ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် - နိုင်ငံတကာ ပုံရိပ် အတွက်လား၊ ပြည်တွင်း နိုင်ငံရေးကို ဦးတည်လား

ဓာတ်ပုံ ရင်းမြစ်, EPA/LYNN BO BO
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ ဩဂုတ်လ နှောင်းပိုင်းကစပြီး အစ္စလာမ်၊ ခရစ်ယာန်နဲ့ ဟိန္ဒူ စတဲ့ ဘာသာတရား အသီးသီးရဲ့ ဝတ်ပြုကျောင်း၊ စာသင်ကျောင်းတွေဆီ သွားရောက်ပြီး ထောက်ပံ့ လှူဒါန်းတာမျိုးတွေ ပြုလုပ်လာပါတယ်။
လူနည်းစု ဘာသာဝင်တွေ၊ မတူကွဲပြားတဲ့ လူမှုအသိုင်းအဝိုင်း အသီးသီးက သူတွေနဲ့ ထိတွေ့ပြီး ဆက်ဆံရေး တိုးမြှင့် တည်ဆောက်လာတာ ဖြစ်ပါတယ်။
စက်တင်ဘာ ၁၇ ရက်၊ အင်္ဂါနေ့မှာ ရန်ကုန်မြို့က နေရာ သုံးနေရာကို ကာကွယ်ရေးဦးစီးချုပ် သွားပါတယ်။
မဟာဗန္ဓုလပန်းခြံလမ်း (အရင်အခေါ် ဘားလမ်း) မှာ ရှိတဲ့ မြန်မာနိုင်ငံ မွတ်ဆလင် ကုသိုလ်ဖြစ် ဆေးရုံနဲ့ ဗိုလ်အောင်ကျော်လမ်းမှာ ရှိတဲ့ သျှရီသျှရီ စန္ဒီမယ်တော်ဘုရားကျောင်းကို အစောပိုင်းကသွားပြီး ငွေကြေးနဲ့ လှူဖွယ် ပစ္စည်းတွေ ထောက်ပံ့ခဲ့သလို၊ မွန်းလွဲပိုင်းမှာလည်း ရွှေတိဂုံစေတီတောင်ဘက်မုခ် ဇီဝကလမ်းမှာရှိတဲ့ အစ္စလာမ် ဘာသာဝင်တွေရဲ့ ဝတ်ပြုကျောင်း ဇဖရ်ရှား ဒါရ်ဂါတော်ကို သွားရောက် လှူဒါန်းပါတယ်။
ဩဂုတ် ၂၅ ရက်မှာ ပျဉ်းမနားမြို့နယ်ထဲက ခရစ်ယာန် ဘုရားကျောင်းတွေနဲ့ အစ္စလာမ် ဗလီဝတ်ကျောင်းတွေကိုသာမက အစ္စလာမ်ဘာသာရေး အာရဗီ အထက်တန်းကျောင်းတို့ကိုပါ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဆန်၊ ဆီ၊ ဆား၊ ပဲ နဲ့ အလှူငွေတွေ ပေးခဲ့ပြီးတဲ့နောက်၊ မန္တလေး၊ ရန်ကုန် မြို့ကြီးတွေမှာလည်း စက်တင်ဘာလထဲ အလားတူ ပြုလုပ်လာတာ ဖြစ်ပါတယ်။
စက်တာဘာ ၁၁ ရက်နေ့မှာ ရတနာပုံခေတ် မင်းတုန်းမင်း ကောင်းမှုတော် မန္တလေးက ရှေးဗလီတစ်လုံး ဖြစ်တဲ့ ဂျွန်းဗလီနဲ့ အဲဒီဗလီမှာ တွဲဖွင့်ထားတဲ့ အစ္စလာမ် ဘာသာရေး အခြေခံ စာသင်ကျောင်း အတွက် ငွေကြေးနဲ့ ဆန်အိတ်တွေ လှူခဲ့ပါတယ်။ တစ်ရက်တည်းမှာပဲ၊ ရွှေနှလုံးတော် ကက်သလစ် ဘုရားကျောင်းကိုလည်း ကာချုပ်က လှူဒါန်းပါတယ်။
