ထုတ်ပြန်ချက်အတုတွေ အပေါ် အခြေခံပြီး သမ္မတရုံးက ရက္ခိုင့်တပ်တော်အပေါ် အခြေအမြစ်မရှိ စွပ်စွဲတယ်လို့ အေအေပြော

အခြေအမြစ်မရှိ စွပ်စွဲတယ်လို့ အေအေပြော

ဓာတ်ပုံ ရင်းမြစ်, SAW YAN NAING

ဓာတ်ပုံ ပုံစာ, အခြေအမြစ်မရှိ စွပ်စွဲတယ်လို့ အေအေပြော

နိုဝင်ဘာ ၁၅ ရက်နေ့က နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ သမ္မတ ရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အေအေ လက်နက်ကိုင်အဖွဲ့ရဲ့လုပ်ရပ်ဟာ ဆိုမာလီယာ ပင်လယ်ဓါးပြတွေရဲ့ လုပ်ရပ်သဘောမျိုး ဆန်ကြောင်း ပြောဆိုခဲ့ပါတယ်။

အဲဒီပြောဆိုချက်ဟာ ရက္ခိုင့်တပ်တော်အေအေကနေ ဖမ်းဆီးထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဖမ်းဆီးလိုက်ပြီး နောက်မှာ အေအေရဲ့အမှတ်တံဆိပ်ပါ ထုတ်ပြန်ချက်တွေကို အခြေခံပြီးတော့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းဟာ အိန္ဒိယနိုင်ငံသားတွေနဲ့ နိုဝင်ဘာ ၃ရက်နေ့ မနက် ၁၀ နာရီလောက်က ကုလားတန်မြစ်ကြောင်းအတွင်း စပိဘုတ်နှစ်စီးနဲ့ သွားလာနေစဉ် အေအေတပ်ဖွဲ့ရဲ့ ခေါင်ဆောင်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံသား ၅ ဦးအပါအဝင် ၉ ဦးကို နောက်နေ့မှာ ပြန်လည်လွှတ်ပေးခဲ့ပေမယ့် ဦးဝှေ့တင်းကို ဆက်လက်ဖမ်းဆီးထားခဲ့ တာဖြစ်ပါတယ်။

ဦးဝှေ့တင်းကို ဆက်လက်ဖမ်းဆီးထားခဲ့

ဓာတ်ပုံ ရင်းမြစ်, HLUTTAW

ဓာတ်ပုံ ပုံစာ, ဦးဝှေ့တင်းကို ဆက်လက်ဖမ်းဆီးထားခဲ့

ဦးဝှေ့တင်းကို ဆက်လက်ဖမ်းဆီးထားတာနဲ့ပတ်သက်လို့ ဘာကြောင့်ဖမ်းဆီးခဲ့ရတယ်၊ ဘာကြောင့် လွှတ်မပေးဘဲ ဘာတွေဆောင်ရွက်နေတယ်ဆိုတာကို ရက္ခိုင့်တပ်တော်အေအေက နိုဝင်ဘာ ၁၀ ရက်နေ့က ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာ ဦးဝှေ့တင်းနဲ့ပတ်သက်တဲ့ အေအေရဲ့ အမှတ်တံဆိပ်ပါ ထုတ်ပြန်ချက်နှစ်စောင် ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။

