ကွတ်ခိုင်နဲ့ နမ့်ခမ်းအနီးမှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး ဒေသခံတချို့ပိတ်မိနေ

ရှမ်းပြည်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ တပ်မတော်နဲ့ မြောက်ပိုင်း မဟာမိတ်ညီနောင် ၃ဖွဲ့အကြား တိုက်ပွဲတွေဟာ ဆက်တိုက်ဆိုသလိုဖြစ်ပွားနေပြီး ဒီကနေ့ သြဂုတ် ၂၂ ရက်နေ့မှာတော့ လားရှိုး-ကွတ်ခိုင် အကြား ၃၈ မိုင် မန်ပြိန်းကျေးရွာအနီးနဲ့ နမ့်ခမ်းမြို့၊ ကောင်းဝန်းကျေးရွာအနီးမှာတော့ ပစ်ခတ်သံ တွေကြားခဲ့ရတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

ကောင်းဝိန်းကျေးရွာအနီးမှာ ဒီကနေ့ မနက်၁၁ နာရီဝန်းကျင်ကဖြစ်ပေါ်ခဲ့တဲ့ပစ်ခတ်သံတွေကြောင့် နမ့်ခမ်း မြို့ပေါ်က ကျောင်းတွေမှာ ကျောင်းသူကျောင်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးခဲ့တယ်လို့လည်း နမ့်ခမ်းမြို့ခံ မလွေးပိုးဆပေကပြောပါတယ်။

' ' လက်နက်ကြီးပစ်ခတ်သံတွေက အကျယ်ကြီးဆိုသလိုကြားရတာ။ တစ်နာရီနီးပါးလောက်တော့ရှိမယ်။ ကျောင်းတွေ လည်း စောဆင်းပေးလိုက်တယ်။ ကောင်းဝိန်းဘက်ကိုတော့ သွားလို့မရဘူး။ ဖုန်းလိုင်း တွေ လည်း သိပ်မမိဘူးဖြစ်နေတယ်။ အဲဘက်ကလူတွေလည်း ထွက်လို့မရဘဲ ပိတ်မိနေကြတယ်''လို့ မလွေးပိုး ဆပေကပြောပါတယ်။

မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့နဲ့ တပ်မတော်တို့အကြား တိုက်ပွဲတွေကြောင့် လားရှိုး- ကွတ်ခိုင်နဲ့ ကွတ်ခိုင်- မူဆယ် ကြားလမ်းပိုင်းတွေကို ဖြတ်သန်းခွင့်မပြုဘဲ နှစ်ဘက်စလုံးကို ပိတ်ပင် တားမြစ် ထားရာက မနေ့ကသြဂုတ် ၂၁ ရက်နေ့မှာတော့ လားရှိုး - ကွတ်ခိုင်လမ်းပိုင်းကို ပြန်လည်သွားလာလို့ ရခဲ့တယ်လို့ နယ်စည်းမခြားပရဟိတ(သီပေါ)အဖွဲ့က ကိုမျိုးက ဘီဘီစီကိုပြောပါတယ်။

' ' ကျွန်တော်တို့ မနေ့ကပဲ လားရှိုးကနေ ကွတ်ခိုင်ကိုသွားတယ်။ အဲ့မှာ ရက်အတန်ကြာ ပိတ်မိနေတဲ့ ကုန်းဆာ ရွာသားတွေကို ခိုလုံရွာဘုန်းတော်ကြီးကျောင်းကို ပို့ပေးခဲ့တယ်။ ပြီးတော့ ဒီမနက်ပဲ ကွတ်ခိုင် ကနေ သီပေါကိုပြန်ရောက်တယ်။ ကျွန်တော်တို့ ဖြတ်ပြီးမှ ကွတ်ခိုင်လမ်းပိုင်းက မန်ပြိန်းမှာ ပစ်ခတ်မှုတွေရှိတယ်လို့ မန်ပြိန်းဆရာတော်ကတော့ လှမ်းပြောတယ်။''လို့ ကိုမျိုးကပြောပြပါတယ်။

လားရှိုး- ကွတ်ခိုင် လမ်းပိုင်းမှာ ခရီးသည်တင်ကားတွေလည်း ပြန်လည်သွားလာနေတဲ့ အခြေ အနေရှိနေပေမယ့် ကွတ်ခိုင် -မူဆယ် ဘက်လမ်းကြောင်းကတော့ ဒီကနေ့ သြဂုတ် ၂၁ ရက်နေ့အထိ သွားလို့ မရသေးဘူးလို့လည်း ဒေသခံတွေကပြောပါတယ်။

သြဂုတ် ၁၅ရက်နေ့က တပ်မတော်နည်းပညာတက္ကသိုလ် တိုက်ခိုက်ခံရအပြီးနောက် ရှမ်းပြည်နယ်မှာ ဆက်လက်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ အရေအတွက်ဟာ သြဂုတ် ၂၀ ရက်နေ့အထိ ကောက်ယူထားတဲ့အချက်အလက်တွေအရ ၄၈၆၂ ဦး ထိရှိလာပြီလို့ တအာင်း အရပ်ဖက်အဖွဲ့အစည်းတွေက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် အဲဒီထွက်ပြေးတိမ်းရှောင်နေရသူတွေဟာ အရေးပေါ် အကူအညီတွေ လိုအပ်နေတဲ့အတွက် လက်ရှိအာဏာရအစိုးရ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊INGOs/NGOs အဖွဲ့အစည်းတွေအနေနဲ့ အကူအညီပေး ကြဖို့နဲ့ ကူညီထောက်ပံ့မှု ပေးနိုင်ဖို့ လမ်းကြောင်းကိုလည်းသက်ဆိုင်ရာအဖွဲ့အစည်း တွေကနေ ကူညီပေးဖို့ ကိုလည်း ထုတ်ပြန်ချက်မှာ ထည့်သွင်း တိုက်တွန်းထားပါတယ်။