နောက်သီတင်းပတ် ကပ်ရက်မှာပဲ အထက်မှာ ဖော်ပြခဲ့သလို ရန်ကုန်မှာလည်း အစ္စလာမ်နဲ့ ဟိန္ဒူ ဘာသာဝင်တို့ကို ထောက်ပံ့ လှူဒါန်းလာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
ဇဖရ်ရှား ဗလီမှာ ကာချုပ်ဘာပြောလဲ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မန္တလေးမှာတုန်းက ရတနာပုံခေတ်ကတည်းက တည်ဆောက်ခဲ့တဲ့ ဂျွန်းဗလီလို သမိုင်းဝင် နေရာမျိုးကို သွားခဲ့သလို၊ ရန်ကုန်မှာလည်း ဇဖရ်ရှား ဒါရ်ဂါကို ရောက်လာပါတယ်။
(ဇဖရ်ရှား ဒါရ်ဂါ ဆိုတာ အိန္ဒိယ နောက်ဆုံးမင်းလည်းဖြစ် မဂိုမင်းဆက် နောက်ဆုံး ဘုရင်လည်း ဖြစ်တဲ့ ဗဟာဒူရ် ရှား ဇဖရ်ရဲ့ ဂူဗိမာန်ရှိတဲ့ ဗလီဝတ်ကျောင်း ဖြစ်ပါတယ်။ သီပေါဘုရင်ကို အင်္ဂလိပ်က အိန္ဒိယကို ပို့လို့ ကုန်းဘောင်မင်းဆက် ပြတ်သွားရသလိုပဲ၊ အိန္ဒိယ နောက်ဆုံးဘုရင် ဇဖရ်ရှားလည်း ရန်ကုန်ကို ပို့ အကျယ်ချုပ်နဲ့ ထားခံခဲ့ရတာ ဖြစ်ပြီး ရန်ကုန်မှာပဲ ကွယ်လွန်ပါတယ်။ မဂို နောက်ဆုံးမင်း ဇဖရ်ရှားဟာ အစ္စလာမ် ဘာသာရေးမှာ သူတော်စင်အဖြစ် အများက ကြည်ညိုလို့ သူ့ရဲ့ ဂူဗိမာန်ရှိရာမှာ ဗလီဝတ်ကျောင်း ဆောက်ထားတာ ဖြစ်ပါတယ်။)
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောတဲ့ စကားတွေကို ကြည့်ရင် ပျဉ်းမနား၊ မန္တလေးတို့မှာ တုန်းကလိုပဲ မြန်မာနိုင်ငံထဲ အစ္စလာမ်ဘာသာဝင်တွေ တည်ရှိမှုကို အသိအမှတ်ပြုတဲ့ စကားတွေ၊ မွတ်ဆလင် အသိုင်းအဝိုင်းဟာလည်း မြန်မာလူ့ဘောင်ထဲက အစိတ်အပိုင်း ဖြစ်ကြောင်း အသိအမှတ် ပြုတဲ့ စကားတွေ ပါဝင်တယ်လို့ ဇဖရ်ရှား ဗလီကို လှူဒါန်းပွဲမှာ ကိုယ်တိုင်ရှိနေခဲ့တဲ့ မွတ်ဆလင် အသိုင်းအဝိုင်းက ပြောပါတယ်။
"တိုင်းပြည်ရဲ့လုပ်ငန်းတွေကို စည်းစည်းလုံးလုံးနဲ့ လုပ်ကြရမယ်၊ အားလုံးစည်းလုံး နေဖို့လိုတယ်၊ မစည်းလုံးပဲ ကြားစကားတွေ ဝင်လာမယ်ဆိုရင် ပြဿနာ ကြီးငယ်ဆိုတာ ရှိနိုင်တယ်၊ ဖြစ်ပျက်နေတာတွေကို ချင့်ချိန်သုံးသပ်ရမယ် … အဲဒီလို ပုံစံမျိုး ကာချုပ်ဘက်က ပြောသွားတယ်" ဆိုပြီး ဇဖရ်ရှား ဗလီကို လှူဒါန်းပွဲ တက်ခဲ့တဲ့ အစ္စလာမ် သာသနာရေးရာ ကောင်စီ ဌာနချုပ် ဥက္ကဋ္ဌ ဦးညွန့်မောင်ရှိန်က ဘီဘီစီကို ပြောပါတယ်။
