ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တပ်တွင်း မဲရုံတွေကို အပြင်ရွှေ့တာ ရွေးကောက်ပွဲ ရလဒ် ပြောင်းလာနိုင်သလား
တပ်တွင်း မဲရုံတွေကို တပ်ရင်းတပ်ဖွဲ့ပြင်ပ သင့်တော်တဲ့ နေရာမှာ ထားဖို့ပါဝင်တဲ့ အချက် အပါအဝင် ရွေးကောက်ပွဲ နည်းဥပဒေတွေကို ပြင်ဆင်တဲ့ အချက်တွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့ထံကို ပေးပို့ထားတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ ချုပ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းသီဟကျော်က ဘီဘီစီကို ပြောပါတယ်။
အဲဒီ့ နည်းဥပဒေ ပြင်ဆင်ချက်တွေဟာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး နဲ့ ပြည်နယ်လွှတ်တော် အသီးသီးအတွက် ဖြစ်ပါတယ်။
တပ်မတော်သား ကိုယ်စားလှယ်တွေဘက်ကတော့ အခုလိုတပ်တွင်းမဲရုံတွေ ရွှေ့တာနဲ့ ပတ်သက်လို့ သဘောထားထုတ်ပြောတာမျိုးတော့ မရှိသေးပါဘူး။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ အခုအကြောင်းကြားချက်ဟာ နည်းဥပဒေပြင်ဆင်ဖို့သာ ဖြစ်ပြီး လွှတ်တော်အမတ်တွေက ဆွေးနွေးအတည်ပြုပေးရမှာ မဟုတ်ဘဲ၊ ကန့်ကွက်တာ မရှိရင် လွှတ်တော်ကို အသိပေးပြီးနောက် ရက်ပေါင်း ၉၀ အတွင်း အတည်ဖြစ်လာဖို့ ရှိတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းသီဟကျော်က ဘီဘီစီကို ပြောပါတယ်။
တိုင်းရင်းသားပါတီတွေက ဘယ်လို သဘောထားရှိလဲ
ကြံခိုင်ရေးပါတီ ဘက် ကိုယ်စားလှယ် တချို့ကတော့ ဝေဖန်ပြောဆိုတာရှိပေမယ့် တိုင်းရင်းသားပါတီတွေဘက် ကတော့ ဒီလိုပြင်လိုက်လို့ သိပ်ထူးထူးခြာခြား ဖြစ်လာနိုင်စရာ မရှိဘူးလို့လည်း ပြောပါတယ်။
တပ်မတော် မိသားစုဝင်တွေဟာ တစ်သွေး တစ်သံ တစ်မိန့် စနစ်ကျင့်သုံးတာကြောင့် သူတို့မဲတွေဟာ ထူးပြီး ပြောင်းလာနိုင်စရာမရှိဘူးလို့လည်း စိုင်းသီဟကျော်က ပြောပါတယ်။
ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်းတွေဟာ ရွေးကောက်ပွဲ ဖြစ်စဉ်မှာ ပါဝင်သူတွေ အားလုံးသဘောတူဖို့လိုတယ်လို့ ရွေးကောက်ပွဲစောင်ကြည့်တဲ့အဖွဲ့ တွေက ပြောပါတယ်။
ရွေးကောက်ပွဲ မဲရုံတွေကို ရွေးကောက်ပွဲ ကော်မရှင်က လိုအပ်သလို သတ်မှတ်နိုင်တယ်လို့ ရွေးကောက်ပွဲ နည်းဥပဒေ မှာ ဖော်ပြထားပါတယ်။
တပ်ရဲ့ မဲတော်တော်များများဟာ ကြိုတင် မဲပေးတာဖြစ်လို့ အခုလို သတ်မှတ်လိုက်ရုံနဲ့ တပ်ရဲ့မဲတွေ ရလာလိမ့်မယ်လို့ မထင်ကြောင်း စိုင်းသီဟကျော်ကပြောပါတယ်။
ဒီကိစ္စလွှတ်တော်မှာ ဆွေးနွေးမဲခွဲမှာလား
နည်းဥပဒေ ပြင်ဆင်ချက်ကတော့ ကော်မရှင်ရဲ့ တာဝန်ပေးချက်နဲ့အညီ တပ်မတော်သားတွေနဲ့ သူတို့နဲ့ အတူ နေထိုင်ကြတဲ့ အိမ်ထောင်စုဝင်တွေ နေထိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့တွေအတွက် မဲရုံနေရာ သတ်မှတ်ရာမှာ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုထဲက မဲဆန္ဒရှင်တွေနဲ့အတူ ဆန္ဒမဲပေးနိုင်ဖို့ ၊ ပွင့်လင်းမြင်သာမှုရှိစေဖို့၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေ လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနိုင်မယ့် အဲဒီ တပ်ရင်း တပ်ဖွဲ့ရဲ့ အပြင်ဘက် သင့်တော်တဲ့ နေရာမှာ သတ်မှတ်ပေးရမယ်လို့ဖော်ပြပြီး အစားထိုး လိုက်တာပါ။