"အဲဒီထုတ်ပြန်ချက် အတုတွေဟာ အစိုးရနဲ့ စစ်တပ်လော်ဘီတွေကနေပြီးတော့ မဟုတ်မမှန် လုပ်ကြံဝါဒ ဖြန့်နေတယ်ဆိုတာကို ကျွန်တော်တို့ ထင်ထင်ရှားရှားတွေ့ရမှာဖြစ်တယ်။ ဆိုတော့ အခု ဦးဇော်ဌေး ကိုယ်တိုင်ကနေပြီးတော့ အဲဒီထုတ်ပြန်ချက်အတုတွေကို ကိုင်ပြီးတော့ ကျွန်တော်တို့ ရက္ခိုင့်တပ်တော် အပေါ်မှာ သွားပုတ်လေလွင့် အခြေအမြစ်မရှိ စွပ်စွဲတဲ့ ဥစ္စာကတော့ လူကြီးလူကောင်းမဆန်သလို သူတို့ရဲ့အရည်အချင်းနဲ့ စိတ်နေသဘောထားကို ကွက်ကွက်ကွင်းကွင်းဖော်ပြနေတာဖြစ်တယ်ဗျ။"လို့ ရက္ခိုင့်တပ်တော် အေအေရဲ့ ပြောခွင့်ရသူ ခိုင်သုခက ဘီဘီစီကို ပြောဆိုသွားပါတယ်။

ဦးဝှေ့တင်းဟာ မြန်မာ့တပ်မတော်ကို အေအေအကြောင်းသတင်းပေးခြင်း၊ ရခိုင်ဒေသတွင်း ရင်းနှီးမြုပ်နှံမှု တွေကို ရက္ခိုင့်တပ်တော်အေအေအား အသိမပေးဘဲ ပြုလုပ်စေတာ၊ ရခိုင်ပြည်သူလူထုအကျိုးစီးပွားအပေါ် သစ္စာဖောက်ဖျက်တာတွေရှိခဲ့သလို ဒဏ်ကြေးငွေ ကျပ်သိန်း ၃၀၀၀ နဲ့လာရောက်ရွေးယူဖို့ အကြောင်းကြား တယ်ဆိုပြီး ရေးသားထားတဲ့ ထုတ်ပြန်ချက်ဟာ အရင်ထွက်လာခဲ့တာဖြစ်ပါတယ်။

ဒီထုတ်ပြန်ချက်တွေနဲ့ မရှေးမနှောင်းမှာဦးဝှေ့တင်းကို တပ်မတော်စစ်ကြောင်း ထိုးစစ်ဆင်တိုက်ခိုက်မှု တွေပြုလုပ်ချိန် ထွက်ပြေးနေရတဲ့အတွက် နှလုံးဖောက်ပြီး သေဆုံးသွားတယ်လို့ နိုဝင်ဘာ ၁၅ ရက်နေ့ ရက်စွဲနဲ့ နောက်ထပ်တစ်စောင် ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။

ဒီထုတ်ပြန်ချက်တွေဟာ ရက္ခိုင့်တပ်တော်အေအေဘက်နေ ထုတ်ပြန်ခဲ့တဲ့ထုတ်ပြန်ချက်တွေမဟုတ်ဘဲ တပ်မတော်နဲ့ အစိုးရလော်ဘီတွေက ရည်ရွယ်ချက်ရှိရှိနဲ့ ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်အတုတွေ သာဖြစ်တယ်လို့ အေအေဘက်က ငြင်းဆို တုန့်ပြန်ခဲ့ပါတယ်။

ဒါနဲပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဘီဘီစီက မေးမြန်းခဲ့ရာမှာတော့ သူ့အနေနဲ့ ဒီအပေါ်မှာ ဘာမှတ်ချက်မှ မပေးလိုဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။

လက်ရှိမှာ လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားရှိကြောင်းနဲ့ ဆက်လက်စစ်ဆေးမှုတွေပြုလုပ်နေပြီး ကျန်းကျန်းမာမာရှိနေတယ်လို့ ခိုင်သုခကပြောပါတယ်။

ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ရက္ခိုင့်တပ်တော် အေအေကနေ ဖမ်းဆီးထားတဲ့အပေါ်မှာ ဝေဖန်မှုတွေရှိနေသလို တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး အသိုင်းအဝန်းတွေက ပြန်လည်လွှတ်ပေးဖို့ တောင်းဆိုနေကြတဲ့အချိန်မှာ အခုလိုမျိုး ထုတ်ပြန်ချက် အတုတွေ ထွက်လာခဲ့တာဖြစ်ပါတယ်။