ဖြစ်ပျက်နေတာတွေလို့ ဆိုရာမယ် ဘယ်အကြောင်းအရာလည်း ဆိုတာကိုတော့ ကာချုပ်က အတိအကျ ညွှန်းဆိုတာမျိုး မလုပ်ပဲ ယေဘုယျသဘော ခြုံငုံပြောတာ ဖြစ်တယ်လို့ ဆိုပါတယ်။
မွတ်ဆလင်တွေဘက်ကလည်း ဝတ်ပြုရာမှာ နေရာမလုံလောက်နေတဲ့ ပြဿနာမျိုး ရှိတယ်လို့ ပြန်လည် တင်ပြတာမျိုး ရှိတယ်လို့ သိရပါတယ်။ မန္တလေး ဂျွန်း ဗလီမှာတုန်းကလည်း အပိတ်ခံထားရတဲ့ ဗလီတွေ ပြန်ဖွင့်ဖို့ အရေး ပြောဆိုတာမျိုး ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, cincds.gov.mm

ဓာတ်ပုံ ရင်းမြစ်, MPA
မွတ်ဆလင်အသိုင်းအဝိုင်းနဲ့ ထိတွေ့မှုဟာ ဘာလို့ ပိုအာရုံစိုက်ခံရတာလဲ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ ခရစ်ယာန်၊ ဟိန္ဒူ စတဲ့ အသိုင်းအဝိုင်းတွေနဲ့လည်း တွေ့ဆုံနေပေမယ့် မွတ်ဆလင် အသိုင်းအဝိုင်းနဲ့ ရင်းနှီးမှု တည်ဆောက်လာတဲ့ အပေါ် ပိုပြီး အာရုံစိုက် ခံရပါတယ်။
အကြောင်းကတော့ ရခိုင် အကျပ်အတည်းကြောင့် နိုင်ငံတကာ ဖိအားတွေဟာ တပ်မတော်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော် ခေါင်းဆောင်တွေ အပေါ် ပစ်မှတ်ထား နေတာကြောင့် ဖြစ်တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။
"အခြေခံကတော့ အမျိုးသားရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လှုပ်ရှားကြသူတွေဟာ တပ်မတော်ကို ထောက်ခံသူတွေ၊ ကာချုပ်ကို ထောက်ခံသူတွေ အဖြစ် ပုံဖော်ကြပြီး ကာချုပ်ကို ခေါင်းဆောင်သဖွယ် ရှေ့တင်ပြီး ထုတ်ကစားတာမျိုးတွေ တွေ့ရတယ်။ အဲဒီ အမျိုးသားရေး သမားတွေ ဆိုသူတွေရဲ့ ပြောဟော လှုံ့ဆော်မှုတွေကို ကြည့်ရင် အဓိက ပစ်မှတ်ထား တိုက်ခိုက်တာ အစ္စလာမ်ကို ဖြစ်တယ်။ အစ္စလာမ်လွှမ်းမိုးမယ့် အန္တရာယ် ၊ အစ္စလာမ်ထဲ သွတ်သွင်းမယ့် အန္တရာယ် Islamisation ဆိုပြီး ပြောကြတာ ဖြစ်တယ်" လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ၊ ဝါရင့် သတင်းသမား တစ်ယောက်ဖြစ်တဲ့ ဦးသီဟသွေးက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အဲဒီလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အမျိုးသားရေး