တပ်မတော်နဲ့ ၄၃၆ ကို ကျော်လို့ မရရင် ဘာလုပ်မလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အခြေခံဥပဒေ ဖွဲ့စည်းပုံ ပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ဇူလိုင် ၃၀ ရက်နေ့ ကစတင် ဆွေးနွေးခဲ့ပြီးတော့ သြဂုတ်လ ၁ ရက်နေ့ မှာ ပြီးဆုံးသွားခဲ့ပါပြီ။
ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးရာမှာတော့ တပ်မတော်သားကိုယ်စားလှယ်တွေ စာရင်းပေးထားခဲ့ပေမယ် မပါတော့ သလို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၆ ဦးအပါအဝင် ကိုယ်စားလှယ်ပေါင်း ၄၁ ဦး ဆွေးနွေးခဲ့ကြ ပါတယ် ။
နောက်ဆက်လုပ်မယ့် အစီအစဉ်တွေကို လွှတ်တော်က ကြေညာမယ်လို့ လည်း ပြည်ထောင်စုလွှတ်တော်နာယက ကပြောသွားပါတယ်။
ပါတီပေါင်း ၁၄ ခုကနေ ပြင်ဆင်လိုတဲ့အချက်တွေကို အဖွဲ့ဝင် ၄၅ ဦးပါ ဥပဒေကြမ်းကော်မတီကို စုစည်းတင်သွင်းခဲ့တာ ဖြစ်ပြီးတော့ နောက်တစ်ဆင့်ခရီးကတော့ အချက်ပေါင်း ၃၇၀၀ ကျော်စုစည်းထားတဲ့ မူကြမ်းပေါင်းချုပ်ကနေ လွှတ်တော်ကို တင်သွင်းမယ့် ပိုပြီးကျစ်လျစ်တဲ့မူကြမ်းတစ်ခု လွှတ်တော်ကို တင်ဖို့ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Pyidaungsu Hluttaw
လွှတ်တော် ကို တင်သွင်းမယ့် ပြင်ဆင်ရေး မူကြမ်းဘယ်သူက ဆွဲမှာလဲ
လွှတ်တော် က ပူးပေါင်းကော်မတီ အစီရင်ခံစာ ကိုဆွေးနွေးမှု ပြီးသွားတော့ အချက်ပေါင်း၃၇၀၀ ကျော်မူကြမ်းပေါင်းချုပ်ကို မဲခွဲ အတည်ပြုရမှာ ဖြစ်တယ်လို့လည်း ဥပဒေကြမ်းကော်မတီ ဝင်တစ်ဦးကပြောပါတယ်။
အဲဒီနောက်လွှတ်တော်ကို တင်သွင်းမယ့် မူကြမ်းကို ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ နဲ့ ပြင်ပဥပဒေပညာရှင်တွေ လူမှုရေးအဖွဲ့စည်းတွေ တိုင်းရင်းသားအဖွဲအစည်းတွေ အစိုးရဖက်က တာဝန်ရှိသူတွေပါတဲ့ အဖွဲ့တွေ နဲ့ ပြန်ဆွဲမှာဖြစ်တယ်လို့ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီဝင် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်း က ဘီဘီစီကိုပြောပါတယ် ။
" ၉ဖွဲ့လောက်ရှိတယ်၊၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီလည်းပါမယ်၊ ဒီအဖွဲ့တွေကပဲ လွှတ်တော် ကို တင်မယ့် မူကြမ်းမှာဘယ်အချက် တွေပါမယ် မပါ ဘူးဆုံးဖြတ်ကြမှာပါ။ ဒီမူကြမ်း ကအချက်တွေ ပိုနည်းလာမယ် ပိုပြီး ရုပ်လုံးပေါ်လာမယ်" လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန် ဝင်း က ဘီဘီစီကိုပြောပါတယ်။
ဥပမာ ပုဒ်မ ၅၉ လို ပုဒ်မမျိုးမှာ ပြင်ဆင်လိုတဲ့ပါတီ၊ မပြင်ဆင်လိုတဲ့ ပါတီ စတဲ့ သဘောထားကွဲပြားမှုတွေရှိတော့ အဲဒီအခါ ကျရင် ဘယ်လိုဆုံးဖြတ်မှာလဲ ဆိုတာနဲ့ပတ်သက်လို့ "တချို့နေရာတွေမှာ အကြိတ်အနယ်ရှိလာရင် ကော်မတီဝင်နဲ့ ပညာရှင်တွေ က မဲခွဲ ဆုံးဖြတ်မှာပါ "လို့ လည်း ဦးစိန် ဝင်း ကပြောပါတယ်။
