မြန်မာစစ်အရာရှိတွေ လက်နက်ပြပွဲဗီဇာလျှောက်ရင် အစ္စရေးငြင်းမယ်

အစ္စရေးနိုင်ငံထဲ ပြုလုပ်မယ့် ဘယ်လို စစ်လက်နက်ပြပွဲတွေကိုမှ မြန်မာစစ်တပ် ကိုယ်စားလှယ်တွေကို တက်ရောက်ခွင့် ပေးမှာ မဟုတ်တော့ဘူး ဆိုပြီး အစ္စရေး နိုင်ငံခြားရေး ဝန်ကြီး ဌာနက ဆုံးဖြတ်လိုက်ပါတယ်။

မြန်မာအပေါ် လူ့အခွင့်ရေးချိုးဖောက်မှု စွဲချက်တွေနဲ့ စစ်လက်နက်ပစ္စည်း ရောင်းချခွင့် နိုင်ငံတကာက ပိတ်ပင်ထားတာနဲ့ လိုက်လျောညီထွေ ခုလို ဆုံးဖြတ်ရတာလို့ အစ္စရေး နိုင်ငံခြားရေးရုံးက ဆိုပါတယ်။

ဒါ့ကြောင့် အဲဒီလို နိုင်ငံတကာ ပိတ်ပင်မှုတွေ ရှိနေသရွေ့ အစ္စရေး အနေနဲ့လည်း အစ္စရေးထဲလုပ်မယ့် လက်နက်ပြပွဲတွေကို မြန်မာ စစ်တပ်ကိုယ်စားလှယ်တွေ တက်ရောက်လိုကြောင်း လျှောက်ထားလာရင် ငြင်းပယ်သွားမယ်လို့ ဆိုပါတယ်။

တဲလ်အဗီးမြို့မှာ ပြီးခဲ့တဲ့ ဇွန်လတုန်းက ပြုလုပ်တဲ့ အစ္စရေး ကာကွယ်ရေးနဲ့ အမိမြေလုံခြုံရေး ဌာနရဲ့ လက်နက်ပြပွဲ ISDEF 2019 မှာ မြန်မာ စစ်အရာရှိ တချို့ တက်ရောက်လာတဲ့ အပေါ် ဝေဖန်သံတွေ ထွက်လာခဲ့တဲ့နောက် အစ္စရေး နိုင်ငံခြားရေး ဌာနက အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

မြန်မာ စစ်တပ်ကို လက်နက်ရောင်းချတာမျိုး မရှိတော့ဘူးလို့ အဲဒီ ပွဲ မတိုင်ခင်ကတည်းက အစ္စရေး အစိုးရက ပြောထားခဲ့ပေမယ့် တဲလ်အဗီး လက်နက်ပြပွဲမှာ မြန်မာ စစ်အရာရှိတွေ တက်ရောက်လာတဲ့ အချက်ကို ဝေဖန်သူတွေ ထောက်ပြခဲ့ကြပါတယ်။

အခုတော့ အစ္စရေးအစိုးရက လက်နက်မရောင်းနိုင်ဘူးလို့ ငြင်းပယ်ထားနှင့်ပြီး တိုင်းပြည်က သူတွေ လက်နက်ပြပွဲတက်ဖို့ အကြောင်းပြချက်နဲ့ ပြည်ဝင်ခွင့် လျှောက်ထား လာခဲ့ရင် ပယ်ချမှာ ဖြစ်တယ်ဆိုပြီး အစ္စရေး နိုင်ငံခြားရေး ဌာနက ပြောပါတယ်။

အစ္စရေး သတင်းစာ "ဟာအားရက်ဇ်" ရဲ့ ဖွင့်ချမှု

တဲလ်အဗီးမြို့ ISDEF 2019 လက်နက် ပြပွဲမှာ မြန်မာ့တပ်မတော်က အရာရှိတွေ ရှိနေခဲ့တယ် ဆိုပြီး အစ္စရေး သတင်းစာ ဟာအားရက်ဇ်က ဖွင့်ချခဲ့ပါတယ်။

ဟာအားရက်ဇ်ရဲ့ သတင်းဓာတ်ပုံတွေအရ အဲဒီပွဲမှာ ဗိုလ်မှူးကြီး ရာထူး အဆင့် ရှိသူ တစ်ယောက် အပါအဝင် တပ်မတော် အရာရှိ အနည်းဆုံး ၃ ယောက် အဲဒီပွဲကို တက်ရောက်ခဲ့ပါတယ်။

လက်နက် ဝယ်ယူဖို့ အစီအစဉ် ရှိလား ဆိုပြီး အဲဒီ တပ်မတော် အရာရှိတွေကို ဟာအားရက်ဇ် သတင်းစာက မေးခဲ့ပေမယ့် အဲဒီ အရာရှိတွေက ဖြေဆိုဖို့ ငြင်းဆန် ခဲ့ပါတယ်။

မြန်မာ စစ်တပ်ကို လက်နက် မရောင်းဖို့ အစ္စရေး နိုင်ငံ တရားရုံးချုပ်က ၂ဝ၁၇ မှာ ကတည်းက အမိန့်ချထားပြီး ဖြစ်ပေမယ့် ဘာ့ကြောင့် အခုလို မြန်မာ စစ်အရာရှိတွေ လက်နက်ပြပွဲမှာ ရှိနေရလဲ ဆိုပြီး လူ့ အခွင့်အရေး လှုပ်ရှားသူတွေနဲ့ အစ္စရေး ပြည်တွင်း သတင်းစာ တချို့က ဝေဖန်ကြပါတယ်။

