ဗစ်တိုးရီးယား အမှုမှာ တရားခံ အစစ် က ဘယ်သူလဲ။ ရဲ စစ်ဆေးချက် ဘာတွေ ကွဲလွဲမှု ရှိနေလဲ

ကလေးများ ဆန္ဒပြနေစဉ်
ဓာတ်ပုံ ပုံစာ, နိုင်ငံတဝန်းမှာ ဒီအမှုအတွက် တောင်းဆိုမှု တွေ ပေါ်ထွက်

နေပြည်တော်မှာ ဖွင့်လှစ် ထားတဲ့ Wisdom Hill မူကြိုကျောင်းမှာ ကျောင်းတက် နေတဲ့ သုံးနှစ် အရွယ် မိန်းကလေးငယ် လိင်ပိုင်း ဆိုင်ရာ စော်ကား ခံရမှု သတင်း က တပြည်လုံး ကို ဟိုးဟိုးကျော် စေခဲ့ပါတယ်။

ဒီလို ကလေးသူငယ် တစ်ယောက် အပေါ်မှာ စော်ကားကျူးလွန် ခဲ့တဲ့ အဖြစ်အပျက် ကြောင့် မိဘ သားချင်း ကိုယ်ချင်းစာ ပြီးယူကြုံးမရ ဖြစ်ခဲ့ ကြသလို၊ လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေလည်း မြင့်တက် ခဲ့ပါတယ်။

မေလ ၁၆ ရက်နေ့မှာ ဖြစ်ခဲ့တဲ့ မှုခင်း ကို စတင် ဖြန့်ဖြူး ခဲ့သူ က တော့ လူမှုကွန်ရက် အကောင့်ပိုင်ရှင် ပိုးဖြူ ဆိုသူ ပါ။ အဲဒီ ကနေ မှ အဆင့်ဆင့် ပျံ့နှံ့ ရောက်ရှိခဲ့ပြီး လူတွေ အကြား မှာ သိသာ ထင်ရှားလာတဲ့ မှုခင်း ဖြစ်ခဲ့ပါတယ်။

ဒီအမှုကို ရဲတပ်ဖွဲ့က တစ်လ ကျော်ကြာ စစ်ဆေး ခဲ့ပြီး ဇူလိုင်လ ဆန်း ပိုင်းမှာ တော့ နေပြည်တော် ဒက္ခိဏခရိုင် ဥပဒေ အကြံပေး အဖွဲ့ရဲ့ အမှု တည်ဆောက်မှု နဲ့ ရဲတပ်ဖွဲ့ က တရားစွဲဆို ခဲ့ပါတယ်။

ကနဦး မှာ တုန်း က သံသယ တရားခံ အဖြစ် ကိုအောင်ကြီး (ခ) ကိုအောင်ကျော်မျိုး ကို ဖမ်းဆီး စစ်ဆေး ခဲ့တာပါ။ အဲဒီနောက်မှာ သက်သေ မခိုင်လုံတဲ့ အတွက် ပြန်လွှတ်ပေးခဲ့ပြီးမှ နောက်တကြိမ် ပြန်လည် ဖမ်းဆီး ပြီး မှ တရားစွဲဆို ခဲ့တာဖြစ်ပါတယ်။

မိန်းကလေးငယ် စော်ကား ခံရမှုအတွင်း ရဲတပ်ဖွဲ့ ရဲ့ စစ်ဆေး မေးမြန်း မှုတွေ နဲ့ ပတ်သက်လို့ လူ တွေအကြားမှာ သံသယ မေးခွန်း ဖြစ်ပေါ်ခဲ့ ကြပါတယ်။ နောက်ပြီး လူမှု ကွန်ရက်တွေမှာလည်း Justice For Victoria ဆိုပြီးတော့ ကမ်ပိန်း လုပ်ဆောင် တာတွေ လည်း ရှိခဲ့ပါတယ်။

