ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တပ်နဲ့ဆက်စပ်သူတွေပါနေတယ်ဆိုတဲ့အကောင့်တွေ ဖေ့စ်ဘွတ်ခ်ထပ်ပိတ်
ပုံမှန်မဟုတ်တဲ့ စုပေါင်းလှုံ့ဆော်မှုတွေ လုပ်တယ်ဆိုတဲ့ မြန်မာနိုင်ငံက အကောင့်နဲ့ စာမျက်နှာတွေကို သြဂုတ်လ ၂၂ ရက်မှာ ဖေ့စ်ဘွတ်ခ်က ထပ်ပြီး ဖယ်ရှားလိုက်ပါတယ်။
အဲဒီလို စုပေါင်းလှုံ့ဆော်မှုတွေလုပ်တဲ့ အကောင့်တွေနဲ့ စာမျက်နှာတွေရဲ့ နောက်ကွယ်က လူတွေဟာ မြန်မာ စစ်တပ်နဲ့ ဆက်စပ်တဲ့ လူပုဂ္ဂိုလ်တွေ ပါဝင်ပတ်သက်တယ်နေတယ်လို့လည်း ဖေ့စ်ဘွတ်ခ်ကထုတ်ပြန်လိုက်ပါတယ်။
အကောင့် ၉၈ ခု၊ ဖေ့စ်ဘွတ်ခ် အသင်းအဖွဲ့ ၁၅ ခု၊ ဖေ့စ်ဘွတ်ခ် စာမျက်နှာ ၁၀၇ ခုနဲ့ အင်စတာဂရမ် အကောင့် ၅ ခုကို ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။
ဒါပေမဲ့ အခုလို ပိတ်လိုက်တဲ့ထဲမှာ ထင်ရှားတဲ့ လော်ဘီစာမျက်နှာတွေတော့ မတွေ့ရဘူးလို့ ဆိုရှယ်မီဒီယာ သုံးစွဲပုံ အပေါ် စောင့်ကြည့် သုတေသနလုပ်နေတဲ့ ကိုမြတ်သူက ဘီဘီစီကို ပြောပါတယ်။
အဲလို အပိတ်ခံရတဲ့ စာမျက်နှာတွေနဲ့ ပတ်သက်သူတွေက စစ်ရုံးလို စာမျက်နှာနဲ့ အဆက်အစပ်ရှိနေတာမျိုး ဒါမှမဟုတ် IP Address တွေ တူနေတာမျိုးကို ဖေ့စ်ဘွတ်ခ်က စောင့်ကြည့်စစ်ဆေးတာတွေ လုပ်ခဲ့ဖွယ်ရှိတယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် "ထင်ရှားတဲ့ လော်ဘီပေ့ချ်တွေ ကျန်သေးတယ်။ သိသိသာသာကို သတင်းအချက်အလက် အမှားတွေ ထုတ်နေတဲ့ ဟာမျိုးတွေ ပေ့ချ်တွေလည်း အများကြီး ကျန်နေသေးတယ်။ တကယ့် ဝါဒဖြန့်ပေ့ချ်တွေလည်း တော်တော်များများ ကျန်နေသေးတယ်" လို့လည်း ကိုမြတ်သူက ပြောပါတယ်။
ပုံမှန်မဟုတ်တဲ့ စုပေါင်းလှုံ့ဆော်မှုတွေလုပ်တယ်ဆိုတဲ့ စာမျက်နှာတွေဟာ ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်ကနေ အမေရိကန်ဒေါ်လာ ၁၂၀၀ နီးပါးသုံး ကြော်ငြာခဲ့ပြီး အဲဒီ ငွေတွေကို အမေရိကန် ဒေါ်လာနဲ့ ရုရှား ရူဘယ်တွေ သုံးပြီး ပေးချေခဲ့တယ်လို့လည်း ဖေ့စ်ဘွတ်ခ်က ဆိုပါတယ်။
နောက်ပြီး အခုလို အကောင့်တွေ ပိတ်လိုက်တာဟာ သူတို့တင်တဲ့ အကြောင်းအရာတွေနဲ့ မဆိုင်ဘဲ သူတို့ရဲ့ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေကြောင့် ပိတ်တာလို့ ဆိုပါတယ်။
အဲဒီ အကောင့်တွေနဲ့ စာမျက်နှာတွေဟာ ရည်ရွယ်ချက်ချက်ရှိရှိ စုပေါင်းပြီး တခြားဖေ့စ်ဘွတ်သုံးသူတွေကို အထင်အမြင်မှား လှည့်စားတာတွေကို လုပ်တဲ့အတွက် ပိတ်တာလို့ ဆိုပါတယ်။ ဒီအကောင့်တွေကို ဖေ့စ်ဘွတ်ခ်ရဲ့ စောင့်ကြည့်လေ့လာရေး စုံစမ်း စစ်ဆေးမှုတွေကနေ တစ်ဆင့် ဖော်ထုတ်နိုင်ခဲ့တာလို့လည်း ဖေ့စ်ဘွတ်ခ်က ပြောပါတယ်။
ဒီစုပေါင်းလှုံဆော်မှုတွေရဲ့ နောက်ကွယ်က လူတွေဟာ ဖေ့စ်ဘွတ်ခ်အကောင့်အတုတွေနဲ့ သတင်းအကြောင်းအရာတွေကို ဖြန့်ချိတယ်လို့ ဆိုပါတယ်။
