မင်းပြားမှာ လက်နက်ကြီးကျည်ကျလို့ ၃ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ

ဓာတ်ပုံ ရင်းမြစ်, khine min nyo
တပ်မတော်နဲ့ အေအေ ရခိုင်တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မင်းပြား မြို့နယ် ပန်းမြောင်းရွာ စာသင်ကျောင်းအနီး ဒီကနေ့ သြဂုတ်လ ၂၄ ရက် မနက် ၁၀ နာရီလောက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့ အတွက် သုံးဦး သေဆုံးပြီး လေး ဦး ဒဏ်ရာခဲ့ပါတယ်။
အဲ့ဒီပေါက်ကွဲမှုကြောင့် သေဆုံးသူ သုံးဦးဟာ ၅ နှစ်အရွယ်ကလေးတစ်ဦး၊ လေးတန်းကျောင်းသားတစ်ဦးနဲ့ ၁၀ တန်းကျောင်းသူတစ်ဦးတို့ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
ဒီလက်နက်ကြီးကျည်က တပ်မတော်ဘက်က ပစ်ခတ်တာလို့ ဒေသခံတွေက ပြောပေမယ့် တပ်ဘက်ကတော့ အေအေဘက်က ပစ်တာလို့ပြောပါတယ်။
ဒဏ်ရာရသူတွေထဲက ဒဏ်ရာ ပြင်းထန်တဲ့သူကို စစ်တွေ ဆေးရုံပို့ဆောင်ခဲ့ပါတယ်။
အသက် ၂၅ နှစ်အရွယ် မဖြူနှင်းစိုးမှာ လက်၊ ဗိုက်နဲ့ လည်ပင်းဒဏ်ရာတွေရှိခဲ့တဲ့အတွက် မြောက်ဦးဆေးရုံကိုပို့ဆောင်ပေးခဲ့ရာကနေ ဒဏ်ရာပြင်းထန်တဲ့အတွက် ဒီနေ့ ညနေပိုင်းမှာ စစ်တွေဆေးရုံကို လွှဲပြောင်းပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Khine Min Nyo
ဒါ့အပြင် မနေ့ သြဂုတ်လ ၂၃ ရက်ညနေ ၅ နာရီခန့်မှာ မြောက်ဦးမြို့နယ် ပေါက်တောပြင်ကျေးရွာကို သင်းကျစ်တော်တောင်ပေါ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပြီး ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။
အဲ့ဒီဒဏ်ရာရှိသူ အသက် ၄၇ နှစ် အရွယ် အမျိုးသားကို ဒီကနေ့ မနက်ပိုင်းမှာ စစ်တွေဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။
၂၃ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ် ထွန်းရဝေကျေးရွာက ၂၅ နှစ် အရွယ် အမျိုးသမီးတစ်ဦး ကျောကုန်းကျည်ထိမှန်ဒဏ်ရာနဲ့ စစ်တွေဆေးရုံကိုရောက်ရှိလာခဲ့ပြီးတော့ ဒီကနေ့ ၂၄ ရက် ညနေ ၅ နာရီမှာ စစ်တွေဆေးရုံကနေ ရန်ကုန်ကို အရေးပေါ် ပို့ဆောင်ခဲ့ပါတယ်။
အခု တိုက်ပွဲဖြစ်စဉ်တွေအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်တွေဆေးရုံမှာ လာရောက် ဆေးကုသမှုခံယူခဲ့ရတဲ့ အရပ်သား ၅၅ ယောက်ထိရှိခဲ့ပြီး ရန်ကုန်ဆေးရုံကို ပို့ဆောင်ကုသရသူကတော့ ၆ ဦးထိရှိခဲ့ပြီဖြစ်ကြောင်း အဲ့ဒီအနက် ၃ ဦးသေဆုံးခဲ့တယ်လို့ ဒဏ်ရာရလူနာတွေ ကူညီရေးအဖွဲ့က ဦးသန်းထွန်းက ပြောပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေဖြစ်ပွားနေတဲ့မြို့ နယ်တွေအတွင်းက သေဆုံးသူအရပ်သား ၈၀ ကျော်ထိရှိလာနေပြီ ဖြစ်ပါတယ်။








