လွှတ်တော် အခြေခံဥပဒေ ပြင်ဆင်ရေးမအောင်မြင်နိုင်လို့ SNLDပြော

တပ်မတော်က ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီဖွဲ့ ဆောင်ရွက်တာကို ကန့်ကွက်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တပ်မတော်က ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီဖွဲ့ ဆောင်ရွက်တာကို ကန့်ကွက်ခဲ့ပါတယ်။

တပ်မတော် သားကိုယ်စားလှယ်တွေ ကန့်ကွက်ထားတဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီ တွေရဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးဟာ အောင်မြင်နိုင်ဖို့ အခွင်အလမ်းနည်းတယ်လို့ ဖွဲ့ စည်းပုံ ပြင်ဆင်ရေးမှာ ပြင်ဆင်လိုတဲ့အချက် ၁၁၁၂ ချက်ပြင်ဆင်ဖို့ အဆိုပြုထားတဲ့ SNLDက ပြောပါတယ်။

SNLD ဟာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ အခြေခံဥပဒေပြင်ဆင်ရေး ကော်မတီကို ပြင်ဆင် ချက်အများဆုံးတင်ပြထားတဲ့ တိုင်းရင်းသားပါတီဖြစ်ပါတယ်။

လွှတ်တော်ထဲမှာ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ယူထားတဲ့တပ်မတော်က ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီဖွဲ့ ဆောင်ရွက်တာကို အရင်ကလည်း ကန့်ကွက်ခဲ့သလို အခုလည်း အဆိုပြုချက် တင်သွင်းတာ သဘောထား မှတ်ချက်ပြုတာတွေ တို့ကိုမလုပ်တာကြောင့် ပြင်ဆင်ရေးလုပ်ငန်းစဉ်ကို အောင်မြင်မယ်လို့ မျှော်လင့်ချက် မထားကြောင်း SNLDက ပြောပါတယ် ။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဟာ အခြေခံဥပဒေ အရ ဆိုရင် အချက် အတော်များများဟာ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နူန်းနဲ့ အထက်ကထောက်ခံရမှာဖြစ်လို့ ၊တပ်မတော်သား ကိုယ်စားလှယ် တစ်ဦး တစ်ယောက်မပါပဲပြင်ဖို့ ရာက အတော် ကို ဖြစ်နိုင်ခြေနည်းနေပါတယ်။

ဘာကြောင့် SNLD ကအချက်တွေ ဒီလောက်များရတာလဲ

ရှမ်းတိုင်းရင်းသားများဒီမိုကေရစီအဖွဲ့ချုပ်(SNLD)ဟာ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ ပြင်ဆင်လိုတဲ့ ချက် ၁၁၁၂ ချက်အထိ အများဆုံး တင်သွင်းထားပါတယ်၊ အကြောင်းကတော့ အခြေခံမူတွေ ကစပြီး ပြင်လိုတာကြောင့်ဖြစ်တယ်လို့ လည်း SNLD က လွှတ်တော်ကိုယ်စားလှယ် စိုင်းသီဟကျော်က ပြောပါတယ်။

"ကျွန်တော်တို့က ရှမ်းမူလို့ခေါ်တဲ့ ဖက်ဒရယ်မူကိုအခြေခံ ပြီး ပြင်ချင်တာကြောင့်ပါ၊ စနစ်ကြီးတစ်ခုလုံးပြင် ရမှာ ဖြစ်တာကြောင့် အခုလို များသွားတာဖြစ်ပါတယ်" လို့လည်း သူ ကပြောပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ရေးဟာ အောင်မြင်နိုင်ဖို့ အခွင်အလမ်းနည်းတယ်လို့ ယူဆပေမဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ ပြင်ဆင်လိုတဲ့အချက်တွေကို လူတွေသိသာအောင်ကြိုးပမ်းတာလည်းဖြစ်တယ်လို့ပြောပါတယ်။

"ကျွန်တော်တို့ သဘောထားတွေ မူဝါဒ တွေပြောခွင့်ရတဲ့ အချိန်မှာ ပြောတာလည်းဖြစ်ပါတယ် "လို့ စိုင်းသီဟကျော်က ရှင်းပြပါတယ် ။

တပ်မတော်သားကိုယ်စားလှယ်စုစုပေါင်း ၁၆၆ ဦးရှိပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တပ်မတော်သားကိုယ်စားလှယ်စုစုပေါင်း ၁၆၆ ဦးရှိပါတယ်

