ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကျောက်တော် ပစ်ခတ်မှု ရွာသားတစ်ဦးသေဆုံး၊ ကျောင်းသားတစ်ဦး ဒဏ်ရာရ
ရခိုင်ပြည်နယ် မြောက်ပိုင်း ကျောက်တော်မြို့နယ်မှာ ဒီကနေ့ အောက်တိုဘာလ ၁၅ ရက် မနက်ပိုင်းမှာ တပ်မတော်စစ်ကြောင်းက ပစ်ခတ်တဲ့အတွက် လူတစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူဟာ တပ်မတော်စစ်ကြောင်းက စစ်ဆေးတာကို ထွက်ပြေးစဉ် ပစ်ခတ်တာကြောင့် သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တစ်ဉီးက ပြောပါတယ်။
ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ တပ်မတော်ဘက်ကို မေးမြန်းလို့ မရသေးပါဘူး။
ဒီပစ်ခတ်မှုမှာ အသက် ၅၃ နှစ်အရွယ် စစ်အောင်ရွာသားတစ်ဦး သေဆုံးပြီး အသက် ၂၄ နှစ်အရွယ် ရွှေလှိုင်ရွာသား တက္ကသိုလ်ကျောင်းသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပစ်ခတ်ခံရသူက အဲဒီနေရာမှာတင် သေဆုံးခဲ့တယ်လို့ သူ့မိသားစုတွေက ပြောပါတယ်။
"ကျွန်မဦးလေးက ဒီနေ့မနက်ပိုင်းက ၆ နာရီလောက်မှာ ဆင်အိုးချိုင်ကို သွားဖို့အတွက် ခါတိုင်းစီးနေကျကားကို တားတယ်။ အဲ့ဒီကားမှာ စစ်တပ်ကပါလာတယ်။ သူ့ကို ဖမ်းခေါ်သွားတယ်။ ရွှေလှိုင်ရွာ ဘုန်းကြီးကျောင်းနားမှာ စစ်ဆေးတယ်။ ဖုန်းတွေကိုလည်းစစ်တယ်။ ပြီးတော့ ဘုန်းကြီးကျောင်းရှေ့မှာ ပစ်သတ်လိုက်တာ။ အချက်ပေါင်း ၁၀ ချက် ကျော်လောက် ပစ်သတ်ခဲ့တာပါ"လို့ ဒေါ်နွယ်နွယ်ဦးက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ပြောခွင့်ရသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးနဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေးက ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့ကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဆက်သွယ်လို့မရပါဘူး။
ဒဏ်ရာရရှိခဲ့သူကတော့ စစ်တွေမြို့ကို အဝေးသင် စာမေးပွဲ ဖြေဆိုဖို့အတွက် နေအိမ်ကကားကို ထုတ်နေစဉ်မှာ ထွက်ပြေးသူက သူ့ကားကိုတားပြီးစီးတဲ့တွက် ကားကိုအကာအကွယ်ယူထားစဉ်မှာ ကျည်ထိမှန်ခဲ့တာဖြစ်တယ်လို့ ကျောက်တော်မြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်ကပြောပါတယ်။
ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သူဟာ ခေါင်းမှာတစ်ချက်၊ ခါးမှာတစ်ချက်ထိ ကျည်ဆန်မှန်ခဲ့တာဖြစ်ပြီး စိုးရိမ်ရတဲ့အနေအထားမရှိပေမယ့် ဦးခေါင်းမှာ အစတစ်စရှိနေတယ်လို့ ဓါတ်မှန်ရိုက်ကြည့်ရာမှာ သိရကြောင်း ဦးမြင့်နိုင်ကပြောပါတယ်။
"ကျွန်တော့်ဆီကိုတော့ မနက် ၆ နာရီလောက်မှာ ဖုန်းဆက်လာတယ်။ ပစ်ခတ်မှုတစ်ခုဖြစ်တယ်လို့ သိရတယ်။ စုံစမ်းကြည့်လိုက်တော့ စစ်တပ်က မသင်္ကာမှုနဲ့ ဖမ်းဆီးတယ်လို့ ကြားတယ်။ ဖမ်းဆီးတဲ့အချိန်မှာ ထွက်ပြေးတယ်။ အဲ့ဒီမှာပစ်တာ။ သူကတော့ သေသွားတယ်။ နောက်တစ်ယောက်ကတော့ စစ်တွေကို စာပေးစာယူ ဖြေဖို့သွားဖို့အတွက် ကားထုတ်နေတဲ့အချိန် ဒဏ်ရာရတာပေါ့။ ကျွန်တော်လည်း ဆေးရုံကိုလာကြည့်နေပါတယ်"လို့ ဦးမြင့်နိုင်က ပြောပါတယ်။
တပ်မတော်စစ်ကြောင်းက တပ်ဖွဲ့ဝင်တချို့ လိုက်ပါလာခဲ့တဲ့ကားဟာ ဒေသခံတွေ ခရီးကြုံ စီးနေကျ ကားတစ်စီး ဖြစ်ပြီး တပ်မတော် တပ်ဖွဲ့ဝင်တွေ ဒီလိုကားတွေမှာ လိုက်ပါတာကို အရင်က မတွေ့ဖူးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အခုလိုမျိုး ကျေးရွာသားတွေကို မသင်္ကာလို့ဆိုပြီး ဖမ်းဆီးမှုတွေ၊ သတ်ဖြတ်တွေ ရှိနေတဲ့အတွက် ဒေသခံတွေ အနေနဲ့ စစ်ဆေးခံရမှာကို စိုးရိမ်ကြောက်ရွံ့နေကြတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်က ပြောပါတယ်။
အရပ်သား သေဆုံးမှုတွေကို လျှော့ချနိုင်ဖို့အတွက် စစ်ပွဲတွေကို ရပ်စဲဖို့လိုအပ်ပြီး အရပ်သားတွေကို ထိခိုက်မှုမရှိအောင် နှစ်ဖက်စလုံးက ရှောင်သင့်ကြောင်းနဲ့ တိုက်ပွဲတွေကို လျှော့ချဖို့အတွက် အစိုးရအနေနဲ့ အကောင်းဆုံးနည်းလမ်းတွေကို ချမှတ်ပြီး ညှိနိုင်းဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ ဦမြင့်နိုင်က ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေတို့အကြား တစ်နှစ်နီးပါးအကြာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းမှာ အရပ်သားသေဆုံးမှုဟာ ၉၀ နီးပါးထိရှိလာပြီ ဖြစ်ပါတယ်။ ဒဏ်ရာရရှိသူ ၁၃၀ ကျော်အထိရှိလာနေပြီဖြစ်ပြီး အခုလအတွင်း တိုက်ပွဲဖြစ်ပွားတာတွေ လျော့နည်းသွားခဲ့ပေမယ့် အရပ်သား သေဆုံးမှုတွေက မြင့်တက်လာတာကို တွေ့နေရပါတယ်။
စစ်ပွဲတွေအတွင်း အရပ်သား ထိခိုက်သေဆုံးမှုတွေ မဖြစ်ပွားစေဖို့နဲ့ စစ်ပွဲတွေ ရပ်စဲဖို့အတွက် ရခိုင်ပြည်နယ် အစိုးရ ရုံးစိုက်ရာ စစ်တွေမြို့မှာ အောက်တိုဘာလ ၁၄ ရက်က စစ်တွေမြို့က အပျော်တမ်းစက်ဘီးအသင်းက မြို့တစ်ပတ်စက်ဘီးစီးပြီး တောင်းဆိုခဲ့ကြပါတယ်။