ဗစ်တိုးရီးယားလို့ နာမည်ဝှက် ခေါ်ခဲ့ကြတဲ့ ကလေးငယ် ဘက် ကနေ လိုက်ပါ ကူညီနေသူတွေက နိုင်ငံတော် တာဝန် ရှိသူ အဆင့်ဆင့် ထံ ကို တိုင်ကြား စာတွေ ပေးပို့ ခဲ့ကြသလို၊ နိုင်ငံတော် သမ္မတ ကိုယ်တိုင် ကလည်း ဒီမှုခင်း ကို စောင့်ကြည့် နေတယ်လို့ သမ္မတ ရုံး တာဝန် ရှိသူ တွေက ပြောပါတယ်။

ဒီ အမှု ကို ဇူလိုင် ၁၅ ရက်နေ့တုန်း က စတင် ရုံးချိန်း ခေါ်ယူ ခဲ့စဉ် သတင်း မီဒီယာတွေ ရဲ့ ဖော်ပြမှု ကို တနိုင်ငံလုံး က စိတ်ဝင် တစား စောင့်ကြည့် ခဲ့ကြသလို၊ ရာနဲ့ချီတဲ့ လူတွေ ကလည်း လာရောက် ကြည့်ရှု ခဲ့တာ ကို တွေ့ ရပါတယ်။

ဗီဒီယို ပုံစာ, Hnin Nu

၁။ သံသယ တရားခံ ကိုအောင်ကြီး (ခေါ်) ကိုအောင်ကျော်မျိုး

ရဲတပ်ဖွဲ့ကတော့ သူကို ဖမ်းဆီး တရားစွဲဆို ဖို့ အတွက် ဥပဒေ အရာရှိတွေ နဲ့ တိုင်ပင်ပြီးမှ ဆောင်ရွက် ခဲ့တာ ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦး က ပြောပါတယ်။

ဒါ့အပြင် သမ္မတ ရုံးမှာ လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒီအမှု နဲ့ ပတ်သက် လို့ တိကျ ခိုင်လုံ တဲ့ အထောက် အထားဖြစ်တဲ့ သုက်ပိုး တွေ့ရတာ ကြောင့် ကိုအောင်ကြီးကို ဖမ်းဆီး ပြီး တရားစွဲ ဆို ခဲ့တာလို့ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယ ရဲချုပ် အောင်နိုင်သူ က ပြောပါတယ်။

ဗစ်တိုးရီးယား ရဲ့ ထွက်ဆို ဝန်ခံချက် ဖြစ်တဲ့ 'သမီးကို လက်နဲ့ လုပ်တယ်။ ကိုကို က လုပ်တယ်' ဆိုတဲ့ ထွက်ချက် အပေါ်မှာ အခြေခံပြီး ရဲတပ်ဖွဲ့ က အမှု ကို စတင် စစ်ဆေး ဆောင်ရွက် ခဲ့တာပါ။

ရုပ်သံ မှတ်တမ်း တွေကို ပြသပြီး နောက်မှာ ဒီအမှု ကို ကျူးလွန် ခဲ့သူ ဟာ အောင်ကြီး ပဲလို့ ကောက်ချက် ချပြီး အခုလို တရားစွဲ ဆို ခဲ့တာ ဖြစ်တယ်လို့ လည်း ဆိုပါတယ်။

ဒုတိယ ရဲချုပ် အောင်နိုင်သူ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောခဲ့တဲ့ အချက် အလက် တွေ အရ အခင်း ဖြစ်တဲ့ မေလ ၁၆ ရက်နေ့ ညနေ ၃ နာရီ ၁၂ မိနစ် မှာ အမျိုးသား တစ်ဦးပဲ ဝင်ခဲ့တယ်လို့ ပြောဆို ခဲ့ပါတယ်။

