မဘသ အမည်ပြောင်းအဖွဲ့ကို ငွေလှူတဲ့ အကြောင်း တပ်မတော် ပြန်ရှင်း

ဇွန်လ၁၇ ရက် ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေး ရှင်း (ဗဟို) နှစ်ပတ်လည်ညီလာခံမှာ ရန်ကုန်တိုင်း စစ်ဌာနချုပ်က ကျပ်သိန်း ၃၀၀ လှူ ဒါန်းခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဇွန်လ၁၇ ရက် ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေး ရှင်း (ဗဟို) နှစ်ပတ်လည်ညီလာခံမှာ ရန်ကုန်တိုင်း စစ်ဌာနချုပ်က ကျပ်သိန်း ၃၀၀ လှူ ဒါန်းခဲ့တာဖြစ်ပါတယ်။

မဘသ အဖွဲ့အမည်ပြောင်း ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေး ရှင်(ဗဟို)ကို ဇွန်လ ၁၇ ရက်နေ့ကျင်းပတဲ့ နှစ်ပတ်လည်ညီလာခံမှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ငွေလှူဒါန်းခဲ့တာဟာ သံဃာကိုရည်မှန်းပြီး လှူတာဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်ဘက်က ပြန်လည် ရှင်းလင်းပါတယ်။

တရားမဝင်ကြောင်း ကြေညာထားတဲ့ မဘသ အမည်ပြောင်း ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေး ရှင်း (ဗဟို) နှစ်ပတ်လည်ညီလာခံမှာ ရန်ကုန်တိုင်း စစ်ဌာနချုပ်က ကျပ်သိန်း ၃၀၀ လှူ ဒါန်းခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မဘသ အဖွဲ့အမည်ပြောင်း ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေး ရှင်း ကိုတရားမဝင် အဖွဲ့စည်းအဖြစ် မဟနက ထုတ်ပြန်ထားတာကိုလည်း သိရှိထားကြောင်း သတင်းစာရှင်းလင်းပွဲအပြီး သတင်းထောက် တစ်ဦး မေးမြန်းတာကို ပြန်လည် ဖြေကြားခဲ့ပါတယ်။

အဲဒီ ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေး ရှင်း အဖွဲ့ ဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ အဖွဲ့ဝင်ဝန်ကြီးတွေအပေါ် ဝေဖန်တာတွေနဲ့ပတ်သက်လို့ တပ်မတော်ဘက်က သူတို့နဲ့မသက်ဆိုင်ဘူးလို့လည်း ပြောပါတယ်။

ဒါ့အပြင် အမျိုးသားရေး ဆရာတော် ဦးဝီရသူ (ဘဒ္ဒန္တ ဝိစိတ္တာ ဘိဝံသ) ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆွမ်းဆက်ကပ် လှူဒါန်းခဲ့တာကလည်း သံဃာကို ရည်မှန်းပြီး ဆွမ်း ကပ်တာပါလို့ ဇွန် ၂ရက်က ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ် ။

အောင်ဆန်းတောရ တပ်ဦးကျောင်းမှာ ကျင်းပတဲ့ ညီလာခံကို သံဃာ တထောင်ကျော် တက်ရောက် ခဲ့ပြီး ဦးဝီရသူကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)ဖြင့် အမှုဖွင့်ထားတာ အစိုးရက ဥပဒေမဲ့ ဆောင်ရွက်ခြင်း ဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်းလည်း ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်း (ဗဟို)က ထုတ်ပြန်ခဲ့ပါတယ်။

ဦးဝီရသူက မေလ ၅ ရက်နေ့က ရန်ကုန်မြို မှာလုပ်တဲ့ဟောပြောပွဲမှာ လွှတ်တော်ထဲက အမုန်းခံပြီး တာဝန် ထမ်းဆောင်နေကြတဲ့ တပ်မတော်သားတွေကို ဘုရားလို ကိုးကွယ်သင့် ကြောင်း ဟောပြောခဲ့တာဖြစ်ပါတယ်။

တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ဒီဖောင်ဒေးရှင်းဟာ ပညာဒါန လုပ်ငန်းတွေ၊ ယဉ်ကျေးမှု မြှင့်တင်ရေးတွေ၊ ပရဟိတ လုပ်ငန်းတွေနဲ့ အမျိုးဘာသာ စောင့်ရှောက် ရေးလုပ်ငန်းတွေ လုပ်နေတာ ဖြစ်တဲ့အတွက် ဒါတွေကို ရည်ရွယ်ပြီး အခုလိုလှူဒါန်းတာလို့လည်း ပြောပါတယ် ။