အေအေကို ငွေထောက်ပံ့တယ်ဆိုပြီး အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ခံရသူတို့ရဲ့ တရားခွင်ဘာထူးလဲ

ရက္ခိုင့်တပ်မတော်ကိုငွေထောက်ပံ့တယ်ဆိုပြီး အကြမ်းဖမ်းဥပဒေနဲ့ အမှုဖွင့်ခံရသူတွေကို သြဂုတ် ၉ ရက် ဒီကနေ့မှာ ရန်ကုန် အနောက်ပိုင်း ခရိုင်တရားရုံးမှာ ရဲတပ်ဖွဲ့က ရမန်ထပ်ယူခဲ့ပါတယ်။

AA (Arakan Association- Singapore) ရဲ့ ဥက္ကဋ္ဌဖြစ်သူ ကိုဟိန်းဇော်အပါအဝင် ၆ဦးကို ဇူလိုင်လ ၉ရက်နေ့မှာ စင်ကာပူအစိုးရက ဖမ်းဆီးပြီးတော့ မြန်မာနိုင်ငံကိုပြန်ပို့ခဲ့တာပါ။ အဲဒီလိုပြန်ပို့ လို့ မြန်မာနိုင်ငံကို ရောက်တာနဲ့ သူတို့အပြင် တစ်ခြား ၄ဦးကိုပါ အကြမ်းဖက်တိုက်ဖျက်မှု ဥပဒေတွေနဲ့ အစိုးရက ဖမ်းဆီးအမှုဖွင့်ခဲ့တာပါ။

ဖမ်းဆီးခံထားရသူတွေထဲက ကိုအောင်မြတ်ကျော်အပါအဝင် ခြောက်ဦးအတွက် ဥပဒေအရအကျိုးဆောင်ပေးမယ့် ရှေ့နေဦးကျော်မျိုးထွန်း က AA ဆိုတာ တံဆိပ်မျိုးစုံ၊ အမျိုးအစားအများအပြားရှိပါတယ်။ ရက္ခိုင့်တပ်မတော် တစ်ခုတည်း AA မဟုတ်ပါဘူး။ စွပ်စွဲခံထားရသူတွေက Arakan Association ကပါလို့ ဘီဘီစီကိုပြောပါတယ်။

သူတို့တွေ စင်ကာပူမှာ စုံစမ်းစစ်ဆေး ခံနေရစဉ် အခု စုံစမ်းစစ်ဆေးခံရသူအားလုံးဟာ စင်ကာပူမှာလုပ်တဲ့ အေအေ တည်ထောင်ခြင်း ၁၀ နှစ်ပြည့်အခမ်းအနားကို တက်ရောက်ခဲ့ပြီး အေအေ အမှတ်အသားပါတဲ့ အဝတ်အစားတွေဝတ်ဆင်ခဲ့တယ်လို့ စင်ကာပူ ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားခဲ့တာပါ။

အခု ဖမ်းဆီးခံထားရသူတွေကို ပြီးခဲ့တဲ့ ဇူလိုင်နောက်ဆုံးအပတ်တုန်းက အနောက်ပိုင်း ခရိုင်တရားရုံးမှာ ရဲတပ်ဖွဲ့က ရမန်ယူခဲ့ပါတယ်။ ဒီကနေ့မှာတော့ ဒုတိယမြောက် ရမန်ထပ်ယူတာပါ။ ဒီနေ့ ခရိုင်တရားရုံးထဲမှာ အမှုဖွင့်ခံရသူတွေ၊ သူတို့ရဲ့ မိသားစုဝင်တွေ၊ သတင်းလာယူတဲ့သူတွေထက် ရဲတပ်ဖွဲ့ဝင်တွေရဲ့ အင်အားကပိုများတာကိုတွေ့ရပါတယ်။