Wisdom Hill မူကြို ကျောင်းဟာ အမျိုးသမီး ဆရာမတွေကိုသာ ဝင်ခွင့် ပေးထားပြီး အဲဒီ အချိန်မှာ ဝင်ရောက် ခဲ့သူ ကိုအောင်ကြီး ကသာလျှင် အမှုကို ကျူးလွန်သူ ဖြစ်မယ်ဆိုပြီး ရဲတပ်ဖွဲ့ က ကောက်ချက် ချထားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကိုအောင်ကြီး ဆိုသူ ဟာ မူကြိုကျောင်း ထဲ ကို ဝင်ရောက် ခဲ့ပြီး နောက်မှာ လက်ကို နမ်းရှုံတာ စတဲ့ အပြုအမှုတွေကြောင့် ရဲတပ်ဖွဲ့ ရဲ့ သံသယ ရှိသူ အနေနဲ့ စာရင်း ဝင်ခဲ့ပါတယ်။

နောက်ပြီး ရဲတပ်ဖွဲ့ အနေနဲ့ ဗစ်တိုးရီးယား လေး ကို ခေါ်ယူ စစ်ဆေး ခဲ့တာ မဟုတ်ဘဲ၊ ဖခင် ဖြစ်သူ မေးမြန်းစဉ် ရိုက်ထားတဲ့ ဗီဒီယို ကို ကြည့်ပြီး အဲဒီ အထဲမှာ ပါသလို ကိုကို ဆိုသူဟာ အောင်ကြီးပဲ လို့ ပြောခဲ့ကြောင်း ဒုတိယ ရဲချုပ် က ရှင်းလင်း ခဲ့ပါတယ်။

ဗီဒီယို ပုံစာ, ဗစ်တိုးရီးယားအမှုက စွပ်စွဲခံ ကလေးနှစ်ယောက် ကျောင်းကိုမလာဖူးဘူး လို့ တာဝန်ခံငြင်း

၂။ အောင်ကြီး(ခ) အောင်ကျော်မျိုးဟာ အမှန်တကယ် ကျူးလွန်သူလား

ရဲတပ်ဖွဲ့ ရဲ့ ရှင်းလင်း ပြောဆိုမှု တွေကို အတည်ပြု နိုင်ဖို့ အတွက် မူကြိုကျောင်း က တာဝန်ရှိသူတွေကို ဘီဘီစီ အနေနဲ့ မေးမြန်း ရာမှာတော့ ကျောင်း တာဝန်ခံ ကိုယ်တိုင်က ဒီအမှုကို ကျူးလွန်သူဟာ ကိုအောင်ကြီး မဖြစ်နိုင်ဘူး လို့ ပြောဆို ကြပါတယ်။

ဗစ်တိုးရီးယား ရဲ့ အတန်းပိုင် ဆရာမ ဖြစ်သူ ဒေါ်နှင်းနှင်းနု ကိုယ်တိုင် က သံသယ တရားခံဟာ ကိုအောင်ကြီး ဆိုသူဟာ ဘယ်သူ ဘယ်ဝါ ဆိုတာ သူမသိဘူးလို့ ဘီဘီစီ နဲ့ မေးမြန်းခန်းမှာ ပြောဆို ထားပါတယ်။

ဒါပေမယ့် သူ့ အနေနဲ့ ကတော့ ဒေါ်ဥမ္မာလှိုင် ပြန်တော့မယ်လို့ ပြောတဲ့ အချိန်မှာ ဧည့်ခန်းထဲမှာ ထိုင်နေသူ တစ်ယောက် ကိုတော့ မြင်မိတယ် လို့ ပြောပါတယ်။

ဒေါ်နှင်းနှင်းနု နဲ့ အတူ ကလေးတွေကို ကြည့်ရှု ပေးနေတဲ့ နောက်ထပ် ဆရာမ တစ်ဦး ဖြစ်တဲ့ ဒေါ်နီလာအေး ကလည်း ကိုအောင်ကြီး ကျူးလွန် ခဲ့တယ် ဆိုတာ ကို သူ့ အနေနဲ့ မယုံကြည် နိုင်ကြောင်း ပြောပြန်ပါတယ်။