ဒီဟာက နည်းဥပဒေပြင်တာဖြစ်လို့ လွှတ်တော်မှာ မဲခွဲမှာ မဟုတ်ပါဘူးလို့ လည်း စိုင်းသီဟကျော် ကပြောပါတယ် ။
ကန့်ကွက်မယ်ဆိုရင်တော့ လုပ်ထုံးလုပ်နည်းတွေ အတိုင်းကော်မရှင်ကို ကန့်ကွက်ရမှာ ဖြစ်ပါတယ် ။
ဒီနည်းဥပဒေ ပြင်ဖို့ လွှတ်တော်ကိုရောက်တာဟာ အောက်တိုဘာ ၃ ရက်လို့သိရလို့ ရက်ပေါင်း ၆၀ လောက် ပဲ ကျန်ပါတော့တယ် ။
ဒီလိုပြင်ဖို့လိုအပ်သလား
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်ကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ တပ်တွင်းကြိုတင်မဲအပါအဝင် မဲရုံတွေထားရှိတာကို သဘောမတူကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက စက်တင်ဘာလအတွင်းက ပြောခဲ့ပါတယ်။
စက်တင်ဘာ ၂၂ ရက်က ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်ရုံးမှာ ကျင်းပတဲ့ ဗဟိုကော်မတီ အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ဦးဉာဏ်ဝင်းက အခုလို ပြောခဲ့တာပါ။
မဲရုံတွေ အပြင်ကို ရွှေ့နိုင်ပေမယ့် တပ်ကမဲတွေရဲ့ အဓိကကျတဲ့ အချက်ကတော့ ကြိုတင်မဲ ဖြစ်တယ်လို့လည်း စိုင်းသီဟကျော်က ပြောပါတယ် ။
တိုင်းရင်းသားတွေဘက်ကတော့ တပ်မဲတွေ ကို အများကြီးမျှော်လင့်ထားတာမရှိတော့ အထဲမှာပဲထားထား အပြင်မှာဘဲ ထားထား အဓိက မကျပါဘူးလို့လည်း သူက ရှင်းပြပါတယ် ။
တပ်ဘက်ကဘယ်လို သဘောထားလဲ
တပ်တွင်းမဲရုံတွေ ထားတာနဲ့ တပ်တွင်းကြိုတင်မဲပေးတဲ့ ကိစ္စရပ်တွေ အပေါ်မှာတော့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တပ်တွင်းမဲရုံတွေဟာ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေအတိုင်း လိုက်နာဆောင်ရွက်ကြောင်း၊ တပ်တွင်းမဲရုံတွေမှာလည်း မီဒီယာတွေကို သတင်းရယူခွင့်ပေးထားပြီး ပွင့်လင်းမြင်သာစွာဆောင်ရွက်နေတယ်လို့ စက်တင်ဘာလ၂၇ ရက်နေ့က မီဒီယာတွေရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားထားပါတယ် ။
ဒါ့အပြင် တပ်မိသားစုတွေက ၂၄ နာရီ တာဝန်ထမ်းဆောင်ရတဲ့ သဘောရှိလို့ ပြင်ပထွက် မဲပေးရန်ခက်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီ ဒုတိယဥက္ကဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောထားပါတယ်။
တစ်ခုကောင်းတာကတော့ မဲရုံတွေ တပ်အပြင်ရောက်လာတာဟာ အများပြည်သူက မြင်သာထင်သာရှိလာတဲ့ အတွက် ရေရှည်မှာ ကောင်းမွန်တဲ့လုပ်ရပ်လို့ စိုင်းသီဟကျော်ကပြောပါတယ်။
ရွေးကောက်ပွဲ ရလဒ် ပြောင်းလာနိုင်သလား
၂၀၁၂ ကြားဖြတ်နဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းကတော့ တပ်နယ်မြေက မဲရုံတွေ မှာ လက်ရှိ အာဏာရပါတီက အနိုင်ရခဲ့တာတွေ ရှိပါတယ်။
"ပြည်မမှာတော့ မပြောတတ်ဘူး။ တိုင်းရင်းသားနယ်မြေတွေမှာတော့ ထူးပြီး ပြောင်းလာဖို့ မရှိဘူး"လို့ စိုင်းသီဟကျော်ကပြောပါတယ်။
ရွေးကောက်ပွဲလေ့လာသူတွေကတော့ လက်ရှိ ရွေးကောက်ပွဲ ဥပဒေအရ ကြိုတင်မဲပေးမှုဆိုင်ရာ လုပ်ထုံး၊ လုပ်နည်းတွေဟာ ပွင့်လင်း မြင်သာမှုမရှိတာ မပြည့်စုံတာကို ပိုအာရုံစိုက်သင့်ကြောင်း ထောက်ပြကြပါတယ် ။
"တပ်နယ်မြေက မဲရုံတွေမှာရလဒ်က ပြောင်းမယ်လို့ မထင်ဘူး။ ကြိုတင်မဲတွေ ပိုများလာလိမ့်မယ်" လို့လည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ ချုပ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းသီဟကျော်က ပြောပါတယ်။