ရှမ်းမြောက် တိုက်ပွဲတွေက အမျိုးသမီးတွေအပေါ်ဘယ်လို သက်ရောက်လဲ

သေနတ်သံတွေ ကြားပြီး ရွာထဲမှာ လူတွေ ရုတ်ရုတ်သဲသဲ ပြေးလွှာတာနဲ့ တိုက်ပွဲ ဖြစ်တာကို သိလိုက်တဲ့နောက် စိုးရိမ်ထိတ်လန့်သွား တယ်လို့ ကွတ်ခိုင်မြို့နယ် နန်းနွယ် ကျေးရွာအုပ်စုမှာ နေတဲ့ ဒေါ်နန့်အောင်က ပြောပါတယ်။

ဒီလို တိုက်ပွဲတွေ ဖြစ်လာပြီးတဲ့နောက် ရွာမှာရှိတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေး တွေကို ကွတ်ခိုင်မြို့ကို ပို့လိုက်ပေမယ့် ရွာမှာ လုပ်စရာ ကိုင်စရာတွေ မပြီး ပြတ်သေးလို့ ဆက်နေခဲ့တယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကနေ စလို့ ကျောက်မဲ၊ သိန္နီ၊ လာရှိုး၊ ကွတ်ခိုင် မြို့နယ်တွေမှာ တပ်မတော်နဲ့ မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့တွေဖြစ်တဲ့ ရက္ခိုင့် တပ်မတော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့ (MNDAA)နဲ့ တအောင်း ပလောင် (TNLA) တပ်ဖွဲ့တွေ ထိတွေ့ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

သီပေါ-လားရှိုး-သိန္နီ-ကွတ်ခိုင် ပြည်ထောင်စုလမ်းမတလျှောက်မှာ တိုက်ပွဲတွေ ဖြစ်နေလို့ ဒီလမ်းမဘေးမှာ ရှိတဲ့ ရွာက ဒေသခံပြည်သူ တွေလည်း ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

ဒီလိုတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်တဲ့သူ ၁ဝဝဝ ကျော်ရှိနေပြီလို့ ရှမ်းပြည်နယ် ဗမာ တိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်က သြဂုတ်လ ၁၉ရက်နေ့မှာ ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် သြဂုတ်လ ၁၇ ရက်နေ့ကတည်းက မူဆယ်- ခိုမုန်းကြားနဲ့ ကွတ်ခိုင်-နမ့်ဖတ်ကာကြား လမ်းပိုင်းကို အသွားအလာ လုံးဝ ခွင့်မပြုဘဲ ပိတ်ထားတာကြောင့် ဒေါ်နန်းအောင်နေထိုင်တဲ့ ရွာကနေ ကွတ်ခိုင်မြို့ကို သွားဖို့ အခက်ကြုံနေရ တာလည်း ဖြစ်ပါတယ်။

ဒီလိုပိတ်ထားလို့ ဒီလမ်းတွေ ပေါ်မှာ ပိတ်မိနေတဲ့ ယာဉ်မောင်းတွေလည်း စားစရာ အခက် အခဲတွေရှိနေတယ်လို့ ဆိုပါတယ်။

ဒေါ်နန်းအောင်နေထိုင်နေတဲ့ရွာက နန်းနွယ်ကျေးရွာအုပ်စုထဲမှာ ရှိပြီး ကွတ်ခိုင် ကနေ ၆ မိုင်အကွာ ကွတ်ခိုင်-မူဆည် ကားလမ်းမ ဘေးတချက်မှာရှိ နေတာလည်း ဖြစ်ပါတယ်။ ရွာမှာ အိမ်ခြေ ၅ဝ ကျော်လောက်ရှိတယ်လို့လည်း ဒေါ်နန်းအောင်က ပြောပါတယ်။

