ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရသေ့တောင်တပ်ရင်းသုံးခု ရှော့ခ်တိုက်ဒုံးနဲ့ အတိုက်ခံရပြီး တိုက်ပွဲပြင်းထန်
ရသေ့တောင်က တပ်မတော် တပ်ရင်းသုံးခု နိုဝင်ဘာ ၁၅ ရက် ညက ရှော့ခ်တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရပြီးနောက် တပ်မတော်က ရေတပ်သင်္ဘောတွေရော ရဟတ်ယာဉ်တွေပါ အသုံးပြု တိုက်ခဲ့တဲ့အထိ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
တပ်ရင်းတွေ အတိုက်ခံရပြီး နောက်တစ်နေ့ နိုဝင်ဘာ ၁၆ ရက် စနေနေ့မှာ ရသေ့တောင်မြို့အနီး မေယုမြစ်ထဲမှာရှိတဲ့ ရေတပ်သင်္ဘောကနေ အမြောက်တွေနဲ့ လှမ်းပစ်နေသလို နွားလာကျော်နဲ့ လိုင်ဂွင်ရွာဘက်မှာလည်း ရဟတ်ယာဉ် နှစ်စီးနဲ့ တပ်ကနေ ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရသေ့တောင်မြို့က တပ်ရင်းတွေကို နိုဝင်ဘာ ၁၅ ရက် ည ၁၁ နာရီလောက်မှာ အေအေက ရှော့ခ်တိုက်ဒုံးတွေနဲ့ အတိုက်ခံရတာ ဖြစ်ပါတယ်။
အဲဒီလို အေအေက တိုက်ခိုက်ပစ်ခတ်တဲ့ အတွက် တပ်ရင်းတွေက တုံ့ပြန်ပစ်ခတ်သလို စနေနေ့ မနက်မှာလည်း ငတောက်တူချေဘက်မှာ တိုက်ပွဲ ဆက်ဖြစ်ပါတယ်။ ညနေ ပိုင်းမှာတော့ ရေတပ်ကနေ ပစ်ခတ်နေတာ ဖြစ်ပါတယ်။
နွားလာကျော်နဲ့ လိုင်ဂွင်ရွာမှာ နိုဝင်ဘာလ ၁၅ ရက် ညနေက တိုက်ပွဲ ဖြစ်ပွားပြီး နောက်တစ်နေ့ မနက်မှာ တိုက်ပွဲဆက် ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုတွေက အမြောက်သံတွေကို ရသေ့တောင်မြို့ပေါ်ကနေ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၁၅ ရက် ည ၁၁ နာရီ တိုက်ပွဲတွေကြောင့် ဒေသခံ အမျိုးသမီးတစ်ဦး ကျည်ထိမှန် ဒဏ်ရာရခဲ့ပါတယ်။
အေအေတပ်ဖွဲ့ဝင်တွေဟာ ည ၁၁ နာရီလောက်မှာ ရသေ့တောင်မြို့အရှေ့ဘက် လေးခွဆုံရွာဘက်ကနေပြီး ရှော့ခ်တိုက်ဒုံးတွေနဲ့ ရသေ့တောင်မြို့ပေါ်နဲ့ အနီးဝန်းကျင်မှာရှိတဲ့ တပ်မတော်တပ်ရင်းတွေဖြစ်တဲ့ ခမရ ၅၃၆၊ ၅၃၇၊ ၅၃၈ တပ်ရင်းသုံးခုကို ပစ်ခတ်ခဲ့တာ ဟုတ်မှန်ကြောင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ပြောခွင့်ရသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဘီဘီစီကို အတည်ပြုပြောဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကြောင့် တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲ အပြန်အလှန်ဖြစ်ပွားခဲ့ကြရာမှာ အဲ့ဒီအနီးဝန်းကျင်မှာရှိတဲ့ ရွာသားတွေဟာ ရွာမှာမနေရဲကြဘဲ ညတွင်းချင်း ထွက်ပြေးခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီလိုထွက်ပြေးသူတွေထဲက ငတောက်တူချေကျေးရွာသားတွေ လှေနဲ့ထွက်ပြေးခဲ့ကြစဉ် အသက် ၃၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဘယ်ဘက်လက်မောင်းကို သေနတ်ကျည်ထိမှန်ခဲ့တယ်လို့ ဆေးရုံမှာ လိုက်ပါကူညီပေးနေသူ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