တပ်မတော်ပါဝင်မူအပေါ် သဘောထား

ဇူလိုင် ၁၅ ရက်နေ့က ပြည်ထောင်စု လွှတ်တော် မှာဖြန့်လိုက်တဲ့ အစီရင်ခံစာအရ တပ်မတော်ကို လွှတ်တော် အတွင်းက လုံးဝဖယ်ပေးဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ ချုပ် (SNLD)၊ မွန်အမျိုးသား ပါတီနှင့် ရခိုင်အမျိုးသားပါတီ (ANP)စတဲ့ပါတီတွေက သဘောထားရှိကြပါတယ် ။

အာဏာရ NLD ပါတီကတော့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အချိုးအစားကို လက်ရှိ ၂၅ ရာခိုင်နှုန်းကနေ၂၀၂၁ မှ ၂၀၂၆ ခု နှစ်အတွင်းမှာ တပ်ကိုယ်စားလှယ် ၁၅ ရာခိုင်နှုန်း၊ ၂၀၂၆ မှ ၂၀၃၁ ခုနှစ်အတွင်းမှာ တပ်ကိုယ်စားလှယ် ၁၀ ရာခိုင်နှုန်း၊ ၂၀၃၁ မှ ၂၀၃၆ ခုနှစ်အတွင်း တပ်ကိုယ်စားလှယ် ၅ ရာခိုင်နှုန်း အထိ လျော့ချဖို့အာဏာရ ပါတီက အကြံပြုထားပါတယ်။

"အာဏာရ NLD ပါတီကဘယ်လိုစဉ်းစားတယ်ဆိုတာတော့ ကျွန်တော်တို့ မသိပါဘူး။ ကျွန်တော်တို့ စဉ်းစားတာက တပ်က ၂၅ ရာခိုင်နှုန်း ယူပြီးတော့ လွှတ်တော်ထဲ လာထိုင်နေရတဲ့ အကြောင်းက ဗီတိုအာဏာ ရချင်လို့။ လွှတ်တော်ထဲက ဆောင်ရွက်ချက်တွေကို ထိန်းကျောင်းနိုင်ဖို့အတွက် လာထိုင်ထားတာ ဖြစ် တယ်။ ၂၅ ထက်နည်းသွားရင် ဗီတို က အလကားပဲ ၊ကျွန်တော်တို့ သဘောကတော့ လိုနေရင် ဆက်ထိုင် မလို ရင် အကုန်ထွက်တာ ပိုကောင်းမယ်"လို့ SNLD ပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော် က ပြောပါတယ် ။

"တိုင်းရင်းသားပါတီတွေ က တပ်မတော် အပြတ်ထွက် သဘောထားက အင်မတန်ရှင်းတယ်။ သူတို့ပြောတာမှန်တယ်လို့ ထင်တယ်၊ ဒါပေမဲ့ အာဏာရ NLD ပါတီက အင်ဒိုနီးရှားပုံစံလုပ်ချင်တာ တပ်က ပုဂ္ဂိုလ်ရေးအရ လည်း NLD မထောက်ခံတော့ဒီပြင်ဆင်ရေး ဘယ်မှ မရောက်နိုင်ဘူး"လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကပြောပါတယ် ။

အခြေခံ ဥပဒေ ပုဒ်မ ၅၉ စ လုံးပြင်ဆင်ရေးမှာ သဘောထားကွဲလွဲမှုရှိနေပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အခြေခံ ဥပဒေ ပုဒ်မ ၅၉ စ လုံးပြင်ဆင်ရေးမှာ သဘောထားကွဲလွဲမှုရှိနေပါတယ်

အချက်ပေါင်း ၃၀၀ကျော်ကို ဘယ်လိုဆွေးနွေးကြမလဲ

လက်ရှိ ပြင်ဆင်ဖို့ ကြိုးစားနေတဲ့၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပုဒ်မပေါင်း ၄၅၇ ခု ရှိပြီး ပြင်ဆင်ရမယ့် အချက်ပေါင်း ၃၇၀၀ ကျော်ကို နိုင်ငံရေးပါတီ ၁၄ ခု၊ တသီးပုဂ္ဂလကိုယ်စားလှယ်တွေ၊ တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့ တို့က လူပုဂ္ဂိုလ် ၄၅ ဦး ပါဝင်တဲ့ ဖွဲ့ စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီက အစီရင်ခံတရပ် ပြုလုပ်ပြီး ဇူလိုင် ၁၅ ရက်နေ့က ပြည်ထောင်စု လွှတ်တော်ကို တင်ပြခဲ့ပါတယ်။

ပြင်ဆင်ရေး လက်တွေ့ ဖြစ်နိုင်ပါ့မလားဆိုတာကလည်း မေးခွန်းထုတ်စရာ ဖြစ်သလို အချက်ပေါင်း ၃၇၀၀ကျော်ကို ဘယ်လိုဆွေးနွေးကြမလဲ ဆို တာကလည်းလူတွေသိချင်နေကြပါတယ် ။