အောင်ကြီး ဆိုသူဟာ ဒေါ်ဥမ္မာလှိုင် ရဲ့ ဧည့်သည် ဖြစ်ပြီး မေလ ၁၆ ရက်နေ့ကမှ ယာဉ်မောင်း အဖြစ် ခန့်အပ် ဖို့ အတွက် ကျောင်းမှာ ချိန်းထား ခဲ့တာကြောင့် လာရောက် ခဲ့တာလို့ ဒေါ်နီလာအေး က ပြောပါတယ်။

အောင်ကြီး ဆိုသူ ဟာ ဧည့်ခန်း ထဲမှာ ထိုင်နေတာ ကို မြင်တွေ့ ခဲ့ရပြီး ဆရာမတွေ ဆီက မူကြို သီချင်းခွေ တောင်းယူလို့ ပေး လိုက်တာကို မြင်တွေ့ ခဲ့ရတယ်လို့ လည်း ပြောပါတယ်။ ဒါပေမယ့် သူဘယ်သူ ဘယ်ဝါ ဆိုတာကို မသိဘူးလို့လည်း ဒေါ်နီလာအေး က ဆိုပါတယ်။

လူမှုကွန်ရက်မှာ လူတွေ ပြောဆို နေကြသလို ဒေါ်ဥမ္မာလှိုင် ရဲ့ သားတွေက ဗစ်တိုးရီးယားလေး ရှိရာ ကျောင်းဆောင်ကို လုံးဝမလာ ဘူးလို့ သူက အခိုင်အမာ ထွက်ဆိုပါတယ်။

ဒါ့အပြင် ဆရာမ ၄ ယောက် ဟာ ကလေးတွေ ရဲ့ ဘေးမှာ ဝန်းရံ ထားပြီး အဓိက အားဖြင့် ဗစ်တိုးရီးယားလေး ကို အနီးကပ် ကြည့်ရှု စောင့်ရှောက် နေကြောင်း သူက ဆိုပါတယ်။

ကိုအောင်ကြီး ဆိုသူ ရှိနေခိုက်မှာ ကလေးတွေဟာ ကြည့်ရှု စောင့်ရှောက်မှု အောက်ကနေ လစ်ထွက်မသွားဘူးလို့ သူက ခိုင်ခိုင်မာမာ ပြောဆို ခဲ့ပါတယ်။

မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဖြစ်သူ ဒေါ်ဥမ္မာလှိုင် ကလည်း သူ့ကို မှုခင်း ရဲတပ်ဖွဲ့စီအိုင်ဒီ က ခေါ်ယူ စစ်ဆေး ခဲ့ပြီး ဖြစ်ကြောင်း နဲ့ သားနှစ်ယောက် ဟာ ဒီမှုခင်းမှာ လုံးဝ မပတ်သက်ဘူးလို့ ဘီဘီစီ ကို ပြောပါတယ်။

ဗီဒီယို ပုံစာ, ဘီဘီစီ သီးသန့်ရတဲ့ ဗစ်တိုးရီးယား အမှု စီစီတီဗီ မှတ်တမ်း

၃။ ဗစ်တိုးရီးယား အမှုကို ကူညီနေသူတွေရဲ့ ပြောဆိုချက်

ဗစ်တိုးရီးယားလို့ နာမည် ပြောင်းလဲ ခေါ်ဆိုထားတဲ့ ကလေးသူငယ် လိင်ပိုင်း ဆိုင်ရာ စော်ကား ကျူးလွန် ခံရမှု အတွက် လိုက်ပါ ကူညီ နေသူတွေ ရှိပါတယ်။

နောက်ပြီး ကျူးလွန် ခံရသူ ကို အကူအညီပေး ရေး အတွက် အလှူငွေ ကောက်ခံမှုတွေ ရှိခဲ့ပြီး စုစုပေါင်း လှူဒါန်းငွေ ကျပ်သိန်း တစ်ရာ့ ရှစ်ဆယ် ကျော် ကိုလည်း အလှူရှင် တွေက ထည့်ဝင် လှူဒါန်း ထားကြပါတယ်။