အပိတ်ခံရတဲ့ စာမျက်နှာနဲ့ အကောင့်တွေ စာရင်းကို ဖေ့စ်ဘွတ်ခ်က အပြည့်အစုံ မဖော်ပြထားပေမဲ့ နမူနာအဖြစ် Myanmar Media Watch၊ မြန်မာ မွတ်စလင် သတင်းရပ်ဝန်း၊ တိုင်းရင်းသား ဒေသ သတင်းများ၊ တအာင်း သတင်းများ စုစည်းမှု ဆိုတဲ့ စာမျက်နှာတွေကို ဖော်ပြထားပါတယ်။
အခုလို အကောင့်တွေကို ဖယ်ရှားလိုက်ရုံနဲ့ မရဘူး။ ဆက်ပြီး ဖြေရှင်းရမယ်။ လူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ သတင်းအချက်အလက်အမှားတွေ ဖြန့်ပြီး လမ်းလွဲအောင် လုပ်တာမျိုးတွေကို ဆက်ရှင်းရဦးမယ်လို့ မြန်မာနိုင်ငံမှာ ဆိုရှယ်မီဒီယာကနေ အမုန်းစကားပြန့်ပွားတာ၊ သတင်းအချက်အလက်တွေကို လိုသလို ပုံဖော်နေတာ စတာတွေနဲ့ ပတ်သက်လို့ ကိုမြတ်သူက ပြောပါတယ်။
ဒါတွေကို ဖြေရှင်းဖို့ဆိုရင် ဖေ့စ်ဘွတ်ခ်အနေနဲ့ သူတို့ရဲ့ report system နဲ့ပတ်သက်ပြီး ရှင်းလင်းပြီး နားလည်လွယ်အောင် လုပ်ပေးရမယ်။ သတင်းအချက်အလက်အမှားတွေက ဘယ်လိုမျိုးတွေရှိလဲဆိုတဲ့ ပညာပေးမှုတွေ လုပ်ပေးနိုင်ရင် ကောင်းတယ်။ သတင်းအတုတွေရဲ့ လူတွေဆီရောက်နိုင်စွမ်းကို လျော့သွားအောင် လုပ်ပေးရင် ကောင်းမယ်လို့ လည်း သူက ပြောပါတယ်။
ဒါ့အပြင် ဖေ့စ်ခ်ဘွတ်က content တွေကို စိစစ်နေသူတွေမှာ bias ရှိမှုကို ဘယ်လို စိစစ်ထားမလဲဆိုတာမျိုးကို ဖေ့စ်ဘွတ်က ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ထားတာ မရှိဘူး။ Facebook content moderation team ရဲ့ ဘက်လိုက်မှု ရှိမရှိဆိုတာကို မေးခွန်းထုတ်စရာ ရှိတယ်။ ဒီလူတွေရဲ့ လုံခြုံရေးအရ အသေးစိတ်တော့ ထုတ်ပြန်စရာမလိုဘူး။ ဒါပေမဲ့ ဒီလူတွေကို ဘယ်လို စိစစ်ထားတယ်ဆိုတာ ဘယ်လို စွမ်းဆောင်ရည် ဖြည့်တင်းပေးထားတယ် ဆိုတာ ထုတ်ပြန်ပေးဖို့လိုမယ်လို့လည်း သူက ပြောပါတယ်။
အခု နောက်ဆုံး ဖေ့စ်ဘွတ်က ပိတ်လိုက်တဲ့ အကောင့်တွေ၊ စာမျက်နှာတွေဟာ သတင်းမီဒီယာတွေဆီက သတင်း အစစ်အမှန်နဲ့ တခြား သတင်းရင်းမြစ်တွေဆီက ဖျော်ဖြေရေး သတင်းတွေကို ရည်ရွယ်ချက်ရှိရှိ ကူးပြီး မှုခင်း၊ တိုင်းရင်းသားရေးရာ၊ ထင်ရှားကျော်ကြားသူတွေနဲ့ စစ်တပ်အကြောင်းတွေကို တင်တယ်လို့ ဆိုပါတယ်။
ဖေ့စ်ဘွတ်ခ်ဟာ အမုန်းစကားနဲ့ သတင်းမှားပြန့်ပွားမှု ဖြေရှင်းတာနဲ့ ၂၀၂၀ ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှုတွေကိုလည်း လုပ်မယ်လို့ ပြောပါတယ်။
အခု အကြိမ် မတိုင်မီကလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အကောင့် အပါအဝင် စစ်တပ်နဲ့ ဆက်စပ်နေသူတွေ၊ အစွန်းရောက် အမျိုးသားရေး လှုံ့ဆော် နေသူတွေနဲ့ ဆက်စပ်နေတာတွေရှိတယ် ဆိုပြီး အကောင့်တွေ ဖေ့စ်ဘွတ်ခ်ဘက်က ပိတ်ပစ်တာ၊ သံသယဖြစ်ဖွယ် အရာတွေကို ဖယ်ရှားပစ်တာမျိုးတွေ ၃ ကြိမ် လုပ်ခဲ့ဖူးပါတယ်။