ဖွဲ့စည်းပုံပြင်ဆင်ရေး မူကြမ်းကလွှတ်တော် ဘယ်အချိန်ရောက်မလဲ
၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီဝင်တွေဆီက သတင်းတွေအရ ဆိုရင်တော့ အချိန်ကာ လ တိတိကျကျ သတ်မှတ်ထားတာ မရှိဘူးလို့ သိရပါတယ်။
"အရင် အချက်ပေါင်း၃၇၀၀ ကျော်စုစည်းထားတဲ့မူကြမ်းပေါင်းချုပ်တုန်း က ၄ လလောက် ကြာခဲ့တယ်၊ အခု ဟာ ကတော့ အဲဒီပညာရှင်တွေပါတဲ့ အဖွဲ့နဲ့ အခန်းလိုက် ပြန်ပြီးဆွဲ ယူရမှာ ပါ ။အလွန်ဆုံးကြာရင် ၆ လလောက် ပဲ ကြာနိုင်တယ်"လို့လည်း ဦးစိန် ဝင်း ကပြောပါတယ်။
ဒီအဆင့်ဟာ လွှတ်တော်မှာဆွေးနွေး မဲခွဲကြရုံတင် မဟုတ်ပါဘူး။ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး အခန်းမှာ ပြဌာန်းထားတဲ့အတိုင်း အခန်း ၁၂ နဲ့ ပြင် မယ် ဆိုရင်တော့ နောက်တစ်ဆင့်က ဆန္ဒ ခံယူပွဲ ပါ လုပ် ရဖို့ရှိပါတယ် ။

ဓာတ်ပုံ ရင်းမြစ်, Pyidaungsu Hluttaw
အဲဒီကာလဟာ ၂၀၂၀ ရွေးကောက်ပွဲကာလနဲ့သိပ်နီးနေတော့ ရွေးကောက်ပွဲ အပြီး အစိုးရသစ် တက် လာမှ ပဲ ဆန္ဒခံယူပွဲ တွေလုပ် ပြီးပြင်ဖို့ရှိလိမ့်မယ် လို့ ဦးစိန်ဝင်းကမှန်းပါတယ် ။
တပ်ကိုယ်စားလှယ် တွေ မထောက်ခံဘဲ၂၀၀၈ ဖွဲ့စည်း ပုံ ပြင် နိုင်မလား
အခြေခံဥပဒေကို ပြင်ဖို့ လက်ရှိအာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့တပ်မတော်တို့ ညှိနှိုင်းဆောင်ရွက်ကြ ဖို့ တိုင်းရင်းသားပါတီအချို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက တိုက်တွန်းလိုက်ပါတယ်။
သြဂုတ်လ ၁ ရက်နေ့ မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အခြေခံဥပဒေပြင်ဆင်ရေးကို ဆွေးနွေး တဲ့အခါ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်အချို့ က ထည့်သွင်းဆွေးနွေးခဲ့ကြတာပါ။
အာဏာရပါတီနဲ့ တပ်မတော်တို့ ညှိနှိုင်းဆောင်ရွက်မယ်ဆိုရင် အခြေခံဥပဒေပြင်ဆင်ရေးဟာ ခရီးပေါက်နိုင်မယ်လို့ ရခိုင်အမျိုးသားပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကဆွေးနွေးပါတယ်။
ဒီလို ညှိနှိုင်းတာမျိုးမရှိရင်တော့ ပြင်ဆင်ရေး ရလဒ်က သုညဖြစ်လိမ့်မယ်လို့လည်းဆိုပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးကတော့ တပ်မတော်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ဟာ ပြည်သူ့မျက်နှာကို ရှေးရှုပြီး အခြေခံဥပဒေကို ပြင်ပေး ပါလို့ ပြောပါတယ်။
ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီက တော့အခြေခံဥပဒေပြင်ဆင်ရေး ကို ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း ၁၂ အတိုင်း ပြင်မယ် လို့ ဇူလိုင်လ ၁၅ ရက်နေ့ က လွှတ်တော် မှာ ပြောထားပါတယ် ။
အဲဒီအတိုင်းဆို ရင် အနည်းဆုံး တပ်မတော်သားကိုယ်စားလှယ် တစ်ယောက် မထောက်ခံဘဲ ပြင် လို့မရနိုင်ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Pyidaungsu Hluttaw