Justice For Victoria တရားမျှတမှု ဖော်ဆောင် ပေးရေး ဆိုပြီး အွန်လိုင်းမှာ ရေးသား လှုံ့ဆော်မှုတွေလည်း ရှိပါတယ်။ အဓိက အားဖြင့် သက္ကမိုးညို ဆိုသူ က ဒီအမှုမှာ ထဲထဲဝင်ဝင် ကူညီ ပေးခဲ့တာကို တွေ့မြင် ရပါတယ်။

သူ့ရဲ့ ကိုယ်ပိုင် လူမှုကွန်ရက် ကနေ တဆင့် ရေးသား ပြောဆို မှုတွေဟာ လူအများ အကြားမှာ ပျံ့နှံ့ခဲ့ပြီး အီလက်ထရောနစ် ဥပဒေ ပုဒ်မ ၃၄ (ဃ) နဲ့ ရဲတပ်ဖွဲ့ ရဲ့ တရားစွဲဆိုမှု ကိုလည်း ခံခဲ့ရသူ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ က ဖမ်းဆီး ခဲ့တဲ့ အောင်ကြီး ဟာ တရားခံ ဟုတ် မဟုတ် ဆိုတဲ့ ရေးသား ပြောဆို ချက်ကြောင့် ရဲတပ်ဖွဲ့ ဂုဏ် သိက္ခာ ကျဆင်း အောင် လုပ်ဆောင် တယ် ဆိုပြီး တရားစွဲဆို ခံထားရတာပါ။

နောက်ပြီး ရဲတပ်ဖွဲ့ အနေနဲ့ ဒီအမှုမှာ တရားခံ ကို မြန်မြန်ရှာ၊ မြန်မြန် တရားစွဲ ပြီး အမှု ကို ပိတ်သိမ်းချင်ပုံ ရတယ်လို့လည်း လေ့လာ စောင့်ကြည့် နေသူတွေက ပြောပါတယ်။

ဗစ်တိုးရီးယားလေး လိင်ပိုင်း ဆိုင်ရာ စော်ကား ခံရမှုမှာ အဂတိ လိုက်စားမှုတွေ ရှိခဲ့သလားဆိုတာ ကိုလည်း သူတို့ တွေက သံသယ ရှိနေကြပါတယ်။ ဒီအတွက် အဂတိ တိုက်ဖျက်ရေး ကော်မရှင် က စစ်ဆေး ဖို့ကိုလည်း တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။

ကျူးလွန် ခံရသူ ကလေးသူငယ် အတွက် တရားမျှတမှု ရရှိရေး၊ နောက်ထပ် ဗစ်တိုးရီးယားများ မပေါ်ပေါက်ရေး ဆိုပြီးတော့ မြို့ကြီး အတော်များများမှာ လည်း ဆန္ဒပြ တောင်းဆို မှုတွေ ရှိခဲ့ပါတယ်။

ဒုတိယ ရဲချုပ်အောင်နိုင်သူ

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, ဒီအမှုဟာ ကျောင်းမှာ ဖြစ်ခဲ့တယ် ဆိုတဲ့ သဘောမျိုး ရဲက ပြောဆိုထား

၄။ ဒီ မှုခင်းမှာ ကွဲလွဲချက်တွေ ရှိသလား။

မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယ ရဲချုပ် အောင်နိုင်သူ ရဲ့ သတင်းစာ ရှင်းလင်း ပွဲမှာ ပြောဆိုမှု တွေကို ပြန်ကြည့်မယ် ဆိုရင် ဒီအမှုဟာ ကျောင်းမှာ ဖြစ်ခဲ့တယ် ဆိုတဲ့ သဘောမျိုး ပြောဆို ထားတာ ဖြစ်ပါတယ်။

