ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တပ်မတော်ဦးဆောင်တဲ့ အခြေခံဥဒေ ပြင်ဆင်ရေးမူကြမ်း တစ်ခုတင်မယ်
စက်တင်ဘာလ ၁၇ ရက်နေ့ နေပြည်တော်မှာ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင် ဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်တဲ့ဥပဒေမူကြမ်း တစ်ခုတင်ပြဖို့ ရှိတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူလွှတ်တော်ကိုယ်စားလှယ် စိုင်းသီဟကျော်က ဘီဘီစီကို ပြောပါတယ် ။
တပ်မတော်သားကိုယ်စားလှယ်က ဦးဆောင်ပြီး ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးမှာကို ကိုယ်စားလှယ်တွေကို ဖြန့်ထားတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းဝေးလျာထားချက်မှာ တွေ့ရတာ ဖြစ်ပြီးတော့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က ဦးဆောင်ပြီး အခြေခံဥပဒေပြင်ဆင်ရေးကို တင်လာတာ ပထမဆုံး ဖြစ်တယ်လို့လည်း သူကရှင်းပြပါတယ်။
အခု တပ်မတော်ကတင်မယ့် ဥပဒေမူကြမ်းဟာ ပြည်ထောင်စုလွှတ်တော်ကို တင်တဲ့ အခြေခံ ဥပဒေပြင်ဆင်ရေး တတိယမြောက်တင်တဲ့ ဥပဒေကြမ်းဖြစ်လာဖို့ ရှိပါတယ်။
အခြေခံဥပဒေပြင်ဆင်ရေးအတွက် ဥပဒေမူကြမ်းကို ပြည်ခိုင်ဖြိုးအမတ် ဒေါက်တာမောင်သင်း ဦးဆောင်တဲ့ ကိုယ်စားလှယ် ၁၄၅ ဦးက တစ်ကြိမ်၊ ပြည်ခိုင်ဖြိုးအမတ် ဦးသိန်းထွန်း ဦးဆောင်တဲ့ ကိုယ်စားလှယ် ၁၄၃ ဦး တင်သွင်းတဲ့ ဥပဒေမူကြမ်းတကြိမ် စုစုပေါင်း၂ ကြိမ်တင်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် ပြည်ထောင်စုလွှတ်တော်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်တဲ့ ၄၅ ဦးကော်မတီ ထဲမှာ ပူးပေါင်းဖို့သာ ဆုံးဖြတ်ခဲ့ပြီး အဆို ဟာ အတည်မဖြစ်ခဲ့ပါဘူး။
လက်ရှိမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အခြေခံဥပဒေပြင်ဆင်ရေး၄၅ ဦး ပူးပေါင်းကော်မတီ ကနေ ပြီးခဲ့တဲ့ရက်ပိုင်းက တခြားပါတီတွေက ကိုယ်စားလှယ် ၃ ဦး နုတ်ထွက် သွားခဲ့ပါတယ်။
ဒါ့အပြင် ကော်မတီ အစည်းအဝေးတွေမှာ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်တွေက ခွင့်အမြဲယူထားသလို တပ်မတော်သား ကိုယ်စားလှယ်တွေက ၂ဦးပဲ အစည်းအဝေး တက်ကြပြီးတော့ ဝင်ရောက် ဆွေးနွေးတာတွေ မတွေ့ရဘူးလို့လည်း ကော်မတီနဲ့ နီးစပ်သူတွေက ပြောပါတယ်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၄၅ ဦးပူးပေါင်းကော်မတီရဲ့ အခြခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော် အစည်းဝေးတွေမှာ အပြင်းအထန် ကန့်ကွက်မှုတွေ ရှိခဲ့ပါတယ်။
တပ်မတော်ဘက် ဦးဆောင်ပြီးတော့ အခြေခံဥပဒေဟာ ပြင်ဆင်ဖို့လိုတယ် ဆိုပြီးအခုလို သဘောထားရှိလာတာကတော့ အပြုသဘောဆောင်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ဦးစိုင်းသီဟကျော်က ပြောပါတယ်။
အခြေခံဥပဒေကို ပြင်မယ်ဆိုရင်တော့ လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းနဲ့ အထက်က လက်မှတ်ထိုးပြီး တင်ပြလာရင် အဲဒီပြင်ဆင်ချက်ကို ဥပဒေမူကြမ်းအဖြစ် လက်ခံဆွေးနွေးရမယ်လို့ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၄၃၅ မှာ ဖော်ပြထားပါတယ် ။
ဘယ်ကိုယ်စားလှယ်တွေက လက်မှတ်ထိုးတယ် မသိရပေမယ့် ပြည်ထောင်စုလွှတ်တော်မှာတော့ တပ်မတော်က တိုက်ရိုက်ခန့် ကိုယ်စားလှယ်က ၂၂၄ ယောက် ရှိပါတယ်။ ဒါပေမယ့် လွှတ်တော်ထဲက ကိုယ်စားလှယ် ၆၆၄ ဦးမှာ ထက်ဝက်ကျော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဖြစ်လို့ ဒီဥပဒေမူကြမ်းဟာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်တွေရဲ့ သဘောထားပေါ်မှာဘဲ မူတည်နေပါတယ်။
ပြည်ခိုင်ဖြိုးပါတီရဲ့ ဥပဒေကြမ်းတင်သွင်းတုန်းကတော့ အဆိုကို ကန့်ကွက်ခံရပြီး ၄၅ ဦးပူးပေါင်းကော်မတီရဲ့ ဆွေးနွေးချက်တွေထဲမှာပဲ ထည့်ဖို့ လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ခဲ့ကြပါတယ်။
အခု တပ်မတော်သားကိုယ်စားလှယ်တွေ အများစုကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အခြေခံဥပဒေပြင်ဆင်ရေးဟာ ဥပဒေမညီ ဖို့လို့ ပြောထားတာရှိပြီးတော့ အခုလို လွှတ်တော်မှာ ဦးဆောင်ပြီး ဥပဒေမူကြမ်း တင်ဖို့လုပ်လာတာဟာ တပ်မတော်ဘက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့အခြေခံဥပဒေပြင်ဆင်ရေးကို စိုးရိမ်မှုတွေရှိလို့ ဖြစ်တယ်လို့လည်း ဦးစိုင်းသီဟကျော်ကပြောပါတယ် ။