ဖွဲစည်းပုံ ပြင်ဆင်ရေးအကျပ်တည်းကျော်လွားနိုင်မယ့် နည်းလမ်းက ဘာလဲ
ဒါပေမယ့် အာဏာရပါတီ ဦးဆောင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီမှာ ဒီအခြေအနေကို ကျော်လွှားနိုင်မယ့် နည်းလမ်း ရှိလိမ်မယ်လို့ လို့ ဦးစိန်ဝင်းက ယုံကြည်နေပါတယ်။
သူက မူကြမ်းပြင်ထားတဲ့ အခန်း၁၂ ပြင်ဆင်ခြင်းအသစ်နဲ့ ပြင်နိုင်တယ်လို့ ပြောတာပါ။
၂၀၀၈ အခြခံ ဥပဒေ ၄၃၆ က အရ တပ်ကိုယ်စားလှယ် မပါပဲ အရေးကြီးတဲ့ ပုဒ်မတွေ အများစု ဟာ ပြင်လို့မရနိုင်ဘူးလို့ ပြည်ထောင်စုရှေ့နေများနဲ့ ဥပဒေအထောက်ကူပြုသူများအဖွဲ့ ဥက္ကဌ ဦးကြီးမြင့်ကပြောပါတယ် ။
"လွှတ်တော်ထဲကို မူကြမ်းရောက်လာရင် ၄၃၆ ကို ဘယ်လိုနည်းနဲ့မှ မကျော်နိုင်ပါဘူး။ တစ်ခုတော့ ရှိတယ် အခု လွှတ်တော် မှာ တပ်ကိုယ်စားလှယ်တွေ က အခြေခံ ဥပဒေ ပြင်ဆင်ရေး မဆွေးနွေးတော့ဘူးဆိုတော့ တပ်နဲ့ အန်အယ်လ်ဒီ ညှိပြီး ပြင်ကြမလားပေါ့လေ၊ဒါလည်း စဉ်းစားစရာ တစ်ခု ဖြစ်ပါတယ် "လို့ သူကပြောပါတယ်။
အခုအခြေနေကတော့ ပြင်ဆင်ရေးကော်မတီဖွဲ့တာကိုက အခြေခံဥပဒေနဲ့ မညီဘူးလို့ တပ်ကပြောထားတော့ တပ်နဲ့ အန်အယ်လ်ဒီမှာ ပွတ်တိုက်မှုတွေ ရှိနေတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ် ။
သို့သော် တပ်နဲ့ အန်အယ်လ်ဒီပေါင်းပြင်ရင်တော့ တစ်ချို့ဟာလေးတွေ ပြင်လို့ရမယ် ၊ ဥပမာ ၂၆၁ လို ဝန်ကြီးချုပ်ခန့်တာ မျိုး တွေ ပါနိုင်မယ်၊ အခု ၃၇၀၀ ကျော်ထဲ က အရေးကြီးတဲ့ ကာလုံတို့၊ လွှတ်တော်ထဲမှာ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်မှု တို့ ကိုတော့ တပ်သဘောမတူရင် ထိလို့မရနိုင်ဘူးလို့ ဦးကြီးမြင့်ကပြောပါတယ် ။

ဓာတ်ပုံ ရင်းမြစ်, Pyidaungsu Hluttaw
၄၃၆ ကို ကျော်လို့ မရရင် ဘာလုပ်မလဲ
အခြေခံဥပဒေပြင်မယ် ဆိုပြီး ရွေးကောက်ပွဲဝင်ခဲ့တဲ လက်ရှိအာဏာရပါတီဟာ မပြင်နိုင်ရင် သိက္ခာကျသလို အခြေခံဥပဒေပြင်ဆင်ရေးမှာ တပ်က နေရာတကာ လိုက်ပြီး ထိပ်တိုက် တွေ့နေတာကိုလည်း သဘောကျလှပုံ မရှိလှပါဘူး။
ဒီတော့ အခြေခံဥပဒေထဲ က ၄၃၆ ကို ကျော်ဖို့ကတော့ ပုံမှန် ပြင်ဆင်ရေးနည်းလမ်းနဲ့ သမားရိုးကျနည်းနဲ့ မရနိုင်ဘူးလို ဥပဒေပညာရှင်တွေက ပြောပါတယ်။
နည်းလမ်းတစ်ခုကတော့ လွှတ်တော်ထဲက ကိုယ်စားလှယ် ၅၀ ရာခိုင်နှုန်းကျော် ထောက်ခံရင် အခြေခံဥပဒေကို ကြိုက်မကြိုက် ဆန္ဒခံယူပွဲ လုပ်ဖို့ လွှတ်တော်မှာ ဆုံးဖြတ်ချက် ချတဲ့နည်းပါ။ အဲဒီနည်းလမ်းမှာ မဲလာပေးသူ တစ်ဝက်ကျော်က ဒါကို ကြိုက်တယ် ဆိုလည်း ၂၀၀၈ အခြေခံ ဥပဒေကို ဒီအတိုင်း ဆက်လက်ထားရှိဖို့ပါ။
နောက်ထပ်နည်းကတော့ ဆန္ဒခံယူပွဲမှာ လူအများစုက အခြေခံဥပဒေကို မကြိုက်ကြောင်း မဲပေးခဲ့ကြရင် အဲဒီ လူထုဆန္ဒအားကို ယူပြီး အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းပြီးမှ ပြန်ပြင်တဲ့နည်းတစ်နည်းပဲ ဖြစ်ပါတယ်။








