ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မဘသအမည်ပြောင်းအဖွဲ့ကို မဟန က ဆုံးမဖို့ခေါ်
မဘသ အမည်ပြောင်းအဖွဲ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းဥက္ကဌ အင်းစိန်ရွာမဆရာတော် နဲ့ ဒုဥက္ကဌ မော်ကျွန်းဆရာတော်တို့ကို နောက်ဆုံးအကြိမ်အဖြစ် ခေါ်ယူဆုံးမသြဝါဒပေးဖို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဇူလိုင်၂၈ ရက်နေ့စွဲဖြင့် ပင့်လျှောက်ထားပါတယ် ။
ဇူလိုင် ၂၈ရက်က ကျင်းပတဲ့ အဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ပါး ပထမအထူးအစည်းအဝေးက ဦတိလောကာဘိဝံသနှင့် ဦးသီလက္ခန္ဓာဘိဝံသတို့ကို နောက်ဆုံးအကြိမ် အဖြစ် ခေါ်ယူဆုံးမသြဝါဒပေးဖို့ ဆုံးဖြတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ် ။
အမျိုးဘာသာသာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ကပြီးခဲ့တဲ့ ဇွန်လ ၁၆ရက်နဲ့ ၁၇ရက်တို့မှာကျင်းပခဲ့တဲ့ (ဗဟို) နှစ်ပတ်လည်စုံညီတွေ့ဆုံပွဲနဲ့ စပ်လျဉ်းပြီး သြဝါဒပေးတဲ့ အခမ်းအနားကို ဇူလိုင် ၂၉ရက်နေ့မှာ ပြုလုပ်မှာဖြစ်လို့မပျက်မကွက် ကြွရောက်ပါ လို့လည်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းနှစ်ပတ်လည်ပွဲ မှာ လက်ရှိ ဒီမိုကရေစီအစိုးရကို ဆန္ဒမဲမပေးဘဲ ရတဲ့နည်းနဲ့ ဆန့်ကျင်တွန်းလှန် ဖယ်ရှားပစ်ဖို့ စတဲ့ ကြေညာချက်တွေထုတ်ပြန်ခဲ့ပါတယ်။
တရားမဝင် အသင်းအဖွဲ့တစ်ခုက အများပြည်သူရွေးချယ်တင်မြှောက်ထား တဲ့ ဒီမိုကရေစီအစိုးရကို ဖျက်လိုဖျက်ဆီးဆောင်ရွက်ရန်ဖို့ စိန်ခေါ်တာဟာ တားဆီး ကာကွယ်ဖို့လိုတယ်လို့ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနက ဇွန်လတွင်းကထုတ်ပြန်ထားပါတယ် ။ ဒါ့အပြင် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းကဝရမ်းပြေးကြေညာခြင်းခံထား ရတဲ့ ဦးဝီရသူကို သူရဲကောင်းလို့ သဘောသတ်မှတ်ထုတ်ပြန်တာတွေရှိပါတယ်။
အောင်ဆန်းတောရ တပ်ဦးကျောင်းမှာ ကျင်းပတဲ့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းညီလာခံကို သံဃာ တထောင်ကျော် တက်ရောက် ခဲ့ပြီး ဦးဝီရသူကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)ဖြင့် အမှုဖွင့်ထားတာ ဟာအစိုးရက ဥပဒေမဲ့ ဆောင်ရွက်ခြင်း ဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်းလည်း ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်း (ဗဟို)က ထုတ်ပြန်ခဲ့ပါတယ်။
တရားမဝင်ကြောင်း ကြေညာထားတဲ့ မဘသ အမည်ပြောင်း ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေး ရှင်း (ဗဟို) နှစ်ပတ်လည်ညီလာခံမှာ ရန်ကုန်တိုင်း စစ်ဌာနချုပ်က ကျပ်သိန်း ၃၀၀ လှူ ဒါန်းခဲ့ပါတယ်။
၂၀၁၈ ဇူလိုင်လ ၂၀ ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပတဲ့ နိုင်ငံတော် သံဃမဟာနာယက (မဟန) ဗဟိုရဲ့ ၁၇ ကြိမ်မြောက် အစည်း အဝေးမှာ အရင် မဘသကို နာမည်ပြောင်းထားတဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်း အနေနဲ့ အဲ့ဒီနာမည်နဲ့ ဘယ်လို အမှု ကိစ္စမှ မဆောင်ရွက်ရလို့ ဆုံးဖြတ်ခဲ့ပါတယ်။