Wisdom Hill မူကြိုကျောင်းသူ မုဒိမ်းမှု သံသယ တရားခံရဲ့ မိဘတွေ တုံ့ပြန်မှု

သက်ငယ်မုဒိမ်းမှုနဲ့ ထိရောက်ဟန့်တားတဲ့ ပြစ်ဒဏ်တွေချလို့ရအောင် ခရိုင်တရားရုံးမှာ စစ်မယ်
ဓာတ်ပုံ ပုံစာ, သက်ငယ်မုဒိမ်းမှုနဲ့ ထိရောက်ဟန့်တားတဲ့ ပြစ်ဒဏ်တွေချလို့ရအောင် ခရိုင်တရားရုံးမှာ စစ်မယ်လို့ဆို

နေပြည်တော် သပြေကုန်းက Wisdom Hill မူကြိုကျောင်းမှာ တက်ရောက်နေတဲ့ အသက် ၃ နှစ်မပြည့်သေးတဲ့ မိန်းကလေးတစ်ဦး သက်ငယ်မုဒိမ်း ပြုကျင့်ခံခဲ့ရတယ်လို့ တိုင်ကြားထားတာနဲ့ ပတ်သက်ပြီး ဇူလိုင်လ ၄ ရက်မှာ အဲဒီမူကြိုကျောင်းက ကြီးကြပ်ရေးမှူး ဆရာမရဲ့ ယာဉ်မောင်း အောင်ကျော်မျိုး (ခ) အောင်ကြီး ဆိုသူကို ဖမ်းဆီးပြီး နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ တရားစွဲဆိုလိုက်ပြီ ဖြစ်ပါတယ်။

သူဟာ ပထမဦးဆုံး သံသယရှိသူအဖြစ် မှုခင်းရဲတပ်ဖွဲ့ စီအိုင်ဒီက မေလ ၃၀ ရက်မှာ ဖမ်းဆီး စစ်ဆေးပြီးခံရပြီးမှ အမှုပေါ်ပေါက်တာမရှိလို့ဆိုပြီးတော့ ဇွန်လ ၂၄ရက်နေ့က ပြန်လွှတ်ပေးခံခဲ့ရသူ ဖြစ်ပါတယ်။

အမှုစဖြစ်တဲ့ မေလ ၁၆ ရက်ကနေ ကိုအောင်ကြီး အမှုမှာ စွပ်စွဲခံခဲ့ရပြီး သံသယ တရားခံအဖြစ် စွဲဆိုခံရတဲ့ ဇူလိုင်လ ၄ရက်နေ့အထိ ကာလ တစ်လျှောက် ဖြစ်စဉ်တွေကို နေပြည်တော်မှာ ရောက်နေတဲ့ ကိုအောင်ကြီးရဲ့ မိဘတွေက အခုလိုပြောပြထားပါတယ်။

စီစီတီဗီမှာ ဘာတွေ ပါလဲ

စီစီတီဗီကို ကြည့်တဲ့အခါ အောင်ကြီး ဝင်တဲ့အကွက်ကလေးပဲ ပြတယ်။ အောင်ကြီးဝင်သွားပြီး တံခါးနားက ဆိုဖာမှာ ထိုင်တာတွေ့တယ်။ ထိုင်နေတဲ့ အရိပ်တွေ့တယ်။ မှန် တံခါးပိတ်ထားလို့။ ကလေး မိဘလာလို့ တံခါးဖွင့်လိုက်ချိန်မှာ ငုတ်တုတ်ထိုင်နေတာကို ထင်ထင်မြင်မြင် မြင်တယ်။ တံခါး ပြန်လိုက်တော့ အရိပ်ပုံက အဲဒီအတိုင်းထိုင်နေတာတွေ့တယ်။ နောက် ကလေး မိဘလာတယ်။ တံခါးဖွင့်တယ်။ ခုနက ပုံစံ ထိုင်နေတာ မြင်ရတယ်။ တံခါးပြန်ပိတ်တယ်။ အရိပ်ဖြူဖြူကြီးက ဒီတိုင်းကျန်နေတယ်။ ဘယ်မှ ရွေ့လျားမှု မရှိဘူး။

