NLD တိုင်းရင်းသားရေးရာ ကော်မတီ ဖွဲ့တာ ရွေးကောက်ပွဲ အတွက် ပြင်တာလား

တိုင်းရင်းသားအရေး

ဓာတ်ပုံ ရင်းမြစ်, Shwe In Thar Khin Mg Win

ဓာတ်ပုံ ပုံစာ, တိုင်းရင်းသားအရေး ကိစ္စတွေကို တိုင်းနယ်ပြည်နယ်တွေနဲ့ချိတ်ဆက်ပြီးဆောင်ရွက်သွားမယ်

ရန်ကုန်မှာ ကျင်းပခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဗဟိုကော်မတီ၊ တတိယအကြိမ်မြောက် ပုံမှန် အစည်းအဝေးကနေ တိုင်းရင်းသားရေးရာ ကော်မတီ ဖွဲ့စည်း လိုက်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်က ဘီဘီစီကို ပြောပါတယ် ။

အဲဒီကော်မတီကို ဗဟို အလုပ်အမှုဆောင် ကော်မတီသုံးဦးနဲ့ စတင် ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး တိုင်းရင်းသားအရေး ကိစ္စတွေကို တိုင်းနဲ့ပြည်နယ်တွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်သွားမယ်လို့လည်း သူက ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအတွက် မဟာဗျူဟာ ချမှတ်ရေးကိုလည်း ပြင်ဆင်နေကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲနဲ့ အခြေအနေတွေ ကွာခြား သွားပြီ ဖြစ်တဲ့အတွက် တိုင်းနဲ့ ပြည်နယ်တွေက လက်ရှိ အခြေနေတွေကို စုဆောင်းပြီးမှ တစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ မဟာဗျူဟာကို ချမှတ်မှာ ဖြစ်ကြောင်းလည်း ဒေါက်တာမျိုးညွန့်ကပြောပါတယ်။

တိုင်းနဲ့ပြည်နယ်တွေထဲမှာ သိသာတဲ့ ပြောင်းလဲမှုကတော့ ရခိုင်ပြည်နယ် ဖြစ်ပြီးတော့ ၂၀၁၅ နဲ့ မတူဘဲ တိုက်ပွဲတွေ ဖြစ်နေတဲ့ အနေအထားမှာ ရှိနေတယ်လို့လည်း သူကပြောပါတယ်။

ကော်မတီဖွဲ့ဖို့ ဆုံးဖြတ်လိုက်တဲ့ အခုအစည်းအဝေးဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ ပြီးရင် မူဝါဒနဲ့ လမ်းညွှန်ချက် တွေ ချမှတ်တဲ့ အဆင့်အမြင့်ဆုံး အစည်းအဝေးလည်း ဖြစ်ပါတယ်။

လက်ရှိတိုင်းဒေကြီးဝန်ကြီးချုပ်တွေ အစည်းဝေးတက်တာတွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NLD

ဓာတ်ပုံ ပုံစာ, လက်ရှိတိုင်းဒေသကြီးဝန်ကြီးချုပ်တွေ အစည်းဝေးတက်တာတွေ့ရပါတယ်။

ဘာကြောင့်တိုင်းရင်းသားကော်မတီဖွဲ့တာလဲ

တိုင်းရင်းသား ကော်မတီတွေ ဖွဲ့ဖို့ဟာ အရင်ကတည်းက အစီအစဉ် ရှိခဲ့တာ ဖြစ်ပြီး အချိန်တစ်ခုကို စောင့်နေတာ ဖြစ်တယ်၊ အခုတော့ သင့်တော်ပြီလို့ ယူဆလို့ ဖွဲ့လိုက်တာ ဖြစ်တယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

တိုင်းရင်းသားနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ပိုပြီး ထိထိရောက်ရောက် ဆောင်ရွှက်သွားမယ်လို့လည်း သူက ပြောပါတယ်။

ကော်မတီက တိုင်းရင်းသားစာပေ ယဉ်ကျေးမှုနဲ့ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေး လိုအပ်ချက်တွေကို ပိုပြီး အာရုံစိုက်မယ်လို့လည်း ရှင်းပြပါတယ်။

တိုင်းရင်းသားကော်မတီ ဖွဲ့တာဟာ၂၀၂၀ ရွေးကောက်ပွဲ အတွက် မဟာဗျုဟာ ဖြစ်တယ်လို့ အစည်းဝေးအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ထည့်ပြီး မပြောခဲ့ပေမဲ့ တိုင်းရင်းသား နယ်မြေတွေမှာ ပါတီကို ထောက်ခံမှု ရလာအောင် ကြိုးပမ်းဖို့ကိုတော့ ပါတီက မဟာဗျူဟာ ချမှတ်ပြီး ပြင်မယ်လို့လည်း ပါတီဗဟိုက ပြောပါတယ်။

ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်

ဓာတ်ပုံ ရင်းမြစ်, ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် FB

ဓာတ်ပုံ ပုံစာ, ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ ဒေါ်စုစုလွင်

ကော်မတီမှာဘယ်သူတွေပါသလဲ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဖွဲ့စည်းလိုက်တဲ့ ကော်မတီမှာ ကချင်ပြည်နယ်က ဦးအင်ထူဂါးနော်ဆန်က ဥက္ကဋ္ဌ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့ ပါဝင်တယ်လို့လည်း သိရပါတယ်။

တိုင်းနဲ့ပြည်နယ်တွေက ပါဝင်မယ့်သူတွေနဲ့ ကော်မတီကို ထပ်ပြီး အားဖြည့်ဖို့ ရှိနေပါတယ် ။