အေအေက ပစ်ခတ်လိုက်တဲ့ ရှော့ခ်တိုက်ဒုံးတွေဟာ တပ်မတော်တပ်ရင်းတွေကိုမကျဘဲ အဲ့ဒီအနီးအနားမှာရှိတဲ့ ငတောက်တူချေရွာဟောင်းနဲ့ ရွာသစ်အကြားမှာ ကျရောက်ပေါက်ကွဲပြီး ဒေသခံတွေ ကျည်စထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရထားကြောင်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။
"တိုက်ပွဲဖြစ်တာမဟုတ်ပါဘူး။ အေအေကနေ ရသေ့တောင် အရှေ့ဘက်မှာရှိတဲ့ လေးခွဆုံ ဝန်းကျင်တဝိုက် ကနေပြီးတော့ တပ်ရင်းဘက်ကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာ။ ရှော့ခ်တိုက်ဒုံးလို့ယူဆရတာပေါ့။ နှစ်လုံး ပစ်တယ်။ နှစ်လုံးလုံးက တပ်တွေကို မကျဘဲနဲ့ ငတောက်တူချေရွာသစ်နဲ့ ရွာဟောင်းနားမှာ ကျတယ်။ ဒေသခံ ရခိုင်တွေ ဗုံးသီးအစ မှန်သွားတယ်လို့ သိရတယ်။ ဘယ်နှယောက် မှန်လဲတော့ မသိဘူး"လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။
ရသေ့တောင် အခြေစိုက် တပ်ရင်းတွေကို အေအေဘက်က နိုဝင်ဘာ ၁၅ ရက် ညမှာ ပစ်ခတ်ခဲ့တာမှန်ကန်ကြောင်း ရက္ခိုင့်တပ်တော် အေအေရဲ့ ပြောခွင့်ရသူ ခိုင်သုခက ဘီဘီစီကို အတည်ပြု ပြောဆိုပါတယ်။
ရသေ့တောင်မြို့နယ်မှာရှိတဲ့ တပ်မတော်တပ်ရင်း ဌာနချုပ်တွေကနေ အခုရက်ပိုင်းအတွင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အတွက်ကြောင့် အခုလို သတိပေးပစ်ခတ်ခဲ့ရတာဖြစ်တယ်လို့ သူက ပြောပါတယ်။
ရသေ့တောင်မြို့နယ်မှာ အေအေနဲ့ တပ်မတော်တို့အကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေသလို အခုလိုမျိုး ရှော့ခ်တိုက်ဒုံးတွေနဲ့ တိုက်ခိုက်မှုတွေလည်း မကြာခဏ ဖြစ်ပွားနေတယ်လို့ ရခိုင်က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၁၅ ရက်နေ့ ညနေ ၃ နာရီခွဲလောက်အချိန်မှာ မြောက်ဦးမြို့နယ် မကျားဆည်ရွာရဲ့ အရှေ့မြောက်ဘက် သုံးကီလိုမီတာခွဲလောက်မှာ အေအေတပ်ဖွဲ့တွေရှိနေတဲ့ နေရာကို တပ်မတော်စစ်ကြောင်းတွေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲတွေအပြင်းအထန် ဖြစ်ပွားခဲ့ကြတာရှိတယ်လို့လည်း ခိုင်သုခကက ပြောပါတယ်။
အဲ့ဒီနေရာကို တပ်မတော်စစ်ကြောင်းက အင်အား ၄၀၀ လောက်နဲ့ လာတိုက်ခိုက်ခဲ့တာဖြစ်ပြီး နိုဝင်ဘာလ ၁၆ ရက်မှာလည်း အဲ့ဒီနေရာ အနီးတဝိုက်ကို တပ်မတော်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
တပ်မတော်နဲ့ အေအေတို့အကြား ဖြစ်ပွားနေတဲ့ တစ်နှစ်နီးပါးကာလတိုက်ပွဲတွေအတွင်း မြို့နယ် ၇ မြို့နယ်အတွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေ ၇၀၀၀၀ လောက်ထိရှိပြီး အခုရက်ပိုင်းအတွင်း နေရပ်စွန့်ခွာထွက်ပြေးရသူတွေ ပိုတိုးလာပါတယ်။