ဒုတိယရဲမှူးကြီးအဆင့်ရှိတဲ့သူ ၂ဦး၊ ရဲမှူး အဆင့်ရှိသူ အနည်းဆုံးနှစ်ဦးအပြင် အဆင့်ဆင့်သော ရဲတပ်ဖွဲ့ဝင်တွေက တရားခွင်မှာရော၊ တရားခွင်ပြင်ပ၊ တရားရုံး ပရဝုဏ်အတွင်းနဲ့ အပြင်အနှံ့ ရှိနေပါတယ်။

ရက္ခိုင့်တပ်မတော် စစ်ဦး စီးချုပ်ရဲ့ ညီဖြစ်သူ ကိုအောင်မြတ်ကျော်ကတော့ တရားခွင်က ပြန်အထွက်မှာ "ရခိုင်မှာဒုက္ခရောက်နေတယ်၊ စစ်ဖြစ်နေတယ်။ ကျွန်တော်တို့တတ်နိုင်တဲ့ဘက်ကလုပ်တာ၊ အစိုးရက အခုလိုလုပ်လည်း ကျွန်တော်တို့ရပ်တည်ချက်က သတ္တိရှိရှိနဲ့ ရင်ဆိုင်မယ်" လို့ ပြောခဲ့ပါတယ်။

ရက္ခိုင့်တပ်မတော်ကို ငွေထောက်ပံ့တာရယ် ရက္ခိုင့်တပ်မတော်နဲ့ ပတ်သက်တယ်ဆိုပြီး Arakan Association (Singapore) က ရခိုင်လူငယ် ၁၀ ဦးကို အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေက ပုဒ်မတွေနဲ့ အမှုဖွင့်တိုင်ကြားခံထားရတာ ဖြစ်ပါတယ်။

လက်ရှိတော့ သူတို့ အားလုံးကို သြဂုတ်လ ၂၃ရက်နေ့အထိ အင်းစိန်ထောင်မှာ ချုပ်ထားဖို့ အနောက်ပိုင်း ခရိုင် တရားရုံးက ရမန်ခွင့်ပြု လိုက်ပါတယ်။ အဲဒီ ၁၀ဦးထဲက ၂ဦးကတော့ ထွက်ပြေးနေတာမို့ ဒီကနေ့ ၈ဦး တရားရုံးတော်ကို ရဲတပ်ဖွဲ့က ခေါ်ယူခဲ့ပါတယ်။

ခေါ်ယူလာတဲ့ ၈ဦးထဲမှာ ရက္ခိုင့်တပ်မတော်စစ်ဦးစီးချုပ်ရဲ့ ညီဖြစ်သူ ကိုအောင်မြတ်ကျော်လည်းပါပါတယ်။ အဲဒါအပြင် အခြား ကိုထွန်းအေး၊ ကိုဟိန်းဇော်၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုရွှေလှိုင် သန်း နဲ့ ကိုမြတ်လင်းဦးတို့ ပါပါတယ်။

ကျန်တဲ့ သန်းထွန်းနိုင်နဲ့ ကိုစိုးမြင့်တို့ကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ တရားရုံးတော်ကို မသွင်းဖြစ်ခဲ့ ပါဘူး။

အဲဒီအတွက် ထွက်ပြေးနေသူတွေကို ဖမ်းဆီးဖို့ တရားရုံးက ဝရမ်းထုတ်ပြန်ပေးခဲ့ပါတယ်။

သူတို့ကို ဖမ်းဆီး ရမရကိုလည်း သြဂုတ်လ ၂၃ရက်နေ့မှာ တရားရုံးကို ပြန်သတင်းပေးရမှာဖြစ်သလို၊ ကျန်တဲ့ သူတွေကိုလည်း အဲဒီ ၂၃ရက်နေ့မှာပဲ စစ်ဆေးမှာပါ။

ဒီကနေ့ သြဂုတ်လ ၉ရက်နေ့မှာတော့ တရားလိုဖြစ်တဲ့ အစိုးရဘက်က တရားလိုပြသက်သေ ၂၁ဦးကို တင်ပြထား ပါတယ်။

