NLD လွှတ်တော်ကိုယ်စားလှယ်နဲ့အိန္ဒိယနိုင်ငံသား ဝန်ထမ်းတွေကိုအေအေဖမ်းသွားတယ် လို့အစိုးရပြော

ဦးဝှေ့တင်းအပါအဝင်၁၀ ဦး အဖွဲ့ဟာ ပျောက်ဆုံးနေ
ဓာတ်ပုံ ပုံစာ, ဦးဝှေ့တင်းအပါအဝင်၁၀ ဦး အဖွဲ့ဟာ ပျောက်ဆုံးနေ

NLD ပါတီက ချင်းပြည်နယ်အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၁၁) လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအပါအဝင်၁၀ ဦး အဖွဲ့ဟာ ပျောက်ဆုံးနေတာမှန်တယ်လို့ ချင်းပြည်နယ် အစိုးရ ဖွဲ့က ပြောဆိုခွင့် ရှိသူ စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က ဘီဘီစီ ကို အတည် ပြုပါတယ် ။

သူတို့ကို ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် နယ်စပ်အနီးမှ ပျောက်ဆုံး အဆက်သွယ် ပြတ်သွားတာဖြစ်ပြီးတော့ အခုထိ ရှာမတွေ့သေးဘူးလို့ လည်း ဘီဘီစီကို ပြောပါတယ် ။

ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၁) လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း ဟာ နေပြည်တော်မှာ ပြုလုပ်မယ့်လွှတ်တော်ပုံမှန်အစည်းအဝေးကို တက်ဖို့ ကုလားတန် စီမံကိန်း က အဖွဲ့တွေနဲ့ လိုက်ပါလာတာဖြစ်ပြီးတော့ စပိဘုတ်နှစ်စီး ဟာ ပလက်ဝ ကနေ ကျောက်တော် ကြားမှာ ပျောက်နေတာဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အပါအဝင် ကုလားတန်စီမံကိန်း ကအိန္ဒိယနိုင်ငံသားဝန်ထမ်း (၅) ဦး၊ စကားပြန် (၂) ဦး၊ စပိဘုတ်မောင်းသူ (၂) ဦးနဲ့ စုစုပေါင်း (၁၀)ဦးပျောက်ဆုံးနေတာလည်းဖြစ်ပါတယ်။

ကျောက်တော်

ဓာတ်ပုံ ရင်းမြစ်, Soe Thant Aung

ခရီးကြာချိန်အရ ကျောက်တော်ကို မနက်ပိုင်း ရောက် ရမှာဖြစ်ပေမယ့် ရောက်မလာဘဲ ရခိုင်ပြည်နယ် ကျောက်တော်နယ်ထဲ က ရွာအနီးမှာ စပိဘုတ်နှစ်စီးကိုနေ့လယ်ပိုင်း ကမ်းကပ်ထားတာတွေ့ရ တယ် လို့ ဝန်ကြီး က ဘီဘီစီကို ပြောပါတယ်။

လက်ရှိအချိန်မှာ ချင်းပြည်နယ်အစိုးရအဖွဲ့နဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းပြီး လွှတ်တော်ကိုယ်စားလှယ်နဲ့ အဖွဲ့ တွေ့ရှိရေး လုံခြုံရေးအဖွဲ့များနဲ့ ပူးပေါင်းဆောင်ရွက်လျှက်ရှိတယ်လို့လည်း ချင်းပြည်နယ်အစိုးရအဖွဲ့ ကဘီဘီစီကို ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းဟာ ပလက်ဝ ဇာတိဖြစ်ပြီးတော့ ခူမီးချင်းလူမျိုးဖြစ်ပါတယ်။

သူက ပလက်ဝ အနီးက ကုလားတန်စီမံကိန်း လာတဲ့ အဖွဲ့တွေနဲ့ ပလက်ဝ ကနေ ကျောက်တော်၊ ကျောက်တော် ကနေ စစ်တွေ၊ စစ်တွေကနေ လေယာဉ်နဲ့ ရန်ကုန်ကိုပြန်ဖို့ဖြစ်ပါတယ်၊ ပြီးမှ ရန်ကုန်ကနေ သူက နေပြည်တော် ကို သွားမှာ ဖြစ်ပါတယ်။

ဒီဒေသ မှာ လက်နက်ကိုင် နှစ်ဖွဲ့ ပဲ ရှိပြီး တပ်မတော် ကဒီလိုမျိုးလုပ်ရပ် လုပ်မှာ မဟုတ်တဲ့ အတွက် အေအေ အဖွဲ့ ကလုပ်တာဖြစ်တယ်လို့ လည်း ချင်းပြည်နယ် အစိုးရ ဖွဲ့က ပြောဆိုခွင့် ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက် က ဘီဘီစီကို ပြောပါတယ်။

အေအေ ရက္ခိုင့်တပ်မတော် ကိုတော့ ဒီသတင်းနဲ့ပတ်သက်လို့ ဆက်သွယ် အတည်ပြုလို့ မရ သေးပါဘူး။