NLD အမတ်ဦးဝှေ့တင်းပြန်လွတ်ရေးအဆို လွှတ်တော်မှာ တင်တာလမ်းကြောင်းလွဲနေသလား

NLအမတ်ဦးဝှေ့တင်း

ဓာတ်ပုံ ရင်းမြစ်, ပြည်ထောင်စုလွှတ်တော် FB

ဓာတ်ပုံ ပုံစာ, ချင်းတိုင်းရင်းသား လွှတ်တော် အမတ်ကို အေအေ ရခိုင် လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးတာဟာ ၁၅ ရက်ခန့် ရှိလာပြီ

ရခိုင်လက်နက်ကိုင် အဖွဲ့ အေအေက ဖမ်းဆီးထားတဲ့ NLD ပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း လွတ်မြောက်ရေးအတွက် အရေးကြီးအဆိုကို တပ်မတော်သား ကိုယ်စားလှယ်တွေဆွေးနွေးဖို့ စာရင်းပေးထားပေမယ့် မဲခွဲဆုံးဖြတ်တဲ့ နိုဝင်ဘာ ၁၈ ရက်၊ တနင်္လာနေ့ မှာတော့ ဝင်ရောက် မဆွေးနွေးပဲ ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာလှမိုးတင်သွင်းခဲ့တဲ့ အဲဒီအရေးကြီးအဆိုကို မူလက တပ်မတော်သားကိုယ်စားလှယ် ၁၃ ဦး ပါဝင်ဆွေးနွေးဖို့ စာရင်းပေးထားခဲ့တာဖြစ်ပါတယ်။ စုစုပေါင်းကိုယ်စားလှယ် ၂၈ ဦးဆွေးနွေးဖို့ ပါရှိပေမယ့် ဒီကနေ့ ၈ ဦးသာ ဆွေးနွေးခဲ့တာပါ။

တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်ကတော့ အဲဒီလိုရုပ်သိမ်းတာဟာ ဘာကြောင့်လဲဆိုတာ သူမသိတဲ့အကြောင်း လွှတ်တော်အပြီးမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒါ့အပြင် အရေးကြီးအဆိုကို ဆွေးနွေးအပြီး လွှတ်တော်မှာမဲခွဲဆုံးဖြတ်ရာမှာ မဲပေးခွင့်ရှိသူ ၅၇၆ ဦးမှာ ၃၇၆ ဦးမဲပေးပြီး ကန့်ကွက်မဲ ၇ မဲ၊ ကြားနေ ၃ မဲ၊ မဲမပေးသူ ၁၉၀ ဦးရှိခဲ့ပါတယ်။

ဒေါ်ထုမေ

ဓာတ်ပုံ ရင်းမြစ်, ပြည်ထောင်စုလွှတ်တော်

ဓာတ်ပုံ ပုံစာ, ခွဲခြားအကာကွယ်မပေးသင့်လို့ဆွေးနွေးသူတွေထဲက တစ်ဦးဖြစ်သူ ရခိုင်အမတ်ဒေါ်ထုမေ

ဘယ်သူတွေဆွေးနွေးကြလဲ

လွှတ်တော်ကိုယ်စားလှယ် ၈ဦး ဆွေးနွေးကြတဲ့နေရာမှာ ရခိုင်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးပါပါတယ်။ ဒီအဆိုကိုမူလစာရင်းပေးထားတဲ့ တပ်မတော်သားကိုယ်စားလှယ် ၁၃ ဦး မပါဝင်သလို အချို့ NLD ပါတီက စာရင်းပေးထားသူတွေလည်း မဆွေးနွှေးကြပါဘူး။

မတရားဖမ်းဆီးခံရမှုမှာ လွှတ်တော်အမတ်နဲ့ ပြည်သူဆိုပြီး ခွဲခြား အကာကွယ်မပေးသင့်ဘူး ဆိုပြီး ဆွေးနွေးသူတွေထဲက တစ်ဦးဖြစ်သူ ရခိုင်အမတ် ဒေါ်ထုမေက လွှတ်တော်ထဲမှာ ပြောသွားပါတယ်။

