဖို့ လူထုစည်းရုံးရေးအတွက် နယ်ဘက်ကိုသွားရောက်နေတဲ့အချိန်မှာ ဦးရဲသိန်းဟာ အဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

ပါတီရဲ့ မြို့နယ်ဥက္ကဋ္ဌ ဖြစ်တဲ့အတွက် ပါတီအနေနဲ့ လုပ်ဆောင်ရမယ့် တာဝန်တစ်ရပ်အနေနဲ့ သူ့ကိုပြန်လည်လွှတ်ပေးဖို့ ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရခိုင်ပြည်နယ် ဒုတိယ ဥက္ကဋ္ဌ ဦးစိုးလေးက ဘီဘီစီကိုပြောပါတယ်။

"ကျွန်တော်တို့တာဝန်ရလုပ်ရတာပေါ့၊ ကိုရဲသိန်းက အဖွဲ့ချုပ်ရဲ့ ပြည်နယ်ထဲက မြို့နယ်တစ်မြို့ရဲ့ ဥက္ကဋ္ဌ ဖြစ်နေတာပေါ့၊ ဒါကြောင့်မို့လို့ ဦးရဲသိန်းကိုပြန်လွှတ်ပေးပါဆိုပြီးတော့ ပါတီတာဝန်အရထုတ်ပြန်တာဖြစ်ပါတယ်၊ အဆက်အသွယ်တော့မရဘူး။ ကိုရဲသိန်းရဲ့မိသားစုကို နှစ်သိမ့် ပေးဖို့အတွက် ကိုယ့်လူတွေကိုတော့ ပြောထားတယ်။ ကျွန်တော်တို့ကတော့ ဘာမှမဆက်သွယ်ဘူး၊ စီအီးစီဆိုတာရှိသေးတယ်၊ အေအေဘက်ကို ဆက်သွယ်ဖို့ ဘာဖို့ညာဖို့ဆိုတာက ကျွန်တော်တို့မှာကတော့ အစီအစဉ်မရှိပါဘူး" လို့ ဦးစိုးလေးက ပြောပါတယ်။

ဦးရဲသိန်းဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထောက်ခံပွဲလုပ်ဖို့အတွက် စည်းရုံးနေတဲ့အချိန်မှာ ဖမ်းဆီးခံလိုက်ရတာနဲ့ ပတ်သက်လို့ ဘီဘီစီက မေးမြန်းရာမှာတော့ အဲ့ဒီထောက်ခံပွဲလုပ်ဖို့အတွက် ပါတီအနေနဲ့ ညွှန်ကြားထားတာလည်းမရှိကြောင်းနဲ့ မြို့နယ်ပါတီဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ နိုင်ငံရေးအရ လုပ်သင့်တာကို လုပ်တာသာဖြစ်တယ်လို့ ဆိုပါတယ်။

NLD ပါတီအနေနဲ့ ဦးရဲသိန်းစတင်ဖမ်းဆီးခံလိုက်ရတဲ့အချိန်ကနေ သူနဲ့ပတ်သက်လို့ သတင်းအချက်အလက်ရရှိရေး၊ အဆက်အသွယ်ရရှိရေးတွေကို ကြိုးစားဆောင်ရွက်နေတယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက လည်း ပြောပါတယ်။။

"ဦးရဲသိန်းနဲ့ပတ်သက်လို့တော့ ကျွန်တော်တို့ ပြည်နယ်အစိုးရအနေနဲ့တော့ သေသေချာချာ လေ့လာနေတယ်။ အချက်အလက်တွေစုဆောင်းနေတယ်။ နောက်တစ်ခုက ပါတီအနေနဲ့လည်းပဲ အဖွဲ့ချုပ်က တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေလည်း ပြောနေတာလည်းရှိပါတယ်" လို့ ဦးညီပုက ဘီဘီစီကို ပြောပါတယ်။

ရခိုင်မြောက်ပိုင်းက တိုက်ပွဲအတွင်းမှာ အရပ်သား ထိခိုက်မှုတွေလည်း တိုးလာနေ

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဓာတ်ပုံ ပုံစာ, ရခိုင်မြောက်ပိုင်းက တိုက်ပွဲအတွင်းမှာ အရပ်သား ထိခိုက်မှုတွေလည်း တိုးလာနေ

လက်ရှိရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ စစ်ရေးနဲ့မသက်ဆိုင်တဲ့ အရပ်သားတွေ၊ ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ ထိခိုက်သေဆုံးနေကြရပြီး ဒီအပေါ်မှာ လက်ရှိ NLD အစိုးရအနေနဲ့ ထိထိရောက်ရောက် ဟန့်တား ကာကွယ်ပေးခြင်း မရှိတာက ရခိုင်ပြည်နယ်က အဖြစ်အပျက်တွေကို လိုလားထောက်ခံပေးနေတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး သက်ရောက်နေတယ်လို့ အေအေ ပြောခွင့်ရ ခိုင်သုခ က ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ မောင်တောပြဿနာမှာ လူတွေအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံလိုက်ရမှုနဲ့ပတ်သက်လို့ ဂမ်ဘီယာနိုင်ငံက ICJ မှာ တရားစွဲဆိုတဲ့အပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သွားရောက်ဖြေရှင်းနေတာဟာ စစ်ရာဇဝတ်ကျူးလွန်သူတွေကို နိုင်ငံတကာမှာ သွားရောက်အကာအကွယ်ပေးနေတာ ဖြစ်တယ်လို့ အေအေဘက်က ပြောပါတယ်။

ရခိုင်ပြည်သူတွေရဲ့ထောက်ခံမှုကိုရရှိထားတဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ဒေါက်တာအေးမောင်နဲ့ ရခိုင်ဒေသခံတွေကို တပ်မတော်နဲ့ NLD အစိုးရဘက်က ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးထောင်ချနေတာတွေကိုလည်း အေအေ ဘက်က ထောက်ပြ ပြီး လူမျိုးရေးအရ ဖိနှိပ်မှု အသွင်ဆောင်တယ်လို့ မြင်ကြောင်း အေအေဘက်က ပြောပါတယ်။

NLD ပါတီရဲ့ ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို လွန်ခဲ့တဲ့လပိုင်းအတွင်းက အေအေကနေ ဖမ်းဆီးထားရှိပြီး အခု ဦးရဲသိန်းကိုဖမ်းဆီးလိုက်တာဟာ NLD ပါတီဝင်ထဲက ဒုတိယအကြိမ်ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။ အခုလို အာဏာရပါတီဝင်တွေကို ဖမ်းဆီးထိန်းသိမ်းခြင်းတွေ ဆက်လက်လုပ်ဆောင်နေတာဟာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့ အစိုးရ အပေါ် အေအေဘက်က ဖိအားပေးမှု ပုံစံ တစ်မျိုး ဖြစ်နိုင်တယ်လို့လည်း ရခိုင်ပြည်နယ်က ရခိုင် နိုင်ငံရေး သမားတချို့က သုံးသပ်ကြပါတယ်။

ဗီဒီယို ပုံစာ, ရက္ခိုင့်တပ်မတော် အေအေ စစ်ဦးစီးချုပ် နဲ့ ဘီဘီစီ တွေ့ဆုံမေးမြန်းခန်း