ရွှေနဒီအမြန်ယာဉ်ပေါ်ကနေ ဖမ်းသွားသူတွေ ထဲက ၂၅ ဦး ပြန်လွတ်

ရွှေနဒီ အမြန်ရေယာဉ်

ဓာတ်ပုံ ရင်းမြစ်, San Myat Shwe

ဓာတ်ပုံ ပုံစာ, ရွှေနဒီ အမြန်ရေယာဉ်ပေါ်ကနေ ၅၈ ဦးအဖမ်းခံခဲ့ရ

ပြီးခဲ့တဲ့အောက်တိုဘာလ ၂၆ ရက်နေ့၊ စစ်တွေ ဘူးသီးတောင်မြို့ကို ပြေးဆွဲနေတဲ့ ရွှေနဒီ အမြန်ရေယာဉ်ပေါ် ဖမ်းဆီးခံလိုက်ရသူတွေ အနက်က အရပ်သား ၂၅ ဦး နိုဝင်ဘာ ၅ ရက်နေ့မှာ ပြန်လွတ်လာပြီ ဖြစ်ပါတယ်။

ရွှေနဒီ အမြန်ရေယာဉ်ပေါ်ကနေအခုလွှတ်ပေးလိုက်တဲ့ ၂၅ ဦးဟာ အောက်တိုဘာလ ၂၆ ရက်နေ့ က ဖမ်းဆီးခဲ့တဲ့ အရပ်သားတွေဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် အေအေရဲ့ပြောခွင့်ရသူ ခိုင်သုခက ဘီဘီစီကို အတည်ပြုပြောကြားခဲ့ပါတယ်။

အဲ့ဒီလူတွေကို ရက္ခိုင့်တပ်တော်အေအေကနေပြီးတော့ ၁၀ ရက်အကြာ ထိန်းသိမ်းထားခဲ့ပြီး နိုဝင်ဘာ ၅ ရက်နေ့ မနက်၆ နာရီလောက်က ဘူးသီးတောင်မြို့နယ် ငွေတောင်ရွာဘုန်းကြီးကျောင်းမှာ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့လက်ထဲကို ကောင်းမွန်စွာ လွှဲပြောင်းပေးခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။

"အောက်တိုဘာ ၂၆ ရက်နေ့ ရွှေနဒီဖြစ်စဉ်မှာ စစ်သားတွေနဲ့ အရပ်သားတွေကို စက်လှေပေါ်ခွဲပြီး တင်နေတဲ့အချိန် တပ်မတော်က ရဟတ်ယာဉ်တွေနဲ့ လာပစ်ခတ်တဲ့အတွက် ကယ်လာခဲ့တဲ့ အရပ်သားစစ်စစ် ၂၅ ဦးရှိတယ်ဗျ။ အခု အဲ့ဒီလူတွေကို ငွေတောင်အုပ်ချုပ်ရေးမှူးရဲ့လက်ထဲကို လွှဲပြေင်းပေးခဲ့တာပါ ။"လို့ ခိုင်သုခက ပြောပါတယ်။

အခုလွှတ်ပေးလိုက်သူတွေထဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော်နဲ့ ဆက်စပ်သူတွေ ပါဝင်မှုရှိမရှိကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ သူ့အနေနဲ့ မသိရှိရသေးကြောင်း ပြောဆိုခဲ့ပါတယ်။

အရပ်သားတွေကို လွှတ်ပေးတဲ့အခါမှာ သူတို့ကိုဖမ်းဆီးစဉ်က ပါလာခဲ့တဲ့ ဖုန်းနဲ့ တခြားပစ္စည်းတွေကို ပြန်လည်ပေးအပ်လိုက်ပြီး ခရီးစရိတ်အဖြစ်လည်း လူတစ်ဦးကို ငွေကျပ် ၁၅၀၀၀ စီ ပေးပြီး ပြန်လည်လွှတ်ပေးခဲ့တာဖြစ်တယ်လို့ ခိုင်သုခက ပြောပါတယ်။

"လောလောဆယ်မှာတော့ သူတို့ကို ကျွန်တော်တို့ သွားခေါ်နေတုန်းပါ။ အကျိုးအကြောင်းတွေကိုတော့ ဘူးသီးတောင်ကိုရောက်မှပဲ ပြောပြနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ခေါ်လာတာက စုစုပေါင်း ၂၁ ယောက်ပါ။ ကျန်တဲ့လေးယောက်က သူတို့နေအိမ်တွေနဲ့ နီးစပ်တဲ့နေရာတွေမှာ ကျန်နေခဲ့ကြပါတယ်။"လို့ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။

အေအေ ဖမ်းဆီးခဲ့စဉ် က တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ အရပ်သားတွေနဲ့ တခြားဌာနဆိုင်ရာဝန်ထမ်းတွေပါဝင်တဲ့ စုစုပေါင်းလူဦးရေ ၅၈ ယောက်ကို ဖမ်းဆီးခဲ့တာဖြစ်ပြီး ၊တပ်မတော်ပစ်ခတ်ခဲ့တဲ့အတွက် တချို့သေဆုံးခဲ့ရသလို တချို့လည်း ထွက်ပြေးလွတ်မြောက်သွားခဲ့တာရှိပြီး ဘယ်လောက်သေဆုံးခဲ့တယ်၊ ဘယ်လောက် လွှတ်မြောက်သွားတယ်ဆိုတာကို ဆက်လက်စိစစ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ဘက်နဲ့ပတ်သက်နေသူတွေတချို့ကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်းနဲ့ စစ်ဘက်ဆိုင်ရာ ကိစ္စရပ်တွေဖြစ်တဲ့အတွက် ဘယ်လိုလူတွေကျန်နေသေးတယ်ဆိုတာကို လောလောဆယ်မှာ ထုတ်ဖော်ပြောဆိုဖို့ မရှိသေးဘူးလို့လည်း အေအေ ဘက်ကပြော ပါတယ်။