ရခိုင်ပြည်နယ်မှာ အပြစ်မဲ့ပြည်သူတွေကို မခိုင်လုံတဲ့ သံသယတွေနဲ့ ဖမ်းဆီး ထိန်းသိမ်း ညှဉ်းပန်း နှိပ်စက် သေစေမှုတွေအပေါ် လွှတ်တော်က ပြည်သူဘက်ကနေ မားမားမတ်မတ် ရပ်တည်အကာအကွယ် ပေးသင့်တယ် ဆိုပြီးတော့လည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက သူ့အဆိုမှာ ထောက်ပြသွားပါတယ်။

ဦးဝှေ့တင်း ဖမ်းဆီးခံရတဲ့အပေါ် များစွာ စိတ်မကောင်း ဖြစ်ရပေမယ့်၊ ရခိုင်ပြည်တွင်းက အပြစ်မဲ့အရပ်သားတွေ ဖမ်းဆီးခံနေရမှုအပေါ်မှာ အထူးစိတ်မကောင်းဖြစ်ရတယ်လို့ ရသေ့တောင်မဲဆန္ဒနယ်မှ လွှတ်တော်အမတ် ဒေါ်ခင်စောဝေကလည်း ပါဝင်ဆွေးနွေးခဲ့ပါတယ်။

ဦးသောင်းအေး

ဓာတ်ပုံ ရင်းမြစ်, ပြည်ထောင်စုလွှတ်တော်

ဓာတ်ပုံ ပုံစာ, နိုင်ငံရေးဟန်ပန်သက်သက်သာ ဖြစ်နိုင်ကြောင်း ပြည်ခိုင်ဖြိုးအမတ် ဦးသောင်းအေးဆွေးနွေး

တပ်ကိုယ်စားလှယ်တွေမပါတာ ဘာကြောင့်လဲ

ဒီအဆိုဟာ ရည်ရွှယ်ချက်ကောင်းပေမဲ့ အဆိုမှာ တိုက်တွန်းတဲ့ အကြောင်းအရာက နည်းနည်း လွဲနေတာကြောင့် တပ်ကိုယ်စားလှယ်တွေ ဆွေးနွေးတဲ့နေရာမှာ မပါတာဖြစ်နိုင်တယ်လို့လည်း ရှမ်းတိုင်းရင်းသားဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော်ကိုယ်းစားလှယ် စိုင်းသီဟကျော် ကပြောပါတယ် ။

"အဆိုမှာ တိုက်တွန်းတာ က အစိုးရကို တိုက်တွန်းတာလား၊ တပ်မတော်ကို တိုက်တွန်းတာလား၊ ဥပဒေဘောင်ထဲမှာ ရှိတဲ့အဖွဲ့စည်းတစ်ခုကို အမြန်ဆုံးလွတ်လာအောင် တိုက်တွန်းရမှာ၊ အေအေနဲ့အဆက် အသွယ် ရှိတဲ့ အစုအဖွဲ့တစ်ခု ဥပမာ NRPC လို အဖွဲ့မျိုးကို တိုက်တွန်းရမှာ" လို့ သူကပြောပါတယ်။

အခုအဆိုက တစ်ဘက်အဖွဲ့စည်းဖြစ်တဲ့ အေအေကို တိုက်တွန်းသလို ဖြစ်နေလို့ တပ်ကိုယ်စားလှယ်တွေဘက်ကတော့ အေအေနဲပတ်သက်လို့ တိုက်တွန်းဖို့ မဆွေးနွေးဘူးဆိုတဲ့ သဘောမျိုးတွေ့ရတယ်လို့လည်း စိုင်းသီဟကျော်က ပြောပါတယ်။

အေအေ
ဓာတ်ပုံ ပုံစာ, ချင်းတိုင်းရင်းသား လွှတ်တော်အမတ်ဟာ စစ်တပ်ရဲ့ လက်ကိုင်တုတ် သဖွယ် လုပ်ဆောင်နေတယ်လို့ အေအေ စွပ်စွဲ

