စစ်ဖြစ်မှကာလုံခေါ်မှာလားလို့ တပ်မတော် မေးခွန်းထုတ်

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ရဲ့ စက်တင်ဘာ ၂၈ ရက် သတင်းစာ ရှင်းလင်းပွဲ
ဓာတ်ပုံ ပုံစာ, တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ရဲ့ စက်တင်ဘာ ၂၈ ရက် သတင်းစာ ရှင်းလင်းပွဲ။

အမျိုးသား ကာကွယ်ရေးနဲ့လုံခြုံရေး ကောင်စီ(ကာလုံ)အစည်းအဝေးကို စစ်ဖြစ်မှ ခေါ်မှာလားဆိုပြီး တပ်မတော်ဘက်က မေးခွန်းထုတ်လိုက်ပါတယ်။

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က နေပြည်တော် တပ်မတော် စစ်သမိုင်းပြတိုက်မှာ စက်တင်ဘာ ၂၈ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲမှာ ငြိမ်းချမ်းရေး ကိစ္စ၊ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု အကြောင်းအရာ၊ ရခိုင်ဘက်က တိုက်ပွဲအခြေအနေ၊ မိုင်းကြောင့် အရပ်သား ပြည်သူ တွေ ထိခိုက်နစ်နာမှု စတာတွေကို တပ်မတော်ဘက်က ရှင်းလင်းခဲ့ပါတယ်။

ဒီလို ရှင်းလင်းခဲ့ရာမှာ သတင်းထောက်တွေက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရွေးကောက်ပွဲ ဝင်ရေးကိစ္စ၊ တပ်မတော် ဘက်ကနေ သံဃာတော်တွေကို အမှုဖွင့် ထားတဲ့ ကိစ္စ၊ တပ်မတော်ဘက်ကနေ တင်သွင်းနေတဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ ပြင်ဆင် ရေး ကိစ္စ၊ လုံခြုံရေးနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ သတိပေးစာ စတဲ့ အကြောင်းအရာတွေကို မေးမြန်းခဲ့ပါတယ်။

ဒီလိုမေးမြန်းခဲ့တဲ့ အထဲမှာ လွှတ်တော်ထဲမှာ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေး လှုပ်ရှားမှုတွေကို ထိထိ ရောက် ရောက် လုပ်လာကြတဲ့အပေါ် တပ်မတော်ဘက်ကလည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ကာလုံကို လုပ်ပိုင်ခွင့်တွေ ပိုပေးဖို့ဆိုတဲ့ ပုံစံနဲ့ တင်သွင်းလာခဲ့ပြီး လွှတ်တော်ကို ဖျက်သိမ်းနိုင်တဲ့ အထိ ပြင်ဆင်ချက်တွေ ဘာကြောင့် ထည့်သွင်း လာသလဲလို့ သတင်းထောက်တဦးက မေးခွန်းထုတ်ခဲ့ပါတယ်။

ဒီအပေါ် အမျိုးသားလုံခြုံရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာ ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေ ထည့်သွင်း တွက်ချက်ထားတဲ့ အချက် ၁၁ ချက်ကို ကိုးကားပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြန်လည် ရှင်းလင်း ပြောဆိုခဲ့ပြီး ကာလုံနဲ့ ပတ်သက်လို့ အခုလို မေးခွန်း ထုတ်လာတာ ဖြစ်ပါတယ်။

"နိုင်ငံတော် လုံခြုံရေးအတွက် ဘာဥပဒေတွေပြဋ္ဌာန်းသင့်တယ်၊ ဘယ်လိုလူတွေကိုတော့ ဒို့နိုင်ငံထဲ ဝင်ခံလို့ရမဘူး၊ ဘယ်လို လူတွေတော့ ဥပဒေအရ ဘယ်စည်းကမ်းတွေဖောက်ဖျက်လို့မရဘူးဆိုတာ ဥပဒေပြုအဖွဲ့အစည်းတွေက နိုင်ငံတော်ရဲ့ လိုအပ်ချက် ပေါ်ပေါက် လာတာမှန်သမျှ ဆောင်ရွက်ရမယ်၊ အဲဒီအတွက် ဘယ်သူ ဆုံးဖြတ်ပေးမှာလဲ၊ ကျွန်တော်တို့ အခြေခံဥပဒေမှာ ဖော်ပြထားပြီးသား၊ နိုင်ငံတော်လုံခြုံရေးနဲ့ကာကွယ်ရေးကောင်စီ၊ သူတို့က ဒီ ကာလုံခေါ်တဲ့ ဒီအဖွဲ့အစည်းက စစ်ဖြစ်တော့မှ လုပ်မှာ လား၊ အကြောင်းရာတစ်ခုခုဖြစ်ပေါ်မှ လုပ်မှာလား" လို့ သူက ပြောပါတယ်။

