ရခိုင်ပြည်နယ်တိုက်ပွဲ - ရဲယာဉ်တန်း မိုင်းနှစ်လုံးဆင့် ခွဲခံရလို့ ဒုရဲမှူး ကျဆုံး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ထဲ ရန်ကုန်-စစ်တွေ ကားလမ်းပေါ်မှာ ဩဂုတ်လ ၂ဝ ရက်၊ အင်္ဂါ မနက်ပိုင်းက ရဲကားတန်း မိုင်းခွဲ တိုက်ခိုက်ခံခဲ့ရတဲ့ အတွက် ဒုရဲမှူး အဆင့် အရာရှိ တစ်ဦးကျဆုံး သွားပြီး၊ ဒဏ်ရာရသူတွေလည်း နောက်ထပ် အနည်းဆုံး နှစ်ယောက် ရှိပါတယ်။
ကျောက်တော်ကနေ တာဝန်ပြီးဆုံးလို့ ပြန်လာတဲ့ ရဲကားတန်းကို မိုင်းနှစ်လုံးဆင့်ပြီး ခွဲခံခဲ့ရတာ ဖြစ်တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဘီဘီစီကို ပြောပါတယ်။
ပုဏ္ဏားကျွန်းအဝင် ယိုးတရုတ် တံတား အကျော်မှာ အဲဒီလို မိုင်းခွဲ တိုက်ခိုက်တာတွေ ခံခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရဲကားတန်း ခရီးစဉ် အကြောင်း ရခိုင်လက်နက်ကိုင်အဖွဲ့ အေအေတွေ သိနေလို့ မိုင်းခွဲတိုက်ခိုက်တာ ဖြစ်နိုင်တယ် ဆိုပြီးတော့လည်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။
ယိုးတရုတ်တံတား အလွန် မိုင်းနှစ်လုံးဆင့်ခွဲခံရ
ကနဦး သတင်းတွေ အရ ရဲတပ်ဖွဲ့ဝင် သုံးဦး ဒဏ်ရာ ရသွားပြီး၊ တစ်ဦးက ဒဏ်ရာပြင်းတယ်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဆိုပါတယ်။
နောက်ပိုင်းမှာတော့ ဒုရဲမှူးသောင်းလွင်ကျဆုံးသွားကြောင်း ဇနီးသည် ဖြစ်သူ ဒေါ်မြင့်မြင့်ဌေးက ဘီဘီစီကို ပြောပါတယ်။
"ဖြစ်ဖြစ်ချင်းတော့ သိတာမဟုတ်ဘူး၊ ကျွန်မက မိထ္ထီလာမှာ။ အခုတော့ လူကြီးတွေလည်း လာသွားတယ်။ အတည်ပြုပြီးပြီလို့ ပြောတာပဲ… ကျွန်မကတော့ မယုံနိုင်ဘူး။ အခုအချိန်ထိ မယုံသေးဘူး" လို့ ဒေါ်မြင့်မြင့်ဌေးက ပြောပါတယ်။
ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတဲ့ ကားတန်းမှာ အနည်းဆုံး ကား ၅ စီး ပါဝင်ပြီး၊ မိုင်းနှစ်လုံးကို နေရာခြား ထောင်ထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images
ပုဏ္ဍားကျွန်းမြို့နယ် သဲတော်- ကဏန်းတောင် လမ်းပိုင်းမှာ ပထမတစ်လုံး၊ ပတ်ခွပ်ဆိပ်နားက ဗိုလ်တစ်ထောင် စေတီအနီးမှာ နောက်တစ်လုံး ထောင်ထားတာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။
ပထမတစ်လုံးကို ခွဲတုန်းကတော့ ရဲယာဉ်တန်း အထိအခိုက် မရှိခဲ့ပဲ၊ ဒုတိယ အလုံးမှာ ကားဘီးတာယာတွေ ကွဲသွားပြီး လူတွေလည်း အထိအခိုက် အကျအဆုံး ဖြစ်လာခဲ့တာလို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဆိုပါတယ်။
ဒဏ်ရာရသူတွေကို အခင်းဖြစ်ရာ နေရာကနေ စစ်တွေကို လူနာတင်ယာဉ်တွေနဲ့ သယ်သွားခဲ့ကြတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။