လွှတ်တော်မှာ အဆိုဘာဖြစ်သွားလဲ

အေအေကတော့ ဦးဝှေ့တင်းဟာ စစ်တပ်ကို မမှန်သတင်းတွေပေးပြီး တိုင်းရင်းသား အချင်းချင်းကြား အမုန်းတရားတွေဖြစ်ပေါ်အောင် လှုံ့ဆော်လို့ ဖမ်းဆီးထားတာ ဖြစ်တယ် ဆိုပြီး ပြောထားပါတယ်။

ဦးဝှေ့တင်းဟာ လွှတ်တော်အစည်းအဝေး တက်ရောက်ဖို့ နိုဝင်ဘာ ၃ ရက်မှာ ပလက်ဝကနေ နေပြည်တော်ကို အလာ လမ်းမှာ အေအေအဖွဲ့ရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး သူ့ကိုပြန်လွှတ်ပေးဖို့ သူ့ရဲ့မိခင်ပါတီ NLD နဲ့ ချင်းအရပ်ဖက်အဖွဲ့အစည်း လေးဆယ်ကျော်က ကြေညာချက် ထုတ်ပြန် တောင်းဆို ထားပါတယ်။

ဦးဝှေ့တင်းကို အမြန်ဆုံးပြန်လွှတ်ရေး အရေးကြီးအဆိုကို နိုဝင်ဘာ၁၈ နေ့မှာ ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ အဆိုကိုအတည်ပြုလိုက်ပြီဖြစ်လို့ ဦးဝှေ့တင်းလွတ်မြောက်ရေး ကဘာဆက်ဖြစ်မလဲ ဆိုတာမေးစရာရှိလာပါတယ်။

"အခြားအဆိုတွေဆိုရင် သက်ဆိုင်ရာဝန်ကြီးဌာန က တာဝန်ရှိသူကလာပြီး ရှင်းတာ ရှိတယ်။ အခုအဆိုမှာ သူ့ကို တိုက်တွန်းတာမဟုတ်တာရယ် သူတာဝန်ခံရမယ်ကိစ္စလည်း မဟုတ်တာကြောင့် အစိုးရဘက်ကလည်း မလာဘူး။ မဲမပေးတဲ့သူကလည်း အယောက် ၂၀၀ လောက်ရှိနေတော့ လမ်းကြောင်းလွဲနေတယ်လို့ တချို့ ကမြင်နေပုံ ရတယ် "လို့ စိုင်းသီဟကျော်ကပြောပါတယ်။

လွှတ်တော်ကြော်ငြာချက်

ဓာတ်ပုံ ရင်းမြစ်, ပြည်ထောင်စုလွှတ်တော်

ဓာတ်ပုံ ပုံစာ, ပြည်ထောင်စုလွှတ်တော်ကြော်ငြာချက်

အဆို အတည်ပြုပြီးရင် ဘာဆက်ဖြစ်မလဲ

ဒီအဆိုကို အတည်ပြုလိုက်တာ ဘယ်သူမှာတာဝန်ရှိသွားလည်းမေးရင် လွှတ်တော်ကြီးမှာ ပိုပြီးတာဝန်ရှိသွားတယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ် စိုင်းသီဟကျော်ကပြောပါတယ်။

လွှတ်တော်က ဦးဝှေ့တင်းကို လွှတ်ပေးပါလို့ အဆိုတင်ပြီးတောင်းဆိုလိုက်ပေမယ့် တစ်ဘက် အဖွဲ့အစည်းက ဥပဒေပြင်ပ အဖွဲ့ အစည်းဖြစ်နေလို့ လိုက်လုပ်မလား မလုပ်ဘူးလားဆိုတာက မေးစရာဖြစ်ပါတယ်။

ဒီအဆိုလွှတ်တော် မှာ အတည်ပြုလိုက်နိုင်တာဟာ အများပြည်သူရွှေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ က ဦးဝှေ့တင်း ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ ဒီလိုရှိပါတယ်ဆိုတာကို ဖော်ထုတ်ပြသနိုင်တဲ့ အခြေအနေလောက်ပဲ ဖြစ်သွားတယ်။

အရေးယူပြီး ဆောင်ရွှက်နိုင်မယ့်အပိုင်းမှာတော့ အားနည်းမယ်လို့ယူဆပါတယ် လို့ စိုင်းသီဟကျော်ကပြောပါတယ်။