ဗစ်တိုးရီးယား အမှုနဲ့ DNA သက်သေ

ဓာတ်ပုံ ရင်းမြစ်, Myanmar Police FB
ဗစ်တိုးရီးယား အမှုမှာ ဖမ်းဆီး တရားစွဲထားတဲ့ သံသယတရားခံ အောင်ကြီးနဲ့ ပတ်သက်ပြီး ဒုရဲချုပ် အောင်နိုင်သူ ရှင်းလင်းတဲ့ အခါ DNA သက်သေဟာ ယုံကြည်ကိုးစားလောက်ဖွယ် အခြေအနေမှာ ရှိမနေဘူးလို့ ပြောခဲ့ပါတယ်။
အကြောင်းကတော့ အခင်းဖြစ်တဲ့နေ့က ဗစ်တိုးရီးယားလေး ဝတ်ဆင်ထားတဲ့ ဘောင်းဘီကို မိခင်က ရေထဲထည့်မိခဲ့တဲ့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအမှုမှာ ရဲက ထုတ်ပြောထားသလောက် DNA စစ်ဆေးမှု လုပ်ခဲ့တဲ့ တခြားသူ အနည်းဆုံး နှစ်ယောက် ရှိပါတယ်။
အဲဒီသူတွေဟာ ကျောင်းကြီးကြပ်ရေးမှုးရဲ့ သား နှစ်ဦး ဖြစ်ပြီး DNA ကိုက်ညီမှု မရှိဆိုပြီး ဒုရဲချုပ် အောင်နိုင်သူက ထုတ်ဖော် ပြောခဲ့ပါတယ်။
သားနှစ်ယောက်ရဲ့ DNA စစ်ဆေး ခံခဲ့ရပြီး အမှုနဲ့ မသက်ဆိုင်ကြောင်း ကင်းလွတ်ခဲ့တယ်လို့ မိခင် ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ကလည်း ဘီဘီစီနဲ့ အင်တာဗျူးမှာ အတည်ပြုပါတယ်။
အဲဒီ သားနှစ်ဦးရဲ့ DNA ကို စစ်ဆေးတဲ့အခါ ဗစ်တိုးရီးယား ကိုယ်ခန္ဓာက ၊ အဝတ်အစား ဘယ်နေရာက ရရှိထားတဲ့ ဘယ်လို DNA သဲလွန်စ နဲ့ တိုက်ဆိုင် စစ်ဆေးကြည့်တာလဲ ဆိုတာ မသိရပါဘူး။
ဒီတော့ ရဲရဲ့ ထုတ်ပြန်ချက်တွေအရ …
(၁) အောင်ကြီးကို ဖမ်းတဲ့အခါ DNA သက်သေကို အားကိုးတာ မဟုတ်။ ဘောင်းဘီ ရေထဲ ထည့်မိလို့ DNA သဲလွန်စဟာ အားကိုးလောက်ဖွယ် မရှိ။
(၂) ကျောင်းအုပ်ချုပ်ရေးမှူး သား နှစ်ယောက်ကို DNA စစ်ဆေးခဲ့ပေမယ့် အမှုကနေ ကင်းလွတ်ခဲ့။
ဗစ်တိုးရီးယား အတိုက်ခိုက်ခံခဲ့ရပုံ
ဗစ်တိုးရီးယားလေးရဲ့ မိန်းမကိုယ်မှာ ဖိုသုက်ပိုး တွေ့ရှိကြောင်းလည်း ဒုရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူက အတည်ပြုထားပါတယ်။
ဗစ်တိုးရီးယားရဲ့ မိန်းမကိုယ်ကို လိင်အင်္ဂါနဲ့ မဟုတ်ပဲ လက်နဲ့ ကျူးလွန်ခဲ့တာလို့ ရဲက ကောက်ချက်ချထားပါတယ်။

တချိန်တည်းမှာပဲ ကျူးလွန်သူဟာ လိင်စိတ်ကြောင့် သုက်လွှတ်ခဲ့ပြီး လက်ကနေ တဆင့်ပဲ သုက်ပိုးဟာ ဗစ်တိုးရီးယားရဲ့ မိန်းမကိုယ်ထဲ ရောက်သွားပုံ ရတယ်လို့ ရဲက ယူဆ ထားပါတယ်။
ရေထဲ စိမ်လိုက်မိတဲ့ ဘောင်းဘီကြောင့် မခိုင်မလုံ ဖြစ်သွားတယ် ဆိုတဲ့ DNA သဲလွန်စနဲ့ အရှက်အင်္ဂါမှာတွေ့ရတဲ့ သုက်ပိုးတို့ဟာ သဲလွန်စ သက်သေတစ်ခုတည်းကို ရည်ညွှန်းတာလား ဆိုတာ မရှင်းလင်းပါဘူး။
ဒုရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူရဲ့ သတင်းစာ ရှင်းလင်းပွဲ ပြောဆိုချက်တွေကအပ ၊ တရားရုံး တင်ထားတဲ့ အမှု၊ ဆက်လက်တည်ဆောက် နေဆဲ အမှု ဖြစ်တာကြောင့် ဆိုပြီး ဗစ်တိုးရီးယား အမှုနဲ့ ပတ်သက်လို့ မရှင်းလင်းတာတွေကို ရဲတပ်ဖွဲ့က မဖြေဆိုပါဘူး။
