ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရခိုင်အမတ်ကို အေအေ ဒုစစ်ဦးစီးချုပ် မိန်းမဆိုပြီး ရေးခဲ့တဲ့ စာရေးဆရာ တောင်းပန်
ရခိုင်အမတ်ကို အေအေ ဒုစစ်ဦးစီးချုပ်ရဲ့မိန်းမဆိုပြီး ရေးခဲ့တဲ့စာရေးဆရာက ဇူလိုင်လ၂၀ ရက်နေ့နိုင်ငံပိုင် သတင်းစာကနေတဆင့် တောင်းပန် လိုက်ပါတယ်။
ရခိုင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေကိုအေအေဒုစစ်ဦးစီးချုပ်ညိုထွန်းအောင်ရဲ့ မိန်းမဆိုပြီး စာအုပ်မှာရေးသားဖော်ပြခဲ့တာဖြစ်ပြီး၊ စာရေးဆရာ သောင်းဝေဦး တောင်းပန်တာကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါ်ထုမေ ကလက်ခံ လိုက်ပါတယ်။
စာရေးဆရာ သောင်းဝေဦး ဟာ အဲဒီအချက်လက် ဟာ မှားယွင်းသလို စာအုပ်ပါ အချက်လက်တွေဟာ မှန်ကန်မှု မရှိပါဘူးလို့ ဇူလိုင်လ ၂၀ ရက်နေ့ နိုင်ငံပိုင် သတင်းစာတွေကနေ တစ်ဆင့်တောင်းပန်ခဲ့တာပါ။
ဒေါ်ထုမေက ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို ဇွန်လ အတွင်းကတိုင်ကြားခဲ့ပါတယ်။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက စာရေးသူနဲ့ ကာယကံရှင်တို့ ကို ကြားဝင်ညှိနိုင်းပေးခဲ့ပြီး နောက်မှာ အခုလိုသဘောတူလိုက်တာလို့လည်း ဒေါ်ထုမေက ဘီဘီစီကို ပြောပါတယ် ။
စာရေးဆရာ သောင်းဝေဦး ရေးသားပြီး မြရတနာစာပေ ကထုတ်ဝေဖြန့်ချိထားတဲ့ "ရခိုင်ပြည်နယ်အတွင်းမှ AA တို့တိုက်ခဲ့သောတိုက်ပွဲများနှင့် AA သမိုင်းကြောင်းသိကောင်းစရာများ" စာအုပ်ရဲ့ စာမျက်နှာ ၆၄ မှာ (၂၁)ရာစုပင်လုံ ညစာစားပွဲတုန်းကဒေါ်ထုမေနဲ့ ဒေါက်တာညိုထွန်းအောင်တို့ အမှတ်တရ ရိုက်ခဲ့တဲ့ဓာတ်ပုံကို "အေအေဒုစစ်ဦးစီးချုပ်ညိုထွန်းအောင်၏ မိန်းမသည် ရခိုင်လွှတ်တော်အမတ်ဖြစ်နေခြင်း" ဆိုပြီးဖော်ပြခဲ့တာပါ။ဒါနဲ့ပက်သက်ပြီး ဒေါ်ထုမေက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကိုတိုင်ကြားခဲ့တာဖြစ်ပါတယ်။
"မတရားတာတော့ မတရားတာပဲ၊ ဒါပေမယ့် တစ်ဖက်မှာ ပြည်သူ အတွက်လုပ်ပေးရမှာတွေ ရှိနေတယ်၊ တရားရုံးသွားရမယ့် အချိန်တွေကို နှမြောတာနဲ့ လက်ခံလိုက်တာပါ "လို့ ဒေါ်ထုမေက ပြောပါတယ်။
စာရေးဆရာသောင်းဝေဦးဟာ ရန်ကုန်မြို့တော်ဝန်ဟောင်းဖြစ်သလို တပ်မတော် မှာ ဗိုလ်မှူးကြီးရာထူးအထိတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
ဒေါ်ထုမေကတော့ စာရေးဆရာဟာ ရည် ရွယ် ချက်ရှိရှိ အချိန်ကိုက် ရေးသားတာဖြစ်ပြီးတော့ အတွေကြုံရှိနာမည်ရစာရေးဆရာတစ်ဦးကအခုလို ရေးသားတာဟာတိုက်ဆိုင်တာမဟုတ်ဘူးလို့လည်းသူကပြောပါတယ်။