အစိုးရကစွပ်စွဲထားတဲ့ ရက္ခိုင့်တပ်မတော်ကို ငွေကြေးထောက်ပံ့ပေးတယ်လို့ ဆိုတဲ့အပေါ်မှာ AASC (Arakan Association - Singapore) ဆိုတာက Arakan Army မဟုတ်ဘူး၊ ရခိုင်လူမှုရေးအသင်း ဖြစ်တယ်လို့ ဖမ်းဆီးခံထားရတဲ့ ကိုတင်လှိုင်ဦးက ရုံးကအထွက် အချုပ်ကားပေါ်က လှမ်းအော်ပြောပါတယ်။

အစိုးရကတော့ အခုဖမ်းဆီးထားသူတွေက ၂၀၁၃ခုနှစ်ကတည်းက အဖွဲ့ဖွဲ့ပြီး ရက္ခိုင့်တပ်မတော်ကို ငွေကြေး ထောက်ပံ့ပေးနေတဲ့ သူတွေဆိုပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေက ပုဒ်မ ၅၂(က)၊ ပုဒ်မ ၅၀(ည) တို့နဲ့ အမှုဖွင့်ထားတာပါ။

အဲဒီပုဒ်မတွေကလည်း အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ပတ်သက်လို့ ငွေကြေး ထောက်ပံ့ ပေးတာနဲ့ ပတ်သက်လို့ ပြုမှုလုပ်ဆောင်တာတွေကို တားမြစ်ထားတဲ့ ပုဒ်မတွေဖြစ်သလို့ ချိုးဖောက်ရင် ထောင်ဒဏ် ၃နှစ်ကနေ ၇နှစ်၊ ထောင်ဒဏ် ၁၀နှစ်ကနေ တစ်သက်အထိ ချနိုင်တဲ့ ပြစ်မှုပုဒ်မတွေ ဖြစ်ပါတယ်။

"တရားမျှတမှုကိုလိုချင်ပါတယ်။ ဘယ်လိုတရားမျှတမှုဆိုတာကတော့ ရှေ့နေနဲ့ပဲ ဆက်ပြောရပါမယ်" လို့ ဖမ်းဆီးခံထားရသူ ကိုတင်လှိုင်ဦးရဲ့ ဇနီး မမူမူခိုင်က ဘီဘီစီကိုပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကိုဟိန်းဇော်ရဲ့ဇနီး မခင်သန္တာစိုးကလည်း သူ့ခင်ပွန်းက အကြမ်းဖက်အဖွဲ့နဲ့ ဆက်စပ်မှုမရှိသူလို့ ပြောပါတယ်။ ဖမ်းဆီးခံထားရတဲ့ ခင်ပွန်းဖြစ်သူကိုလည်း ဖမ်းဆီးပြီးကတည်းက ဒီကနေ့ သြဂုတ် ၉ရက်မှ လူချင်းတွေ့ခဲ့ရတယ်လို့လည်းပြောပါတယ်။

အစိုးရက ရက္ခိုင့်တပ်မတော်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ထားပြီး ရခိုင်ပြည်နယ်အတွင်းက နေတိုက်ထုတ်ဖို့ တပ်မတော်ကို ညွှန်ကြားခဲ့တယ်လို့ သတင်းမှန်ပြန်ကြားရေးအဖွဲ့က မီဒီယာတွေနဲ့ တွေ့ဆုံတဲ့ သတင်းစာရှင်းလင်းပွဲမှာ အတိအလင်းပြောထားပါတယ်။

အဲဒီလိုပြောဆိုပြီးနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းမှာ ဆက်သွယ်ရေးအင်တာနက်လိုင်းတွေဖြတ်တောက် တာ၊ အကြမ်းဖက်အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုတဲ့ ဒေသခံတွေကို ဖမ်းဆီးတာအပြင် အခုလို ရက္ခိုင့်တပ်မတော်နဲ့ ဆက်စပ်တဲ့ ပြည်ပရောက်အဖွဲ့တွေကလူတွေကိုလည်း အရေးယူတာတွေကိုပါ ဆက်တိုက် လုပ်ဆောင်လာတာလည်းဖြစ်ပါတယ်။