ဒီအဖွဲ့အနေနဲ့ နိုင်ငံတကာ အခြေအနေကို လေ့လာနေပြီး နိုင်ငံအပေါ် ခြိမ်းခြောက်မှု၊ စိန်ခေါ်မှု အမြဲတမ်းသုံးသပ်ဖို့သလို လက်ရှိဖြစ်နေတဲ့ အခြေအနေကို အမြဲတမ်းသုံးသပ် ဆွေးနွေးတိုင်ပင် ဆုံးဖြတ်ဖို့လိုတယ်လို့လည်း ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောပါတယ်။

"ခြေမြစ်မြစ် သဘောပေါက် နားလည်ဖို့ လိုတယ်၊ အလကားနေရင်း ကာလုံဖွဲ့စည်းထားတာမဟုတ်ဘူး၊ ဒါဆောင်ကို ဆောင်ရွက် ရမယ့် ကိစ္စ၊ ကျွန်တော်တို့ ခုလက်ရှိ ဖြစ်နေတဲ့ အခြေအနေတွေ ဖြစ်နေတယ်၊ အမြဲတမ်းသုံးသပ်ပြီး အမြဲတမ်း ဆွေးနွေးပြီး အမြဲတမ်းတိုင်ပင်ပြီး အမြဲတမ်းဆုံးဖြတ်နေရမယ်" လို့ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောပါတယ်။

လက်ရှိ အခြေခံ ဥပဒေ အရ ကာလုံ အစည်းအဝေးခေါ်မခေါ်ကို သမ္မတကပဲဆုံးဖြတ်နိုင်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အာဏာ ရယူခဲ့ပြီးတဲ့ နောက်ပိုင်း ကာလုံအစည်းအဝေးကို တခါမှ ခေါ်ယူခဲ့ဖူးခြင်းမရှိ သေးပါဘူး။

ကာလုံလို့ခေါ်တဲ့ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ မှာ သမ္မတ၊ ဒုသမ္မတ နှစ်ယောက်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ တပ်မတော်ဘက်က တပ်ချုပ်၊ ဒုတပ်ချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီးတို့နဲ့ ဖွဲ့စည်းထားပါတယ်။ ဒုတိယသမ္မတတစ်ယောက်ကလည်း တပ်မတော်ဘက်က တင်သွင်းခွင့်ရ ထားတာမို့ ကာလုံမှာ တပ်မတော်ဘက်က ကိုယ်စားလှယ်တွေက အများစု ရှိနေပါတယ်။

အပစ်ခတ် ရပ်စဲရေး ဘာကြောင့် သက်တမ်းမတိုးတော့တာလဲ

ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီးလည်း ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ၂၁ ရက်နေ့ကနေ ၂ဝ၁၉ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့ ၉ လတာ ကာလအတွင်း တပ်မတော်နဲ့ လက်နက် ကိုင် တပ်တွေရဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားမှု ၂၂၂ ကြိမ်၊ လက်နက်ကိုင် အချင်းချင်း ထိတွေ့မှု ၄၅ ကြိမ်၊ လက်နက်ကိုင် အဖွဲ့တွေရဲ့ နယ်မြေ ကျော်လွန် လှုပ်ရှားမှု ၄၇၃ ကြိမ်၊ လူသစ် စုဆောင်းမှု ၁ဝ၅ ကြိမ် ဖြစ်ပွားခဲ့တယ်လို့လည်း ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောပါတယ်။

ဒါ့အပြင် အပစ်အခတ် ရပ်စဲထားတဲ့ ၉ လတာ ကာလအတွင်းမှာ ငြိမ်းချမ်းရေးအတွက် ထိထိရောက်ရောက် လုပ်ကိုင်ဆောင် ရွက်ဖို့ ကြေညာချက်တွေ ထုတ်ပြန်ပေးခဲ့တယ်လို့ ဆိုပါတယ်။

"သို့သော်လည်း ဒီနေရာမှာ အဓိကက ကျွန်တော်တို့ TNLA၊ AAနဲ့ MNDAA ဒီအဖွဲ့တွေ လုပ်ဆောင်ချက်တွေ ပြန်ကြည့် လိုက် တော့ ကျွန်တော်တို့ ပြောခဲ့ပါတယ်၊ အပစ်အခတ် ရပ်စဲရေး တိုးပေးတိုင်း တိုးပေးတိုင်း၊ မတိုးခင် မတိုးခင်မှာ သူတို့ရဲ့ လုပ်ဆောင်ချက် အပေါ် ကြည့်မယ်၊ ကျွန်တော်တို့ အကြိမ်ကြိမ် ပြောခဲ့ပါတယ်၊ သူတို့ရဲ့ ငြိမ်းချမ်းရေး အပေါ်မှာ လိုချင်တာလား၊ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုချင်တာလား၊ မလိုချင်တာလား ဒီအပေါ်မှာ မူတည်ပြီးတော့မှ ရလဒ်တွေ ရှိမယ်ဆိုပြီး ကျွန်တော်တို့ ပြောခဲ့ပါတယ်" လို့ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောပါတယ်။