အခြေခံဥပဒေ ပြင်ဆင်ရေးဟာအခုမှ လွှတ်တော် မှာ အစပြုတာတော့မဟုတ်ပါဘူး။ တပ်မတော် နဲ့နီးစပ်မှု ရှိတဲ့ ကြံခိုင်ရေးပါတီလက်ထက်ကလည်း ကြိုးပမ်းခဲ့ဖူးပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ ထင်သလောက် မအောင်မြင်ခဲ့ပါဘူး။

လက်ရှိပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၆၅၇ ဦးမှာရွေးကောတ်ခံ ကိုယ်စားလှယ် ၄၉၁ ဦး ရှိပြီးတပ်မတော်သားကိုယ်စားလှယ် ၁၆၆ ဦးရှိပါတယ်။

ရွေးကောက်ခံ ကိုယ်စားလှယ်တွေထဲမှာ NLD ကအများဆုံး ဆိုပေမဲ့ တိုင်းရင်းသားပါတီတွေ က လည်း၁၀ ရာခိုင်နူန်းကျော်ရှိပါတယ်။ အရင်အာဏာရ ကြံခိုင်ရေးပါတီကလည်း ၅ ရာခိုင်နှုန်းလောက်ရှိပြီး သူနဲ့ အမျိုးသားဒီမိုကရေစိ အဖွဲ့ချုပ်တို့ဟာအခြေခံ ဥပဒေ ပုဒ်မ ၅၉ စ လုံးပြင်ဆင်ရေးမှာ သဘောထားကွဲလွဲမှုရှိနေပါတယ် ။

ဒါကြောင့် လွှတ်တော်က ဆောင်ရွက်နေတဲ့ ပုံစံနဲ့ ၂၀၂၀ မှာ ဖွဲ့ စည်းပုံ ပြင်ဆင်ရေးဟာ အောင်မြင်နိုင်ဖို့ အခွင်အလမ်းနည်းတယ်လို့ လည်း တိုင်းရင်းသားပါတီတွေ ကပြောတာ ဖြစ်ပါတယ်။

ဘာကြောင့် အခွင့်အလမ်းနည်းရတာလဲ

အခြေခံ ဥပဒေ ပြင်မရ လို့အဓိက ပြောတဲ့ အချက်ဟာ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ က နဲ့ ခ ကြောင့်ဖြစ်တယ် လို့ တရားလွှတ်တော် ရှေ့နေကြီး ဦးကြီးမြင့်က ပြောပါတယ် ။

အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ က နဲ့ ခ အရ တပ်မတော် သား ၂၅ ရာခိုင်နှုန်း မပါဘဲ ပြင် ဖို့မဖြစ်နိုင်တာ ၊တပ်မတော် သား ၂၅ ရာခိုင်နှုန်းထောက်ခံတာ အပြင် ပြည်လုံးကျွှတ် ဆန္ဒခံယူပွဲမှာ မဲပေး နိုင်သူရဲ့ တစ်ဝက်လာ မဲပေးရမယ် ဆိုတဲ့ အချက် တွေဟာ လက်တွေ့ဘယ်လိုမှ မဖြစ်နိုင်တဲ့ အချက်တွေလို့လည်းသူကပြောပါတယ် ။

လက်ရှီ အာဏာရ NLD ပါတီက တပ်နဲ့ သဘောထားကွဲတာ၊ အရင် အာဏာ ရ ကြံခိုင်ရေးပါတီကလည်းကန့်ကွက်နေတာကလည်း အောင်မြင်နိုင်ဖို့ အခွင်အလမ်းနည်းတဲ့ အချက်တွေဖြစ်ပါတယ်။

လက်ရှီ အာဏာရ NLD ပါတီဘက် က သဘောထားတွေကိုရော ကော်မတီ ရဲ့အစီအစဉ် ကိုရော ဆက်သွယ်မေးမြန်းလို့မရပါဘူး။

လာမဲ့ ဇူလိုင် ၂၄ ရက်နေ့မှာတော့ ဒီအချက်တွေ ကို့ပြည်ထောင်စုလွှတ်တော် မှာ ဆွေးနွေးဖို့ရှိသလို၊ ဇူလိုင် ၁၇ မှာ အခြေခံဥပဒေ ပြင်ဆင် ရေးထောက်ခံပွဲ တွေ ကန့်ကွတ် ပွဲတွေ ကလည်းရန်ကုန် မှာ စတင် အရှိန်မြှင့်ဖို့လည် ပြင်နေကြပါတယ် ။