မှုခင်း ဆေးပညာ ပါမောက္ခ အဖြစ် နှစ်များစွာ တာဝန်ထမ်းခဲ့တဲ့ မြန်မာ ဆရာဝန်ကြီး တစ်ဦးကတော့ သုက်ပိုး သက်သေ ရှိရင်၊ အဲဒီ သုက်ပိုးက DNA ကို ထုတ်နှုတ်ယူပြီး၊ သံသယရှိရသူရဲ့ DNA နဲ့ ကိုက်ညီမှု ရှိမရှိကို တိုက်ဆိုင်ရတာမျိုး ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။
သူ့အနေနဲ့ ပညာရပ်ပိုင်း ဆိုင်ရာ လုပ်ပုံလုပ်နည်းကိုသာ ပြောတာဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ လက်ရှိ အဲဒီလို တိုက်ဆိုင် စစ်ဆေးနိုင်တဲ့ အထိ နည်းပညာ ရှိနေပြီလားဆိုတာ မှတ်ချက်ပေးဖို့ ငြင်းဆန်ပါတယ်။
မြန်မာနိုင်ငံနဲ့ DNA ဆန်းစစ်နိုင်စွမ်း နည်းပညာ
မှုခင်းရဲတပ်ဖွဲ့ CID မှာ DNA ဓာတ်ခွဲ စမ်းသပ်ခန်း ရှိနေတာ အနည်းဆုံး ၂ နှစ် လောက် ရှိနေပြီလို့ မှုခင်း ဆေးပညာ ဆရာဝန် အသိုင်းအဝိုင်းက ဆိုပါတယ်။
ရန်ကုန် ဆေးတက္ကသိုလ် ၁ မှာတော့ DNA ဓာတ်ခွဲ စမ်းသပ်ခန်း အခုနှစ်ပိုင်းမှ ရှိလာပြီး၊ တခြား ဆေးတက္ကသိုလ်တွေမှာတော့ ရှိကြောင်း မကြားသိရပါဘူး။
မြန်မာရုံးတော်ရဲ့ တရားစီရင်ရေးမှာ DNA သက်သေ အထောက်အထားတွေ တင်ပြတာ မတွင်ကျယ်သေးဘူးလို့ ရှေ့နေ အသိုင်းအဝိုင်းက ဆိုပါတယ်။
ဝါရင့် တရားလွှတ်တော် ရှေ့နေကြီး ဦးကြီးမြင့်ကဆိုရင် "မြန်မာနိုင်ငံမှာ DNA ကြောင့် ဖမ်းမိတာ၊ DNA ကြောင့် ပြန်လွှတ်ရတာ တစ်မှုမှ မရှိဘူး" ဆိုပြီး ဘီဘီစီကို ပြောပါတယ်။
ဒါဟာ နိုင်ငံတကာမှာ ဖြစ်နေတာနဲ့ အတော်လေး ခြားနားပါတယ်။ ဥပမာ အမေရိကန်ကို ကြည့်မယ်ဆိုရင် တရားခံကို ဖမ်းဆီးတဲ့ နေရာမှာသာမက၊ မှားယွင်း ထောင်ချထားမိသူတွေ ကိုပါ ပြန်လည် လွတ်မြောက်စေတဲ့ နေရာတွေမှာပါ DNA ဖော်ထုတ်နိုင်စွမ်း နည်းပညာ မြင့်လာမှုက အကူအညီ ပြုနေပါတယ်။
နိုင်ငံတကာနဲ့ DNA သက်သေ
မုဒိမ်းမှု အပါအဝင် ကိုယ်ထိလက်ရောက် လိင်ပိုင်းစော်ကား တိုက်ခိုက်မှုတွေမှာ လက်သည်ကို ဖော်နိုင်ဖို့ဆိုရင် DNA သက်သေက အရေးကြီးဆုံးပဲဆိုပြီး ဝါရှင်တန် အခြေစိုက် RAINN အဖွဲ့က ဆိုထားပါတယ်။
RAINN အဖွဲ့ဟာ အမေရိကန်မှာ လိင်ပိုင်း အကြမ်းဖက်မှု ဆန့်ကျင်ရေး အကြီးဆုံး ကွန်ရက် အဖွဲ့ ဖြစ်ပါတယ်။
DNA ဆန်းစစ်မှုကနေ ဘယ်လို အကျိုးတွေ ရှိနိုင်လဲ ဆိုတာ RAINN အဖွဲ့က အခုလို ပြောထားပါတယ်။