ကျောင်းတာဝန်ရှိသူတွေ နဲ့ ဘီဘီစီ က သီးသန့် မေးမြန်း ခဲ့ရာမှာတော့ ကျောင်းမှာ ဖြစ်တာ လုံးဝ မဖြစ်နိုင်ဘူးလို့ အသီးသီး ထွက် ဆိုထားကြ ပြန်ပါတယ်။

ဒါကလည်း ပုဂ္ဂလိက မူကြိုကျောင်း အနေနဲ့ မှုခင်း မပေါ်ပေါက် ခဲ့ပါဘူး ဆိုတဲ့ ဂုဏ်သိက္ခာကို ကာကွယ်လိုတဲ့ အတွက်ကြောင့် ကာကွယ် ထွက်ဆို နေတာ ဆိုတဲ့ ဝေဖန် ပြောဆိုမှုတွေလည်း ရှိပါတယ်။

နောက်တချက် က DNA စစ်ဆေးမှုတွေ နဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့ ရဲ့ ပြောဆိုမှု ပါ။ ဗစ်တိုးရီးယား ဆီမှာ ကျူးလွန် သူရဲ့ သုက်ပိုး တွေ့ရှိရတယ်လို့ ရဲတပ်ဖွဲ့ က ထုတ်ဖော် ပြောဆို ခဲ့ဖူးပါတယ်။

ဒါပေမယ့် သမ္မတ အိမ်တော်မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ မိခင် ဖြစ်သူ က ရေဆေး လိုက်တဲ့ အတွက်ကြောင့် DNA ပျက် သွားတယ်လို့ ပြောဆို ပါတယ်။

နောက်တချက် က ကျောင်းကြီးကြပ်ရေးမှူး ဖြစ်သူ ဒေါ်ဥမ္မာလှိုင် နဲ့ မေးမြန်းခန်းမှာ သား နှစ်ယောက် ရဲ့ DNA နဲ့ ရဲတပ်ဖွဲ့ က ရရှိထားတဲ့ DNA မတူဘူး လို့ ရဲတပ်ဖွဲ့ တာဝန် ရှိသူက ပြောကြောင်း သူက ဖြေကြားပါတယ်။

ဒီတော့ ဘယ် က DNA ကို စစ်တာလဲ ဆိုတဲ့ မေးခွန်း က ပေါ်ပေါက် လာပါတယ်။ DNA စစ်ဆေးမှု ကို ဘယ်လို ပုံသဏ္ဍန် နဲ့ ဆောင်ရွက် ခဲ့တာလဲ။ ဘယ်သူတွေကို DNA စစ်ခဲ့တာလဲ ဆိုပြီး လူတွေ အကြားမှာ သို့လော သို့လော ဖြစ်စေခဲ့ပြန်ပါတယ်။

စီစီတီဗီ မှတ်တမ်း တွေ နဲ့ ပတ်သက်လို့လည်း ရဲတပ်ဖွဲ့ ရဲ့ စစ်ဆေး ဆောင်ရွက်မှု ဟာ လစ်ဟာချက်တွေ ရှိခဲ့တယ်လို့ ဒီအမှု ကို လိုက်ပါ ကူညီ ပေးသူတွေက ပြောကြပြန်ပါတယ်။

ရဲတပ်ဖွဲ့ က ရရှိထားတဲ့ စီစီတီဗီ မှတ်တမ်း တွေ အရ သံသယ တရားခံ အောင်ကြီးမှ အပ တခြား လူဝင် လူထွက် မရှိဘူးလို့ ဒုတိယ ရဲချုပ် အောင်နိုင်သူ က ပြောဆို ထားပါတယ်။

ဒါပေမယ့် စီစီတီဗီ မှတ်တမ်း မှတ်ရာတွေက မေလ ၁၆ ရက်နေ့မှာ ဖြစ်ပျက် ခဲ့တဲ့ အဖြစ်အပျက် တခုလုံး အတွက် သက်သေ အထောက်အထား ရှာဖွေ လို့ ရခဲ့သလား လို့ မေးခွန်း ထုတ်ကြပါတယ်။