စဖြစ်တာ ဘယ်လိုလဲ

စဖြစ်တာ ၁၆ ရက်နေ့။ အမှတ် (၁) ရဲစခန်းက မသင်္ကာလို့ ခေါ်ယူစစ်ဆေးဖို့ ရမန်ယူတယ်။ မေလ ၃၀ ရက်နေ့က ခေါ်သွားတယ်။ ဇွန်လ ၂၄ ရက်က ပြန်လွှတ်လိုက်တယ်။ ဖမ်းပြီးလို့ သုံးရက်မြောက်မှာ စီအိုင်ဒီ မှုခင်းတပ်ဖွဲ့က အမှုလွှဲ ယူလိုက်တယ်။ ပြီးတော့ စီအိုင်ဒီက ဆက်စစ်တယ်။ နှစ်ခါစစ်တယ်။ နောက် အောင်ကြီး ကိုင်တဲ့ဖုန်းကို ပေးနိုင်မလားလို့ စီအိုင်ဒီကပြောတယ်။ ညနေကျတော့ သူ့ကို အမှတ် (၁) စခန်းကို ပြန်ပို့တယ်။

ဘယ်လိုပြန်လွှတ်ပေးခဲ့လဲ

ရမန်ဆက်ယူပြီး ၂၄ ရက်မှာ ရမန်ပြည့်တော့ တရားရုံးမှာ ရမန်ယူထားတာဖြစ်လို့ တရားရုံးကနေ ပြန်လွှတ်တယ်။ ပြန်လွှတ်ချိန်မှာ တရားသူကြီးက DNA လည်း အောင်တယ်၊ သက်သေအထောက်အထား ဘာမှ မခိုင်လုံတဲ့ အတွက်ကြောင့် ပြန်လွှတ်လိုက်တယ်ဆိုပြီး ပြန်လွှတ်လိုက်တယ်။

ဘာတွေစစ်ဆေးခဲ့လဲ

မေလ ၃၀ ရက် က စဖမ်းတယ်။ ၃၁ ရက်မှာ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှာ သွားစစ်တယ်။ ပြီးတော့ စီအိုင်ဒီက ခေါ်သွားတဲ့နေ့မှာ DNA စစ်တယ်လို့ ပြောတယ်။ ပုဆိုးနဲ့ အင်္ကျီကို ဓာတုဗေဒ စစ်ဖို့ ယူသွားတယ်။ DNA အဖြေကို မပြောဘူး။

ဘာကြောင့် နောက်တစ်ကြိမ်ပြန်ဖမ်းလဲ

ရန်ကုန်ကို အလှူလုပ်စရာရှိလို့ သွားမယ်လို့ ရဲကို ပြောခဲ့တယ်။ အဖေရဲ့ ဖုန်းနံပါတ်ပေးခဲ့တယ်။ ဇူလိုင် ၁ ရက်မှာ ရန်ကုန်ပြန်တယ်။ ၂ ရက်နေ့ညမှာ စီအိုင်ဒီက အမြန်ဆုံးလာခဲ့ပါ အရေးကြီးတာစစ်မယ်လို့ ဖုန်းဆက်တယ်။ မနက်ကျတော့ နေပြည်တော် မလာနဲ့တော့လို့ ထပ်ပြောတယ်။ မြို့နယ် ရဲစခန်းကို လာဖို့ ပြောတယ်။ ရဲစခန်းကနေ အောင်ကြီးကို စီအိုင်ဒီမှာ စစ်ဖို့ ခေါ်သွားတယ်။

နေပြည်တော်ကို လေယာဉ်နဲ့ပို့

အောင်ကြီးကို မနက်ကတည်းက တိုက်ရိုက် နေပြည်တော်ကို လေယာဉ်နဲ့ ပို့လိုက်တယ်။ ဇူလိုင်လ ၄ ရက်မှာ အောင်ကြီးကို ခရိုင်တရားရုံးကို ပို့တယ်။ ပုဒ်မ ၃၇၆ နဲ့ စွဲချက်တင်တယ်။ နောက် ရုံးချိန်းက ဇူလိုင်လ ၁၅ ရက် ချိန်းတယ်။

ကျောင်းကလူတွေ ဘာပြောလဲ

ကိုအောင်ကြီးမဟုတ်ဘူးဆိုတာ ရဲရဲဝံ့ဝံ့ အာမခံတယ်ဆိုတဲ့သူတွေရှိတယ်။ စီအိုင်ဒီမှာ ဆရာမတွေက အဲလို ထွက်ခဲ့တယ်။ တရားရုံးမှာလည်း ဒီလိုပဲထွက်မယ်လို့ ဇူလိုင် ၄ ရက် ညနေပိုင်းမှာ ပြောထားတယ်။ ဆရာမကြီးကလည်း သူခေါ်လို့ အောင်ကြီးဝင်လာတာပါလို့ စီအိုင်ဒီမှာ ထွက်ခဲ့ဖူးတယ်။