•ကျူးလွန်သူကို ဖော်ထုတ်ခြင်း။ ။ Forensic Scientist လို့ ခေါ်တဲ့ မှုခင်းဆိုင်ရာ သိပ္ပံ ပညာရှင်တွေဟာ လိင်ပိုင်း တိုက်ခိုက်ခံရသူတွေထံမှာ တိုက်ခိုက်သူရဲ့ ဘယ်လို DNA သက်သေ သဲလွန်စတွေ ကျန်ခဲ့သလဲ ဆိုတာ စုဆောင်းပါတယ်။ သံသယ ဖြစ်ရသူတွေ ရှိနှင့်နေပြီးရင် သူတို့ရဲ့ DNA နဲ့ တူမတူ ဆိုတာ ဆန်းစစ် နိုင်မှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် FBI စုံထောက် အဖွဲ့က ပြုစုထားတဲ့ CODIS ဆိုတဲ့ DNA တွေ မှတ်တမ်းနဲ့ တိုက်ဆိုင် စစ်ဆေးပါတယ်။ အဲဒီနည်းနဲ့လည်း တရားခံ ပေါ်ပေါက်စေနိုင်ပါတယ်။
•ရုံးတော်မှာလည်း ခိုင်လုံတဲ့ သက်သေ အနေနဲ့ အားကိုးရခြင်း။ ။ လူတစ်ယောက် အပြစ်ရှိကြောင်း၊ ဒါမှမဟုတ် အပြစ်မရှိကြောင်း တရားရုံးတော်မှာ ပြောတဲ့အခါမှာလည်း DNA သက်သေ အထောက်အထားဟာ အတော်အတန် ခိုင်လုံတဲ့ သက်သေအဖြစ် လက်ခံကြပါတယ်။ ဒါ့ကြောင့် နစ်နာသူအတွက် တရားမျှတမှုကို ဆောင်ကြဉ်း နိုင်ဖို့ရာမှာလည်း DNA သက်သေဟာ အရေးပါတဲ့ ကဏ္ဍမှာ ရှိနေပါတယ်။
•လိင်တိုက်ခိုက်မှု ထပ်မကျူးလွန်အောင် တားဆီးနိုင်ခြင်း။ ။ လိင်ပိုင်း အကြမ်းဖက် တိုက်ခိုက်သူဟာ တစ်သက်မှာတစ်ကြိမ် ဆိုတာမျိုးလို မဟုတ်ပဲ၊ တစ်ကြိမ်ထက် မက အခွင့်ရရင် ရသလို ကျူးလွန်တတ်ပါတယ်။ ဒါ့ကြောင့် တရားခံ အဖြစ် တစ်ကြိမ် ဖမ်းဆီး မိပြီး DNA လည်း ရယူ မှတ်တမ်း တင်ထားနိုင်ရင် အဲဒီသူကို ပိုပြီး ထိန်းချုပ်နိုင်မယ့် အလားအလာ ရှိပါတယ်။ ဒါဟာ နောက်တစ်ကြိမ် ကျုးလွန်နိုင်တဲ့ အခွင့်အလမ်း အဲဒီသူမှာ ကျဆင်းသွားတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။
DNA သဲလွန်စ စုဆောင်း သိမ်းဆည်းခြင်း
ယူကေနိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေး ဌာနကလည်း လိင်ပိုင်း တိုက်ခိုက်ခံရသူတွေ အနေနဲ့ မှုခင်း ဆေးပညာဆိုင်ရာ စမ်းသပ်မှုတွေ လုပ်ဆောင်ရင် လက်သည်ကို ဖမ်းမိနိုင်ခြေ ပိုများတယ်လို့ အကြံပြုပါတယ်။
အခင်းဖြစ်ပြီးခဲ့တာ သီတင်းတစ်ပတ် ကြာခဲ့ပြီဆိုရင်တောင် မှုခင်း ဆေးပညာဆိုင်ရာ စမ်းသပ်မှုတွေ လုပ်ပါလို့ တိုက်တွန်းပါတယ်။
သုက်ပိုး မကျန်ခဲ့ရင်တောင်၊ ထိတွေ့ နမ်းရှုံ့တာမျိုးတွေကနေ တိုက်ခိုက်သူရဲ့ တံတွေး၊ ချွေးတွေ ကျန်ခဲ့နိုင်သလို၊ ခုခံ ကုပ်ခြစ်တဲ့ လက်သည်းတွေကြားထဲမှာ ကျူးလွန်သူရဲ့ အရေပြားစတွေ ကျန်ခဲ့နိုင်ပါတယ်။
တံတွေး၊ ချွေး၊ သွေး၊ ဆံပင်၊ လက်သည်း၊ အရေပြား စတာတွေဆီကနေ DNA ရလာဖို့ အခွင့်အလမ်း ရှိပါတယ်။
သဲလွန်စ ပျက်စီး ဆုံးရှုံးနိုင်တဲ့ အတွက် ရေချိုး လိုက်တာမျိုး၊ ရေအိမ်တက်ပြီး သန့်စင် လိုက်တာမျိုး၊ အဝတ်တွေကို လျှော်လိုက်တာမျိုးတွေ ရှောင်ရှား သင့်တယ်လို့လည်း မှုခင်း ဆေးပညာရှင်တွေက အကြံပြုပါတယ်။












