ပလက်ဝမှာ ရွာတွေ ပျက်ကုန်ပြီလား

ဓာတ်ပုံ ရင်းမြစ်, Kyaw Aung
ချင်းပြည်နယ်ပလက်ဝမြို့နယ်က လူအများစုဟာတိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြရတယ်လို့ချင်းပြည်နယ်အစိုးရကပြောပါတယ်။
ရက္ခိုင့်တပ်တော်နဲ့ တပ်မတော်တို့ကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ပလက်ဝမြို့နယ်ထဲက လူတွေ အခုလိုထွက်ပြေးနေကြရတာပါ။
ဒီထဲကမှ ကျေးရွာ ၁၀ရွာဟာ လုံး၀ ရွာပျက်သွားပြီဖြစ်ပြီး လူနေအိမ် စာသင်ကျောင်းတွေပါ ပြောင်းရွှေ့သွားကြပြီ ဖြစ်တယ်လို့ ချင်းပြည်နယ် စည်ပင်သာယာရေးလျှပ်စစ်နဲ့စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးစိုးထက်က ဘီဘီစီကို ပြောပါတယ်။
တိုက်ပွဲဒဏ်ကို ခံစားနေရတာ မေလ ကတည်းက ဖြစ်ပြီး မကြာခဏဆိုသလို ရွာထဲ ကျည်တွေ ထိတာကြောင့် မနေနိုင်လို့ ထွက်ပြေးလာတာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ချင်းတက္ကသိုလ် ကျောင်းသားအဖွဲ့ဥက္ကဋ္ဌ ဆလိုင်းထွန်းလှကျော်က ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Hkawn San
ပလက်ဝမြို့ဟာ ချင်းပြည်နယ်၊ တောင်ပိုင်း မင်းတပ်ခရိုင်မှာ ပါဝင်ပြီးတော့ ရခိုင်ပြည်နယ်အထိ စီးဆင်းသွားတဲ့ ကုလားတန်မြစ် အနောက်ဘက်ကမ်းမှာတည်ရှိပါတယ်။
ကုလားတန်မြစ်ကြောင်းအတိုင်း စစ်တွေမြို့ကနေ ၉၆ မိုင် ဝေးပြီးတော့၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ပလက်ဝမြို့နယ် တစ်ခုလုံး လူဦးရေ ၆ သောင်းကျော်ရှိပါတယ်။
ခမီချင်းလူမျိုး အများဆုံး နေထိုင်ကြပြီးတော့ ရခိုင်လူမျိုးတွေလည်းနေထိုင်ကြပါတယ်။
ရက္ခိုင့်တပ်တော်အေအေက ဖမ်းထားတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဝှေ့တင်းဟာ ပလက်ဝ ဇာတိဖြစ်ပြီးတော့ ခူမီးချင်းလူမျိုးဖြစ်ပါတယ်။
သူက ပလက်ဝ အနီးက ကုလားတန်စီမံကိန်း လာတဲ့ အဖွဲ့တွေနဲ့ ပလက်ဝ ကနေ ကျောက်တော်အ သွားမှာ နိုဝင်ဘာလ ၃ရက်နေ့ကအဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ဦးရေတွေလည်း တိုးလာတယ်လို့ ချင်းပြည်နယ် အစိုးရက ပြောပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲမှာ ချင်းတွေနေထိုင်တဲ့ ရွာတွေဟာ ရခိုင်တပ်အေအေနဲ့ အစိုးရတပ်တို့ကြားက တိုက်ပွဲတွေကြောင့် ရွာလုံးကျွတ် စစ်ဘေးလွတ်ရာကို ပြောင်းရွှေ့ နေကြရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကပလက်ဝမြို့နယ်ထဲက ကတ်သလင်းရွာကနေ မီးဇာကို စစ်ဘေးပြောင်းရွှေ့နေထိုင်တဲ့ ဘောင် ချင်းလူမျိုး မိသားစု ၂၀ လူဦးရေ ၁၀၀ ကျော်ကို ချင်းပြည်နယ်အစိုးရ က ထန်တလန်မြို့နယ် သီးကီရ်ရွာကို ပြောင်းရွှေ့ပေးလိုက်ရပါတယ်။
ပလက်ဝမြို့နယ်ထဲမှာ နေထိုင်တာထက် မိမိတို့ဆွေမျိုးတွေရှိရာနဲ့ ဘာသာစကားတူတဲ့နေရာတွေကို ပြောင်းရွှေ့နေထိုင်ကြတာဖြစ်ပြီး အခုလို ရွာလုံးကျွတ် ပြောင်းလာတဲ့အတွက် ရေရှည် နေထိုင် လုပ်ကိုင်စားသောက်ဖို့အတွက် လယ်ယာမြေတွေ ဖော်ထုတ်ပေးဖို့ လုပ်ဆောင်နေတယ်လို့ ချင်းပြည်နယ် အစိုးရက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP/Getty
အခုလို ချင်းပြည်နယ်ဘက်ကို ပြောင်းရွှေ့သွားသူတွေ ရှိသလို ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ထဲက ချင်းတိုင်းရင်းသား လူမျိုး ၁၇၀ ကျော်ကလည်း မင်းပြားမြို့နယ်ထဲကို နိုဝင်ဘာ ၁၅ ရက်နေ့က ထွက်ပြေးလာနေကြတယ်လို့ ထွက်ပြေးလာသူတွေကို ကူညီပေးနေတဲ့ ရခိုင်ပြည်နယ် ချင်းတက္ကသိုလ်ကျောင်းသားများအဖွဲ့ က ပြောပါတယ်။
သူတို့ရွာတွေမှာ တိုက်ပွဲဒဏ်ကို ခံစားနေရတာ မေလကတည်းက ဖြစ်ပြီး မကြာခဏဆိုသလို ရွာထဲ ကျည်တွေ ထိတာကြောင့် မနေနိုင်လို့ ထွက်ပြေးလာတာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ချင်းတက္ကသိုလ် ကျောင်းသားအဖွဲ့က ဥက္ကဋ္ဌ ဆလိုင်းထွန်းလှကျော်က ဘီဘီစီကို ပြောပြပါတယ်။အခုလောလောဆယ်မှာတော့ ထွက်ပြေးလာသူတွေကို ကူညီရေးတွေ လုပ်ဖို့အတွက် အလှူရှင်တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
အခု ရွှေ့ပြောင်းနေတဲ့သူတွေဟာ လူဦးရေ လေးထောင်ကနေ ခြောက်ထောင်ကြားဖြစ်ပြီး ပလက်ဝမြို့နယ် တခုလုံးဟာ သွားလာရေးက အစခက်ခဲနေတဲ့အပြင် အသက်အန္တရာယ်ပါ စိုးရိမ်နေရတာကြောင့် အခုလို ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်တယ်လို့ဦးစိုးထက်က ပြောပါတယ်။