ခေါင်းစဉ်အောက်က သူတွေက သူတို့ရဲ့ ခေါင်းဆောင်သဖွယ် ပုံဖော်တဲ့ အပေါ် တပ်မတော်ဘက်ကလည်း အလိုက်သင့် ငြိမ်နေခဲ့တဲ့ အပြင်၊ မဘသ အဖွဲ့လိုမျိုး တရားမဝင် ကြေညာ ဖျက်သိမ်းထားတဲ့ အမျိုးသားရေး အင်အားစုတွေကိုပါ တပ်မတော်က ငွေတွေ လှူတာတန်းတာမျိုး လုပ်ခဲ့တယ် ဆိုပြီးတော့လည်း ဦးသီဟသွေးက ထောက်ပြပါတယ်။
အဲဒီလိုမျိုး လုပ်ရပ်တွေဟာ အစ္စလာမ် ဆန့်ကျင်ရေး လှုပ်ရှားမှု၊ အမုန်းတရား ဖြန့်ချိမှုတွေလုပ်တဲ့ သဘောထားတင်းမာတဲ့ အမျိုးသားရေးဝါဒနဲ့ တပ်မတော်ကို တပါတည်း တွဲမြင်လာစေတာမျိုး အကျိုးဆက် ဖြစ်လာစေခဲ့ပါတယ်။
အစ္စလာမ်ဆန့်ကျင်ရေးလိုင်းနဲ့ တွဲမြင်ခံရတဲ့ အကျိုးဆက်
ရခိုင်ပြည်နယ် အကျပ်အတည်း ပြဿနာဆိုတာ လက်ရှိ အစိုးရတပ်နဲ့ အေအေလက်နက်ကိုင်တွေရဲ့ တိုက်ပွဲကို ဆိုလိုတာ မဟုတ်ပဲ၊ ရိုဟင်ဂျာတွေ သိန်းပေါင်းများစွာ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ကြရတာ ဖြစ်ရပ်ကို အဓိက ဆိုလိုပါတယ်။
အာဆာတွေရဲ့ တိုက်ခိုက်မှုကို အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေက တုန့်ပြန်ရာမှာ ရိုဟင်ဂျာ မွတ်ဆလင် အရပ်သားတွေပါ ပစ်မှတ်ထား ခံခဲ့ရပြီး အစုလိုက် အသတ်ခံရတာမျိုး၊ အမျိုးသမီးတွေ အဓမ္မ အပြုကျင့် ခံရတာမျိုး၊ ရပ်ရွာတွေ မီးရှို့ ဖျက်ဆီးခံရတာမျိုးတွေ ပေါ်ပေါက်ခဲ့တယ် ဆိုပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက စွပ်စွဲ နေတာ ဖြစ်ပါတယ်။
အဲဒီ ဖြစ်ရပ်တွေမှာ တာဝန်ရှိသူတွေကို ဖော်ထုတ် အရေးယူရေးကိုလည်း နိုင်ငံတကာ ရာဇဝတ် ခုံရုံး အထိ တင်ပြီး စစ်ဖို့ ဖိအားတွေ ကြီးကြီးမားမား ရှိနေပါတယ်။
တပ်မတော်ဘက်ကလည်း ပြောဆိုလေ့ရှိတဲ့ အမျိုးသားရေး တာဝန်၊ အမျိုးသားရေး အမြင် ဆိုတဲ့ ဝေါဟာရတွေနဲ့ အစ္စလာမ် ဆန့်ကျင်ရေးကို အဓိကဇောင်းပေးတဲ့ တင်းမာတဲ့ အမျိုးသားရေး ဝါဒ မြန်မာနိုင်ငံထဲ လှုပ်ရှား ဖြစ်ထွန်းလာတာဟာ တစ်ခုနဲ့တစ်ခု ရောထွေး သွားစေတယ်လို့ ဦးသီဟသွေးက သုံးသပ်ပါတယ်။