ဒီဖြစ်ရပ်ဟာ ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး စောသန်းလွင် ကျောက်တော်မြို့ ပန်းခြံအနီး သင်္ဘောဆိပ်မှာ ဘယ်သူဘယ်ဝါတွေမှန်း မသိရသေးတဲ့ သူတွေ ဓားနဲ့ ဝိုင်းထိုးလို့ သေဆုံး ခဲ့ရပြီး နောက်တစ်ရက်မှာပဲ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ဓားနဲ့ တိုက်ခိုက် သတ်ဖြတ်ခံလိုက်ရတဲ့ ကိစ္စနဲ့ နောက်တစ်နေ့ ကျောက်တော်က ပြန်လာတဲ့ ရဲကားတန်း မိုင်းခွဲ ခံခဲ့ရတာဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်မှု ရှိနေလား ဆိုတာတော့ မသိရသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, EPA
ရခိုင်ပြည်နယ်ထဲ စစ်ရေး အရှိန်လျော့မသွား
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်လာချိန် ရခိုင်ပြည်နယ်ထဲမှာလည်း စစ်ရေး အရှိန် လျော့ကျ မသွားဘူးလို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
ဩဂုတ်လ ၂ဝ ရက်၊ အင်္ဂါနေ့မှာ မင်းပြား မြို့နယ် တံခွန်တိုင် ရွာအနီး ပေါက်ကွဲသံတွေ၊ သေနတ်သံတွေ ထွက်ပေါ်လာတဲ့ အတွက် ရွာသားတွေ ကြောက်ပြီး ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်သွားကြပါတယ်။
တနင်္လာနေ့ ညပိုင်း ၉ နာရီကျော် တုန်းကလည်း မင်းပြားမြို့ထဲ လက်နက်ကြီး ကျည် ကျခဲ့ပါတယ်။
ဆင်ကြီးပြင်ကျော် ဆိုတဲ့ လမ်းမှာ ရှိတဲ့ နေအိမ်တစ်လုံးအနီး လက်နက်ကြီး ကျည် ကျရောက်ခဲ့တာ ဖြစ်ပြီး လူတစ်ယောက် သေဆုံးခဲ့ပါတယ်။
သေဆုံးသူဟာ အမေနေမကောင်းလို့ ပြန်လာသူ အသက် ၅ဝ အရွယ် တပ်ကြပ်ကြီး လှထွန်း ဖြစ်ပြီး၊ သူ့ရဲ့ ဇနီးသည် ဒေါ်သန်းသန်းလည်း ဒဏ်ရာ ရရှိခဲ့လို့ ဆေးရုံတင် ကုသ နေရတယ်လို့ မိသားစု ဝင်တွေက ပြောပါတယ်။
ဘယ်သူ့ကို ရည်ရွယ်ပြီး ပစ်ခတ်တာလည်း ဆိုတာ မသိရပါဘူး။
အစိုးရတပ်ရဲ့ လက်နက်ကြီးကျည်လို့ ပြောသူတွေ ရှိပေမယ့် ဘီဘီစီ အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒါ့ကြောင့် ရခိုင်ပြည်နယ်ထဲ နေရာတချို့မှာ တိုက်ပွဲတွေ ဆက်ရှိနေပြီး စစ်ရှိန် ဆက်တက်နေသလို၊ ကျောက်တော်မြို့ပေါ်မှာ မြို့နယ်အဆင့် ရဲမှူး လမ်းပေါ်မှာပဲ ဓားနဲ့ထိုး သတ်ဖြတ် ခံခဲ့ရတဲ့ အထိ အခြေအနေတွေဟာ ရှုပ်ထွေး နေတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
ရခိုင်ပြည်နယ်ထဲက အစိုးရတပ်အင်အားတွေ ခွဲထုတ်နိုင်အောင် ရှမ်းပြည်နယ်မှာ ရခိုင်လက်နက်ကိုင် အေအေက တိုက်ပွဲ ဖော်တာ ဆိုပြီး လက်ရှိ ရှမ်းမြောက်ပိုင်း တိုက်ပွဲတွေကို ရည်ညွှန်းလို့ သုံးသပ်သူ တချို့က ဆိုပါတယ်။
တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ အဲဒီလို တပ်တွေ ထုတ်နုတ် နေရာ ပြောင်းချဖို့ မလိုဘူး၊ တပ်မှာ သူ့နေရာနဲ့သူ အင်အားတွေ လုံလောက်အောင် ရှိတယ်လို့ ဘီဘီစီကို ပြောဆိုထားပါတယ်။