မြန်မာ့တပ်မတော်ကို ပွဲလာတက်ဖို့ အစ္စရေး စစ်တပ် အနေနဲ့ တရားဝင် ဖိတ်ကြားခဲ့လား၊ ISDEF ပွဲ စီစဉ်သူတွေက ဖိတ်ကြားခဲ့လား ဆိုတာ ကွဲကွဲပြားပြား မသိရပါဘူး။

လက်နက်ပွဲပြနေတဲ့ကာလ ပွဲစီစဉ်သူတွေ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ …

"နိုင်ငံတကာ လက်နက်ပြပွဲ ဖြစ်တာနဲ့ အညီ အစ္စရေး အပါအဝင် ကမ္ဘာတလွှား တိုင်းနိုင်ငံ အသီသီးကလူတွေ တက်ရောက်လာတာ ဖြစ်တယ်။ နိုင်ငံ ၉ဝ ကျော်က ဧည့်သည်တော်တွေ ဒီပွဲမှာ ရှိနေကြတယ်။ ဒီလို ပွဲတက်ဖို့ အွန်လိုင်းကနေ စာရင်းပေးသွင်းနိုင်ပြီး မည်သူမဆို တက်ရောက်လိုကြောင်း စာရင်းပေးခွင့်ရှိတယ်" ဆိုပြီး ရေးသားထားပါတယ်။

မြန်မာစစ်တပ်ကို အစ္စရေး အစိုးရက လက်နက်ရောင်းတာ ရပ်ထားတယ်ဆိုတာ ဟုတ်မှန်ရဲ့လား ဆိုတဲ့ အထိ ဝေဖန်သူတွေထံက သံသယ မေးခွန်းတွေ ထွက်လာခဲ့ပါတယ်။

အစ္စရေး နိုင်ငံခြားရေးရုံးရဲ့ ပြောခွင့်ရ အီမန်ဝဲလ် နာ့ခ်ရွှန်းကတော့ "မြန်မာကို အစ္စရေးက လက်နက် မရောင်းဘူး၊ အဲဒီမူ အပြောင်းအလဲ မရှိဘူး" ဆိုပြီး အာမခံ ပြောကြားခဲ့ပါတယ်။

အဲဒီပွဲကို မြန်မာစစ်အရာရှိတွေ ရောက်လာတာ တစ်ခုတည်းတင် အစ္စရေး အစိုးရ ဖြေရှင်း ခဲ့ရတာ မဟုတ်ပါဘူး။

နိုင်ငံတကာက လက်နက်ရောင်းချတာမျိုး မလုပ်ဖို့ ကုလသမဂ္ဂ ဆုံးဖြတ်ချက် ထွက်ထားတဲ့ တောင်ဆူဒန်က ကိုယ်စားလှယ်တွေလည်း အဲဒီပွဲမှာ ရှိနေခဲ့ကြပါတယ်။

တောင်ဆူဒန် ကိုယ်စားလှယ်တွေ ရှိနေတဲ့ အရေးနဲ့ ပတ်သက်ပြီးတော့လည်း အစ္စရေး အနေနဲ့ ကုလရဲ့ ဆုံးဖြတ်ချက်ကို အပြည့်အဝ လိုက်နာနေတယ်လို့ မစ္စတာ နာ့ခ်ရွှန်း ဖြေရှင်းချက် ထုတ်ခဲ့ရပါတယ်။

အမေရိကန်နဲ့ မူခြင်းတူတဲ့ အစ္စရေး

လတ်တလောမှာပဲ တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သူ့ရဲ့ လက်ထောက်တို့ကို အမေရိကန်က ပြည်ဝင်ခွင့် ပိတ်တဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒီမတိုင်ခင်ကလည်း ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ အီးယူ အပါအဝင် အနောက်အုပ်စု နိုင်ငံတွေဟာ မြန်မာ စစ်အရာရှိ တချို့ကို နာမည်နဲ့တပ်ပြီး ပစ်မှတ်ထား အရေးယူမှုတွေ ပြုလုပ်ထားသလို လက်နက်ပစ္စည်း မရောင်းချဖို့လည်း ဆုံးဖြတ်ထားပါတယ်။

ပုံမှန်အတိုင်းဆိုရင် မြန်မာနဲ့ကြား သံတမန် ဆက်ဆံရေး ကောင်းမွန်နေခဲ့တဲ့ အစ္စရေး အစိုးရ အပေါ်မှာလည်း မြန်မာကို လက်နက် မရောင်းရေး ဖိအားတွေ ရှိလာခဲ့ပါတယ်။

အမေရိကန်ရဲ့ နိုင်ငံခြားရေးမူ၊ လုံခြုံရေးမူတွေနဲ့ နီးစပ်တဲ့ အစ္စရေးဆီက စစ်လက်နက် ပစ္စည်း၊ နည်းပညာတွေ ဆက်ရဖို့ ခက်နိုင်တယ်ဆိုပြီး မြန်မာ စစ်ရေးသုတေသီ တချို့ကလည်း သုံးသပ်ပါတယ်။

၂ဝ၁၇ မှာတော့ မြန်မာကို လက်နက်ရောင်းခွင့်ပိတ်တဲ့ အမိန့် အစ္စရေး တရားရုံးချုပ်က ချမှတ် လိုက်ပါတယ်။

အဲဒီမတိုင်ခင်ကတော့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် အစ္စရေး နိုင်ငံကို သွားရောက်ခဲ့ပြီး သိပ်မကြာခင်မှာပဲ အစ္စရေးလုပ် မြန်နှုန်းမြင့် ကင်းလှည့် ရေယာဉ်တွေ မြန်မာ ရေတပ်ရဲ့ စစ်ရေးလေ့ကျင့်ခန်းတွေမှာ တွေ့မြင် လာခဲ့ရပါတယ်။