အစ္စလာမ် ဆန့်ကျင်ရေး အယူအဆနဲ့ တပ်မတော်ကို တွဲပြီး အမြင်ခံရတဲ့ အခါ ရခိုင်မှာ စစ်ရေး ဆောင်ရွက်ခဲ့ပုံတွေဟာ လုံခြုံရေး အရ ဆောင်ရွက်ရင်း လက်လွန်ခြေလွန် ဖြစ်ရပ်မျိုးတွေ ပေါ်ပေါက်ခဲ့တယ် ဆိုတာထက်မက၊ အစ္စလာမ် ဆန့်ကျင်ရေး အယူပေါ် အခြေခံပြီး လုပ်ဆောင် ခဲ့တာလား ဆိုတဲ့ သံသယမျိုး၊ မေးခွန်းမျိုး နိုင်ငံတကာ အသိုင်းအဝိုင်းကြား ကျယ်ကျယ်ပြန့်ပြန့် ရှိလာစေတယ်လို့ ဦးသီဟသွေးက ဆိုပါတယ်။
မြန်မာအရေး လွှမ်းမိုးတဲ့ ဂျနီဗာ လူ့အခွင့်အရေးကောင်စီ ညီလာခံ
လက်ရှိမှာလည်း ဂျနီဗာမှာ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေး ကျင်းပနေပြီး မြန်မာအရေးဟာ အရေးတကြီး ဆွေးနွေးကြတဲ့ အထဲ ပါဝင်ပါတယ်။
အချက်အလက် ရှာဖွေရေး အဖွဲ့ FFM က သူ့တို့ရရှိထားတဲ့ သက်သေ အထောက်အထား အသစ်တွေကို နောက် ယန္တရား အသစ်တစ်ရပ် ဖြစ်တဲ့ IIMM လို့ ခေါ်တဲ့ မြန်မာ့အရေး စုံစမ်းရေး အဖွဲ့ထံကို လွှဲပေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, OHCHR
FFM ရဲ့ သက်သေ အသစ်တွေဆိုတာ နိုင်ငံတကာ ဥပဒေ အောက် ရာဇဝတ်မှုမြောက်တဲ့ ဆိုးဆိုးရွားရွား ချိုးဖောက်မှုတွေ အကြောင်း ရရှိထားတဲ့ သက်သေ အထောက်အထားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
IIMM ဟာ အဲဒီ အထောက်အထား သက်သေတွေ အပေါ် မူတည်ပြီး စုံစမ်း အရေးယူ အပြစ်ပေးနိုင်ဖို့ အထိ ဆက်လက် လုပ်ဆောင်မယ့် ယန္တရား အဖြစ် နားလည်ရပါတယ်။
ဂျနီဗာ အခြေစိုက် မြန်မာရဲ့ အမြဲတမ်းဌာနေကိုယ်စားလှယ် ဦးကျော်မိုးထွန်းကတော့ မြန်မာ အစိုးရအနေနဲ့ FFM ကို အသိအမှတ် မပြုသလို ဆင့်ပွား ယန္တရားပဲ ဖြစ်တဲ့ အဲဒီ IIMM အသိအမှတ် မပြုဘူးလို့ ဘီဘီစီကို ပြောပါတယ်။
ကာချုပ်ရဲ့ ခြေလှမ်းဟာ နိုင်ငံတကာ ပုံရိပ် ပြောင်းဖို့၊ ကောင်းဖို့လား
ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီဘက်က အခုလို ရိုဟင်ဂျာ အရေးပေါ် မူတည်ပြီး တပ်မတော် ခေါင်းဆောင်တွေအပေါ် နိုင်ငံတကာ အရေးယူမှုတွေ ပြုလုပ်ဖို့ အထိ စိုင်းပြင်းနေချိန်မှာပဲ၊ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ လူမှု အသိုင်းအဝိုင်း အသီးသီး၊ ဘာသာ အသီးသီးနဲ့ ဆက်ဆံရေး တိုးမြှင့် တည်ဆောက် နေတာကို တွေ့ရပါတယ်။