နေပြည်တော် က မူကြိုကျောင်း
ဓာတ်ပုံ ပုံစာ, နေပြည်တော် က မူကြိုကျောင်း

၅။ ဒီအမှုကို ဘယ်လို စစ်ဆေးမလဲ။

လက်ရှိ အချိန်မှာတော့ အသက် ၃ နှစ် အရွယ် ဗစ်တိုးရီးယား လေးကို လိင်ပိုင်း ဆိုင်ရာ စော်ကား ကျူးလွန်မှု နဲ့ သံသယ တရားခံ အောင်ကြီး ဟာ နေပြည်တော် ဒက္ခိဏ ခရိုင် တရားရုံးမှာ ပုဒ်မ ၃၇၆ နဲ့ တရားစွဲဆို ခံထားရပါတယ်။

ဇူလိုင်လ ၁၅ ရက်နေ့မှာ သံသယ တရားခံ ကိုအောင်ကြီး ကို ပထမ ဦးဆုံး အကြိမ် ရုံးထုတ် ခဲ့ပြီး ပါပြီ။ အဲဒီမှာ နှစ်ဘက် ရှေ့နေတွေက အမှု လိုက်ပါ ဆောင်ရွက်ခွင့် တင်ပြ ခဲ့ပြီး ဥပဒေ နဲ့ ဆိုင်တဲ့ အချက်အလက်တွေကို တင်ပြ ခဲ့ကြပါတယ်။

ဒုတိယ ရုံးချိန်း ကိုတော့ ဇူလိုင်လ ၂၄ ရက်နေ့ ကို ချိန်း ဆို ခဲ့ပြီး တရားလွှတ်တော်ချုပ် က တရားသူကြီး နှစ်ဦး ပါဝင်တဲ့ ခုံရုံး အဖွဲ့ နဲ့ စစ်ဆေး မယ်လို့ တရားသူကြီး ဒေါ်သီတာနွယ် က ပြောပါတယ်။

ဒီအမှုကို သံသယ တရားခံ ကိုအောင်ကြီး ဘက်ကနေ ဦးခင်မောင်ဇော် အပါအဝင် ၄ဦး၊ တရားလိုဘက်ကနေ ရှေ့နေ ဒေါ်ရွက်နုအောင်၊ ဦးမျိုးဇော်အောင် နဲ့ ဒေါ်လှဝင်းသန်း တို့ လိုက်ပါ ဆောင်ရွက် ကြမှာပါ။

နောက်ပြီး ဒီအမှုရဲ့ အဓိက ဇာတ်ကောင် ဖြစ်တဲ့ ဗစ်တိုးရီးယား လေး ကို သီးသန့် အခန်းမှာ ထားပြီး ဗီဒီယို ကွန်းဖရန့် ပုံစံမျိုး နဲ့ စစ်ဆေး သွားမယ်လို့ ဦးခင်မောင်ဇော် က ပြောပါတယ်။

ဒါပေမယ့် အသက် သုံး နှစ် မပြည့်သေးတဲ့ မိန်းကလေးငယ် ဖြစ်နေတဲ့ အတွက် ဖိအားပေး တဲ့ ပုံစံ မျိုး နဲ့ မေးမြန်းမှာ မဟုတ်ဘဲ၊ အမျိုးသမီး ရှေ့နေ တစ်ဦး က ညင်ညင်သာသာ မေးခွန်း တွေ မေးမြန်း နိုင်အောင် ဆောင်ရွက် ထားတယ်လို့ သူက ဆိုပါတယ်။

ဒီအမှုကို လက်သည် တရားခံ အစစ်အမှန် ကို နှစ်ဘက် ပူးပေါင်း ရှာဖွေ ဖော်ထုတ် တဲ့ ပုံစံမျိုး နဲ့ မေးမြန်း သွားဖို့ ရှိတယ်လို့ လည်း တရားလို ရှေ့နေ ဒေါ်ရွက်နုအောင် က ဘီဘီစီ ကို ပြောဆို ထားပါတယ်။