"ဒီရွာကနေ ဘယ်အပြင်မှထွက်လို့မရဘူး၊ ညလည်းမီးတောင် မဖွင့်ရဲဘူး၊ ကျွန်မတို့ မိန်းမသားဆိုတော့ ပိုဆိုးတယ် ဘယ်မှလည်း မထွက် ရဲဘူးပေါ့နော်၊ စားရေး သောက်ရေးက ဖောဖောသီသီ စားလို့မရဘူးပေါ့၊ ဒါပေမဲ့ ကျွန်မတို့က အရင်က စျေးဆိုင်ဖွင့်ထားတော့ ရှိတဲ့ဟာလေးကို မရောင်းဘဲနဲ့ ဒုက္ခရောက်နေတဲ့သူတွေနဲ့ ဝေစား မျှစား ပေါ့" လို့ ရွာရဲ့ လက်ရှိအခြေအနေကို သူက ပြောပါတယ်။

ရွာမှာ ရှိတဲ့ စာသင်ကျောင်းတွေလည်း ပိတ်ထားရပြီး ညဘက်ဆိုရင် နီးစပ်ရာ မိသားစုတွေစုပြီး နေထိုင်နေကြတယ်လို့လည်း သူက ဆိုပါတယ်။

"ကြောက်တာမှ လွန်တာပေါ့ရှင်၊ အတိုင်းမရှိ ကြောက်နေတာပေါ့ရှင်၊ ဟိုတနေ့က ဆိုရင်လည်း လေယာဉ်လာတာမျိုးဆိုရင် ကြောက်နေရ တာပေါ့၊ အိမ်ထဲနဲ့ အိမ်ပြင် တောင် မထွက်ရဲပါဘူး၊ တကယ်လို့ ထွက်လိုက်ရင်လည်း ဘယ်နားမှာများ ရန်သူ ရှိနေမလဲပေါ့၊ ရန်သူက ကျွန်မတို့မှ မတွေ့ရတာ" လို့ ဒေါ်နန့်အောင်က ပြောပါ တယ်။

ဒီလို စိုးရိမ်မှုတွေနဲ့ တိုက်ပွဲတွေကြားထဲမှာ မလုံမခြုံနေထိုင်ရသလို မတည်မငြိမ် ဖြစ်နေတဲ့ အချိန်မှာ အမျိုးသမီး ဖြစ်တာကြောင့် မလုံမခြုံမှုကို ပိုခံစားရတယ်လို့လည်း ဆိုပါတယ်။

"အမျိုးသမီးတွေဆိုတော့ တောထဲသွားရင်လည်း သူများ စော်ကားသွားမှာ ကြောက် တယ်၊ ကျွန်မတို့က ဘယ်လောက်ပဲ စွမ်းရည်ရှိတယ် ပဲပြောပြော ယောက်ျားလေးတွေနဲ့ အင်အားမမျှနိုင်ဘူးလေ" လို့ ဒေါ်နန့်အောင်က ပြောပါတယ်။

စစ်ပွဲကာလအတွင်းမှာ အကြောက်တရားနဲ့ နေနေရတဲ့သူတွေအနေနဲ့ အချိန် ကြာလာတာနဲ့ အမျှ စိတ်ဒဏ်ရာရတဲ့ အမျိုးသမီးတွေ ရှိတယ်လို့လည်း တိုက်ပွဲကြားမှာ ပိတ်မိနေတဲ့သူတွေကို သွားခေါ် ထုတ်လာတဲ့ ကွတ်ခိုင်မြို့က ရှမ်းပြည်နယ် ကချင်စာပေနဲ့ ယဉ်ကျေးမှု အဖွဲ့ ဒုဥက္ကဋ္ဌ ဒေါ်လွန်းညွှယ်က ပြောပါတယ်။