" ဖိအားတွေကြောင့် သူ့အနေနဲ့ အထူးသဖြင့် မွတ်ဆလင် အသိုင်းအဝိုင်းနဲ့ တွေ့လာတာလို့ ယူဆစရာတွေ ဖြစ်လာစေပါတယ်။" လို့ ဦးသီဟသွေးက ဆိုပါတယ်။
ဒါပေမယ့် အဲဒီ ခြေလှမ်းဟာ ဒရောသောပါးနိုင်တယ်၊ အချိန်အားဖြင့်လည်း နောက်ကျတယ်လို့ ဦးသီဟသွေးက ဝေဖန်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Sai Aung Main/AFP/Getty Image
ဒါ့အပြင် အခု တွေ့ကြုံနေရတဲ့ နိုင်ငံတကာ ဖိအား၊ နိုင်ငံတကာ အရေးယူမှု လုပ်ဖို့ ပြင်ဆင်နေမှုတွေ အတွက်လည်း ဖြေရှင်းဖို့ရာ မလုံလောက်ဘူးလို့ ဦးသီဟသွေးက ဆက်ပြောပါတယ်။
"ပြည်ပမှာ စွပ်စွဲနေတဲ့ ကိစ္စမျိုးတွေက ဒီလိုမျိုး လုပ်လိုက်လို့ လွတ်သွား နိုင်တာမျိုး မဟုတ်ဘူး။ ဖြစ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ပြည်တွင်းမှာ တိတိပပ စုံစမ်းစစ်ဆေးတာတွေ လုပ်ပြီး၊ တာဝန်ခံမှု တာဝန်ယူမှု အပြည့်နဲ့ လုပ်မှ ပြေလည်နိုင်တယ်၊ မွတ်ဆလင် အသိုင်းအဝိုင်းနဲ့ ထိတွေ့ ဆက်ဆံ ပြတာနဲ့တော့ ပြေလည်မှာ မဟုတ်ဘူး" လို့ ဦးသီဟသွေးက ဆိုပါတယ်။
မြန်မာ အစိုးရရဲ့ ရပ်တည်ချက်ကို ကြည့်ရင်တော့ ရခိုင်မြောက်ပိုင်း ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့ထားတဲ့ အချက်အလက် ရှာဖွေရေး အဖွဲ့ FFM ကို အသိအမှတ် မပြု၊ ပြည်ဝင်ခွင့် မပေးပေမယ့် ကိုယ်ပိုင် စုံစမ်းရေး ယန္တရား ထူထောင် ထားရှိသလို၊ တပ်မတော် အနေနဲ့လည်း အထူး ခုံရုံး ဖွဲ့စည်းထားပါတယ်။
အင်းဒင်ရွာ ဖြစ်ရပ်လိုပဲ ဂူတာပြင်ဆိုတဲ့ နေရာမှာလည်း အစုလိုက် အသတ်ခံရတာမျိုးတွေ ရှိခဲ့တယ် ဆိုတဲ့ သတင်းတွေ အပေါ် အစပိုင်းတုန်းက အရေးယူ ကိုင်တွယ်တာမျိုး မတွေ့ရပေမယ့်၊ အခု နောက်ပိုင်းမှာတော့ ဂူတာပြင်မှာ ဘာတွေ ဖြစ်ခဲ့လဲ ဖော်ထုတ်မယ်၊ ကျူးလွန်သူတွေကို အရေးယူ သွားမယ် ဆိုပြီး တပ်မတော်ဘက်က ကြေညာ ထားပါတယ်။
ပြည်တွင်း နိုင်ငံရေးအတွက် ဗိုလ်ချုပ်မှူးကြီး လုပ်ဆောင်တာလား
နိုင်ငံတကာ ပုံရိပ်ကို ပြည်လည်တည်ဆောက်ဖို့ ကာကွယ်ရေး ဦးစီးချုပ် လုပ်ဆောင်နေတယ် ဆိုတဲ့ အယူအဆ သုံးသပ်ချက်မျိုး အပြင်၊ တစ်ဘက်မှာလည်း ပြည်တွင်း နိုင်ငံရေးကို အဓိက ပစ်မှတ်ထားပြီး လူနည်းစု အသိုင်းအဝိုင်းတွေနဲ့ကြား ဆက်ဆံရေး တည်ဆောက်တာ ဖြစ်နိုင်တယ် ဆိုတဲ့ ရှုထောင့် အမြင်မျိုးလည်း ရှိပါတယ်။