ဒါပေမဲ့ ဒီအဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တွေက အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်တွေကို မတွေ့ခဲ့ရသလို ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့အခါမှာလည်း ထိရောက်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ၊ ရလဒ်တွေ မရခဲ့ဘူးလို့လည်း သူကဆိုပါ တယ်။

"နောက်ဆုံး ကျိုင်းတုံမှာ ၁၇ ရက်နေ့က လုပ်ခဲ့တဲ့ Bilateral ထိုးနိုင်အောင်အထိ NRPCကလည်း ထုတ်ပြန်ထားပြီး ဖြစ်ပါ တယ်၊ Bilateral ထိုးနိုင်အောင်အထိကို ကျွန်တော်တို့ တပ်မတော်က တာဝန်ရှိတဲ့သူတွေပါ ပါဝင်ပြီးတော့ ကျမှ စောင့်ဆိုင်းခဲ့သော်လည်း ရေရာတဲ့ အကြောင်းပြချက်တွေ မရှိဘဲနဲ့ သူတို့ဘက်က ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာနဲ့ လာပြီးတော့ ဆောင်ရွက်တဲ့ ပုံစံကို မတွေ့ရဘဲနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အောင်မြင်တဲ့ ရလဒ် ထိရောက်တဲ့ အကျိုးကျေးဇူး ရလဒ်တွေ ထွက်ပေါ်ခဲ့တာ မတွေ့ရဘူး ဖြစ်ပါတယ်" လို့ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောပါတယ်။

ဒါ့ကြောင့် အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်ရင် သူတို့ရဲ့ လုပ်ရပ်တွေကို ဆက်လက် စောင့်ကြည့်သွားဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။

ရခိုင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်ပြီး ရှင်းလင်းခဲ့တဲ့ တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ၂ဝ၁၉ ခုနှစ် သြဂုတ် ၂၁ ရက်နေ့ကနေ စက်တင်ဘာ ၂ဝ ရက်နေ့အထိ ရခိုင်ပြည်နယ်မှာ တိုက်ပွဲ ၃၇ ကြိမ် ဖြစ် ခဲ့ပြီး မိုင်းထောင် ဖောက်ခွဲမှု ၂၇ ကြိမ် အထိ ရှိခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ၂၀၁၉ ဇန်နဝါရီလကနေ စက်တင်ဘာ ၁၅ ရက်နေ့အတွင်း ကျပ် ၂၈၀ ဘီလီယံတန်ကြေးရှိတဲ့ မူးယစ်ဆေးဝါး တွေကို သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

လာမယ့် ၂ဝ၂ဝ ခုနှစ်ကျရင် လက်ရှိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တာဝန်ကို ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ နိုင်ငံရေး လောကထဲကို ကူးပြောင်းဖို့ ရှိသလားဆိုပြီး သတင်းထောက်တဦးက မေးမြန်းရာမှာ ဒါဟာ အခြေခံ ဥပဒေပါ နိုင်ငံသားတိုင်းရဲ့ အခွင့်အရေး ဖြစ်ပြီး သူ့ရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်နေတာကြောင့် စောင့်ကြည့်ဖို့ လိုတယ်လို့ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောပါတယ်။

ဒါ့အပြင် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲကာလမှာ တပ်က ထိပ်တန်း အရာရှိတွေ ရွေးကောက်ပွဲမှာ ဝင်ပြိုင်တဲ့ သာဓကတွေ ရှိခဲ့တာကြောင့်အခု လာမယ့် ရွေးကောက်ပွဲမှာလည်း စစ်ဗိုလ်ချုပ်တွေ ရွေးကောက်ပွဲမှာ ဝင်အရွေး ခံမခံက စောင့်ကြည့်ရမယ်လို့လည်း ဆိုပါတယ်။

၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ တပ်တွင်း မဲရုံတွေနဲ့ ပတ်သက်ပြီး တပ်မတော်အနေနဲ့ ဘာများ လုပ်ဆောင်သွားဖို့ ရှိသလဲဆိုတဲ့ သတင်းထောက်တဦးရဲ့ အမေးကိုတော့ ရွေးကောက်ပွဲကော်မရှင်က ဘယ်လို ဆောင်ရွက်သွားမလဲဆိုတာ ကော်မရှင်ကို မေးကြည့်ဖို့ ဗိုလ်ချုပ်ထွန်းထွန်းညီက ဖြေကြားခဲ့ပါတယ်။