ပုသိမ်ကျောက်မီးသွေးသုံး စက်ရုံ အတွက် တရုတ်ခြေလှမ်းစ

ဓာတ်ပုံ ရင်းမြစ်, ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ ဖွင့်လှစ်မယ့် ပုသိမ်စက်မှုဇုန်မှာ တရုတ်ယူနန် Union Resources and Engineering Company Limited နဲ့ ADPCL ဧရာဝတီဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက်တို့က ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်ဖို့ စာချုပ်ကို လက်မှတ်ရေးထိုးလိုက်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဒီဇင်ဘာ ၃ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
ပုသိမ်စက်မှုဇုန်ထဲမှာ ၃၅၀ မဂ္ဂါဝပ်ရှိတဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ လက်မှတ်ရေးထိုးတဲ့နေရာမှာ တရုတ်သံရုံးက နိုဝင်ဘာ ၂၉ ရက်က အသိသက်သေ လုပ်ခဲ့တာလို့ လည်းဖော်ပြပါတယ်။
ဒါအပြင် ပုသိမ် စက်မှုဇုန်မှာ တရုတ်အထည်ချုပ်စက်ရုံ Texplus အတွက် ရင်းနှီးမြှုပ်နှံခွင့် ခွင့်ပြုချက်လက်မှတ် ပေးအပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာပါပါတယ် ။
ပုသိမ်စက်မှုမြို့တော်ဟာ မြန်မာနိုင်ငံမှာ ဒုတိယလူဦးရေအများဆုံး ဧရာဝတီတိုင်းရဲ့ မြို့တော် ပုသိမ်မြို့ မြို့ပြင်မှာ တည်ရှိပြီး ပုသိမ်-ငပုတော ကားလမ်း နဲ့ပုသိမ်မြစ်(ငဝန်မြစ်) အကြားက မြေဧက ၆၇၀၀ ကျော် အကျယ်အဝန်း မှာ တည်ဆောက်မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Chinese Embassy in Myanmar
တရုတ်သံရုံးက ထုတ်ပြန်ချက်မှာတော့ တရုတ်-မြန်မာနှစ်ဦးနှစ်ဖက်က တရုတ်ယူနန် Union Resources & Engineering Company Limited (UREC) နဲ့ ဧရာဝတီဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက်တို့ ပုသိမ်စက်မှုဇုန်အတွင်း 2x350 မဂ္ဂါဝပ် ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံတည်ဆောက်ရေးစီမံကိန်းအတွက် မူဘောင်စာချုပ် လက်မှတ်ရေးထိုးတယ်လို့ ဖော်ပြထားပါတယ်။
ဧရာဝတီတိုင်းအစိုးရက ထုတ်ပြန်တဲ့ သတင်းတွေမှာတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနဲ့ ကိုယ်စားလှယ်အဖွဲ့က လာရောက်တွေ့ဆုံဆွေးနွေးပွဲမှာ ADPCL ကုမ္ပဏီနဲ့ UREC ကုမ္ပဏီတို့အကြား သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၉ ရက် နံနက် ၁၀ နာရီ မှာ ကျင်းပခဲ့တယ်လို့ ဖော်ပြပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရဘက် ကတော့ ကျောက်မီးသွေးသုံးလို့ ဖော်ပြတာ မတွေ့ရပါဘူး။
ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေဟာ ရေ၊ လေ၊ မြေ စတဲ့ သဘာဝပတ်ဝန်းကျင်၊ ကျန်းမာရေးထိခိုက်မှု တွေရှိနိုင်တာကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တွေ၊ လူမှု အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေ အများစုက ကန့်ကွက်မှုတွေ ရှိပါတယ်။
ကရင်ပြည်နယ်မှာတော့ ဒေသခံတွေ ကန့်ကွက်နေတဲ့အတွက် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ စီမံကိန်းနဲ့ ပတ်သက်လို့ ကျေးရွာသားတွေ၊ ကရင်ပြည်နယ် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားလှယ်တွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီဘက်က တာဝန်ရှိသူတွေ ပါတဲ့ ဆွေးနွေးပွဲတွေ လုပ်ခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး
နိုဝင်ဘာလ၂၉ရက်နေ့မှာပဲ ပုသိမ်စက်မှု မြို့တော် Pathein Industrial City စီမံကိန်း ဧရိယာအတွင်းက မြေဧက ၅၀ မှာ ပထမ အဆင့် စီမံချက် ချမှတ်ပြီး အမေရိကန် ဒေါ်လာ သန်း ၂၀၀ ရင်းနှီး မြှုပ်နှံတဲ့ ဧရာဝတီ အပြည်ပြည်ဆိုင်ရာ စက်မှု ဆိပ်ကမ်း (ပုသိမ်)ကို ဆိပ်ကမ်း ပင်လယ်ကူး သင်္ဘောဆိပ် (Jetty) ရတနာ ပိုင်တိုင် စိုက်ထူပြီးဖွင့်လှစ်ခဲ့ပါတယ် ။
ပုသိမ်-ငပုတော ကားလမ်းဘေးက ပုသိမ်စက်မှုဇုန်ဒီစီမံကိန်းမှာ ကုန်စည်ပို့ဆောင်ဖို့၊ ဒေသထွက်ကုန်ပစ္စည်းတွေ တင်ပို့ရောင်းချဖို့အတွက် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခု ပါဝင်တယ်လို့လည်း သိရပါတယ်။
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က ဧရာဝတီတိုင်းဒေသကြီးမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကို လွယ်ကူချောမောစွာ ဆောင်ရွက်ပေးလျက်ရှိပြီး တရုတ်နိုင်ငံကလာရောက်ရင်းနှီးမြှုပ်နှံသူများစွာရှိကြောင်း၊ ၊ အခုတွေ့ဆုံပွဲမှာ တရုတ်နိုင်ငံဘက် က လာရောက်ရင်းနှီးမြှုပ်နှံမှု တစ်ခုကိုလည်း အတည်ပြုမိန့် ပေးအပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
တိုင်းဒေသကြီးဝန်ကြီးချုပ်က ပုသိမ်စက်မှုမြို့တော် စီမံကိန်းအတွင်း အကောင်အထည်ဖော်မယ့် ပထမဦးဆုံးအထည်ချုပ်စက်ရုံဖြစ်တဲ့ TEX PLUS GARMENT CO.,Ltd ကို အဲဒီနေ့မှာ MIC Permit ပေးအပ်ခဲ့ပါတယ်။
ကျောက်မီးသွေးသုံးစက်ရုံ စီမံကိန်းနဲ့ ပတ်သက်လို့ ဘယ်လိုတည်ဆောက်မယ်ဆိုတာကို တိုင်းဒေသကြီး အစိုးရအဖွဲ့က အခုထိတော့ အသေးစိတ် ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။