အားဖြည့် ပြီးရင်တော့ တိုင်းရင်းသားရေးရာကို ကော်မတီက အရှိန်အဟုန်နဲ့ ဆောင်ရွက်မယ်လို့လည်း စက်တင်ဘာလ ၂၂ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ် ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားတွေအကြား အခုနှစ်အတွင်း ဗိုလ်ချုပ်ကြေးရုပ် ထားရှိရေး မှာ ကန့်ကွက်မှုတွေ ရှိခဲ့ပြီး ချင်းပြည်နယ်မှာလည်း ဗိုလ်ချုပ်ကြေးရုပ် ထားရေးမှာ ကန့်ကွက်မှုတွေ ရှိနေပါတယ်။

ယေဘုယျအားဖြင့် တိုင်းရင်းသားတွေဟာ ဒီမိုကရေစီ အစိုးရလက်ထက်မှာ ဖက်ဒရယ် အသီးအပွင့်တွေကို ခံစားရမယ်လို့ ယူဆထားကြတာမို့ ဖက်ဒရယ် အသီးအပွင့်တွေ ချက်ချင်းမခံစားရတဲ့ အချိန်မှာ မကျေနပ်တာတွေ၊ အားမလို အားမရဖြစ်တာတွေ၊ တိုင်းရင်းသားတွေဘက်မှာ ရှိနေတယ်လို့လည်း ဒေါက်တာမျိုးညွှန့်က ပြောပါတယ်။

ညွန့်ပေါင်း ပုံစံအနေအထားကို မလိုလားဘူးပြော

ဓာတ်ပုံ ရင်းမြစ်, NLD FB

ဓာတ်ပုံ ပုံစာ, ညွန့်ပေါင်း ပုံစံအနေအထားကို မလိုလားဘူးပြော

ရွေးကောက်ပွဲအတွက် ပြင်တာလား

၂၀၂၀ မှာ ရွေးကောက်ပွဲ အောင်နိုင်ရေးကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လုပ်ငန်းစဉ် ချမှတ်ပြီး မဟာဗျူဟာ ချမှတ်ဖို့ ရှိတယ်လို့လည်း ပါတီက စက်တင်ဘာ ၂၂ရက် နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ အားကောင်းတဲ့ အစိုးရ ဖွဲ့စည်းနိုင်တဲ့ အနိုင်ရမှုသာ လိုပြီး ညွန့်ပေါင်းပုံစံ မလိုလားကြောင်း ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးတင်ထွဋ်ဦးက ပါတီဝင်တွေကို စက်တင်ဘာ ၂၁ ရက်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို (ဌာနချုပ်) ရုံးမှာ ပြုလုပ်တဲ့ ဒုတိယ ဗဟိုကော်မတီ၊ တတိယ ပုံမှန်အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

"ဒီလိုမဟုတ်ဘဲ ညွန့်ပေါင်း ပုံစံအနေအထားနဲ့သာဖြစ်ခဲ့မယ် ဆိုရင် တိုင်းပြည်ရဲ့အခြေအနေဟာ ရှေ့မတိုးနိုင်၊ နောက်မဆုတ် သာ ဖြစ်နိုင်တာကို သတိပြုကြဖို့ လိုပါတယ်" လို့ သဘာပတိက သတိပေး သွားပါတယ်။

ရခိုင်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၅ ရွေးကောက်ပွဲတုန်းက အနိုင်ရမှု နည်းခဲ့သလို ကယားမှာလည်း အရင်အာဏာရ ပါတီက အနိုင်ရ နယ်မြေတွေ ရှိပါတယ်။

ကော်မတီဖွဲ့ပြီး ဘာလုပ်မှာလဲ

ကော်မတီ ဖွဲ့ပြီးရင်တော့ ဒီကော်မတီဟာ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံပြီး ညှိနှိုင်း တိုင်ပင်မှုတွေ လုပ်သွားမယ်လို့လည်း ကော်မတီ လုပ်ငန်းစဉ်တွေကို ဒေါက်တာမျိုးညွန့်က ရှင်းပြပါတယ်။

ဒီမိုကရေစီ ဖက်ဒရယ်ကို သွားမယ် ဆိုတဲ့ ရည်ရွယ်ချက်က အတူ ရှိပေမယ့် တိုင်းရင်းသားတွေနဲ့ သဘောကွဲလွဲမှုတွေ ရှိရတာဟာ ထိတွေ့မှု ဝေးကွာသွားလို့ ဖြစ်ပါတယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ် ။

ပိုပြီး နီးစပ်တဲ့ ဆက်ဆံရေး ထူထောင်မှာဖြစ်သလို အားလုံး အကျိုးရှိမယ့် ပူးပေါင်း ဆောင်ရွက်မှုတွေ ရအောင် ဒီအဖွဲ့ကို ဖွဲ့စည်းလိုက်တာလို့လည်း ပြောပါတယ်။

ရန်ကုန်မှာ နှစ်ရက်ကြာ ပြုလုပ်ခဲ့တဲ့အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီ အစည်းအဝေးမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ပြည်တွင်းစစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ အဖွဲ့ချုပ် အဖွဲ့ဝင်များအကြား ညီညွတ်ရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေး၊ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ အောင်နိုင်ရေးတို့ကို ရှေ့လုပ်ငန်းစဉ်တွေအဖြစ် ချမှတ်ခဲ့ပါတယ်။