တိုက်ပွဲတွေဖြစ်ရင် အမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ်၊ သက်ကြီး ရွယ်အိုတွေလည်း ဒုက္ခနဲ့ ကြုံတွေရတတ် ပေမယ့် အမျိုးသမီး တွေက တိုက်ပွဲတွေအတွင်း အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ပိုကြုံတွေရတတ်တယ်လို့လည်း မြန်မာ့အမျိုးသမီး သမဂ္ဂ ဥက္ကဋ္ဌ ဒေါ်တင်တင်ညိုက ပြောပါတယ်။

"ဒါက အချင်းချင်းကြားမှာလည်း ဖြစ်နိုင်သလို နောက်တခုကတော့ အထူးသဖြင့် လက်နက်ရှိတဲ့သူတွေက အချိန်မရွေး အမျိုးသမီးတွေကို အခွင့်အရေး ယူလို့ရတဲ့ အနေအထားတွေလည်း ရှိနိုင်တယ်၊ ဒါကတော့ ပြောမယ်ဆိုရင် ပိုမိုပြီးတော့ ဆိုးဝါးတဲ့ အခြေအနေပေါ့နော်"လို့ သူက ပြောပါတယ်။

၁၉၉၆ ခုနှစ်ကနေ ၂ဝဝ၁ ခုနှစ်အတွင်း ရှမ်းပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ စစ်တပ်က အမျိုးသမီးနဲ့ မိန်းကလေး ၆၂၅ဦး အပေါ်မှာ လိင်ပိုင်းဆိုင်ရာ မတော် မတရား လုပ်ဆောင်ခဲ့တယ်ဆိုပြီး ထိုင်းအခြေစိုက် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှား ဆောင်ရွက်ရေး အသင်းကလည်း အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါ တယ်။

"ပြေးရင်းလွှားရင်းနဲ့ တနေရာတည်းမှာ စုနေရတာ ဖြစ်ဖြစ်၊ အိုင်ဒီပီ စခန်းကို ရောက်သွားရတာပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်၊ အချိန်မရွေး အမျိုးသား တွေရဲ့ ပစ်မှတ် ဖြစ်သွားနိုင်တယ်"လို့ ဒေါ်တင်တင်ညိုက ပြောပါတယ်။

ဒီလိုအခြေအနေမှာ အမျိုးသမီးတွေကို အကာအကွယ်ပေးနိုင်ဖို့ ဆောင်ရွက်နိုင်တာ မရှိသေးသလို တခုခု ဖြစ်ရင် တိုင်ကြားပြီး တရား မျှတအောင် လုပ်ဆောင် ပေးဖို့ အနေအထားက စစ်ဖြစ်တဲ့နေရာမှာ မရှိတဲ့ကြောင့် တဖက်လူတွေရဲ့ ပစ်မှတ်က အချိန်မရွေး ဖြစ်သွား နိုင်တယ် လို့လည်း ဆိုပါတယ်။

ဒီလို အခြေအနေတွေကြောင့် အမျိုးသမီးတွေအနေနဲ့ ငြိမ်းချမ်းရေး ရောင်နီကို မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

သူ့ရွာမှာ ရှိတဲ့ အမျိုးသမီးတွေနဲ့ ပတ်သက်လို့ ဒေါ်နန့်အောင်က "မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး မရသရွေ့တော့ ထိတ်လန့်နေရမှာပါဘဲ၊ ဘယ်နေ့များ ငြိမ်းချမ်းရေး ရမှာလဲ၊ ဘယ်နေ့များ ကွတ်ခိုင်သွားလို့ရမှာလဲ၊ အမျိုးတွေနဲ့ ဘယ်နေ့များ တွေ့ဆုံရ မလဲ၊ ဒီအတိုင်းပဲများ ကျွန်မတို့ ငတ်သေသွားကြမှာလား၊ ဒီအတိုင်းပဲ တိုက်ပွဲတွေ ဆက်ဖြစ်နေအုံးမှာလားဆိုတဲ့ ညဉ်းသံတွေ ကြားနေရတယ်"လို့ ပြောနေကြ တယ်လို့ ဆိုပါတယ်။