အခုအချိန်ဟာ ၂ဝ၂ဝ ရွေးကောက်ပွဲလည်း တစထက်တစ နီးကပ် လာချိန် ဖြစ်ပါတယ်။
ဒီတော့ ကာကွယ်ရေး ဦးစီးချုပ် အနေနဲ့ အခုလို လူနည်းစုတွေ၊ မတူကွဲပြားတဲ့ ဘာသာတရားတွေနဲ့ ထိတွေ့ဆက်ဆံတာ၊ လှူတာတန်းတာတွေဟာ ၂ဝ၂ဝ ရွေးကောက်ပွဲမှာ နိုင်ငံရေးဘက် ကူးပြောင်း ဝင်ရောက်ပြီး၊ အုပ်ချုပ်ရေး အာဏာရအောင် ကြိုးပမ်းတာမျိုး လုပ်မယ့် လက္ခဏာ အဖြစ် သုံးသပ်မှု တချို့လည်း ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
စစ်တပ်ပါဝင် ပတ်သက်ခဲ့တဲ့ မြန်မာ့ နိုင်ငံရေး သမိုင်းမှာ တပ်မတော် အကြီးအကဲတွေ နိုင်ငံရေး အာဏာ ရယူကြရင်လည်း၊ ထိပ်ဆုံး အမြင့်ဆုံး ရာထူးနေရာကိုသာ မျှော်မှန်း ရယူကြတယ်လို့ ဦးသီဟသွေးက ဆိုပါတယ်။
မတူညီတဲ့ အသိုင်းအဝိုင်းအားလုံးနဲ့ သဟဇာတဖြစ်အောင် နေပြတာဟာ နိုင်ငံရေးဘက်ကို ကူးပြောင်းဖို့ ခြေလှမ်းလှမ်းတာ ဖြစ်နိုင်တယ်လို့ ယူဆ နိုင်ပေမယ့်၊ အမြင့်မားဆုံး နိုင်ငံရေး အာဏာကို ရယူဖို့ ဆိုတာကတော့ နိုင်ငံတကာ ရာဇဝတ်မှုတွေနဲ့ စွပ်စွဲခံထားရသူ ဖြစ်နေတဲ့ အချက်ဟာ အဲဒီရည်မှန်းချက်ကို ခြိမ်းခြောက် နေပြန်တယ်လို့ ဦးသီဟသွေးက သုံးသပ်ပါတယ်။
ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီးရဲ့ လုပ်ဆောင်ချက်တွေ၊ အခု အပြုအမူတွေကတော့ ပြည်တွင်း နိုင်ငံရေး အပေါ် အကျိုးကျေးဇူး တစုံတရာ ရှိလာစေတယ်လို့ ဦးသီဟသွေးက ဆက်ပြီး ပြောပါတယ်။
"ကာချုပ်က အခုလို လုပ်ဆောင်လာတဲ့ အတွက် တပ်မတော်က ပြောတဲ့ အမျိုးသား နိုင်ငံရေး ဆိုတာနဲ့ သဘောထားတင်းမာတဲ့ အမျိုးသားရေး အုပ်စုတွေ လုပ်နေတဲ့ မုန်းတီးရေး တရားတွေ အပေါ် ရောထွေး မြင်နေတာတွေ ရှင်းသွားနိုင်ပါတယ်။"
"အကျိုးကတော့ အမျိုးသားရေး သမားတွေဟာ ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေးကို ၂ဝ၂ဝမှာ ဝင်ကစားဖို့၊ လှုံ့ဆော်ဖို့ ခက်သွားတယ်။ ဒါက ရှေ့လျှောက်လည်း ပြည်တွင်း နိုင်ငံရေးမှာ အကျိုးရှိတယ်" လို့ ဦးသီဟသွေးက သုံးသပ်ထားပါတယ်။










