ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပုဂံ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖို့ သေချာနေပြီလို့ မြန်မာကိုယ်စားလှယ်တွေပြော
ပုဂံဒေသကို ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ ရာနှုန်းပြည့်သေချာနေပြီလို့ အဇာဘိုင်ဂျန်နိုင်ငံမှာ ပြုလုပ်နေတဲ့ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေးကို တက်ရောက်နေသူ ရှေးဟောင်းယဉ်ကျေးမှုနဲ့သုတေသနဦးစီးဌာနက အမွေအနှစ်ထိန်းသိမ်းသူ နိုင်ငံတကာညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာမျိုးက ဘီဘီစီကို ပြောပါတယ်။
ဇူလိုင်လ ၆ ရက်နေ့အစည်းဝေးပြီးမှာတော့ တရားဝင်ထုတ်ပြန် ချက်ထွက်လာဖို့ရှိတယ်လို့လည်း သူကပြောပါတယ်။
"ဝင်ဖို့ရာ သေချာသွားပြီ။ (နိုင်ငံတကာအထိမ်းအမှတ်အဆောက်အအုံနှင့် နေရာဒေသများကောင်စီ - ICOMOS) ထောက်ခံတဲ့ Sites တွေဆို ထပ်မဆွေးနွေးတော့ဘူးတဲ့။ အစဉ်လိုက်စောင့်ပြီး congratulate ပဲလုပ်မယ်တဲ့"လို့ ဒေါ်ဥမ္မာမျိုးက ပြောပါတယ်။
ယူနက်စကိုစာရင်းဝင်ဖို့ တင်ပြထားတဲ့အထဲက (ICOMOS) အဖွဲ့က ထောက်ခံထားတဲ့ဒေသတွေထဲမှာ မြန်မာနိုင်ငံပါဝင်ပြီးတော့ ဒါကို ဆွေးနွေးသွားမှာ မဟုတ်ဘဲ အတည်ပြုပေးဖို့ သာရှိတယ်လို့ သူက ရှင်းပြပါတယ်။
မြန်မာနိုင်ငံဟာ ပုဂံဒေသကို ၁၉၉၆ ခုနှစ်က ယူနက်စကို ကမ္ဘာယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဖို့ စာရင်းတင်သွင်းခဲ့ဖူးပြီး အဲဒီတုန်းကတော့ သတ်မှတ်ခြင်း မခံခဲ့ရပါဘူး။
ယူနက်စကို ကမ္ဘာယဉ်ကျေးမှု အမွေအနှစ်ဆိုတာ ဘာလဲ။
ယူနက်စကို ဆိုတာကတော့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံ နဲ့ ယဉ်ကျေးမှုအဖွဲ့ကြီးဖြစ်ပါတယ်။
ကမ္ဘာ့ အမွေအနှစ်နယ်မြေဆိုတာကတော့ ယဉ်ကျေးမှု သမိုင်း သိပ္ပံ ဆိုင်ရာ ဒါမှမဟုတ် ထူးခြားတဲ့ဝိသေသထူးများရှိနေတဲ့ အမှတ်အသားနေရာလို့ ယူနက်စကိုက ရွေးချယ်ထားသတ်မှတ်ခြင်းခံရတဲ့ နေရာဖြစ်ပါတယ်။
ယူနက်စကို ကမ္ဘာယဉ်ကျေးမှု အမွေအနှစ် သတ်မှတ်ခံရပြီဆိုရင် တော့ ဒီဒေသဟာ နိုင်ငံတကာစာချုပ်စည်းမျဉ်းတွေအရ တရားဝင်စောင့်ရှောက်ကာကွယ်မှုကို ခံရပါတယ်။
လူသားတွေအကျိုးအတွက် ဒီနယ်မြေတွေဟာ ဘယ်လိုအရေးကြီးလဲဆိုတာကို ဆုံးဖြတ်သတ်မှတ်ပြီးမှ ရွေးချယ်တာ ဖြစ်ပါတယ်။
ဒီဒေသတွေကို ယူနက်စကိုက လက်တွေ့ကျတဲ့ ထိန်းသိမ်းစောင့်ရှောက်မှုတွေလုပ်ပေးဖို့ ရည်မှန်းထားပါတယ်။ မထိန်းသိမ်းဘဲထားရင် လူတွေ၊ တိရစ္ဆာန်တွေဖြတ်သန်းသွားမှုတွေ နဲ့ ဒေသအာဏာပိုင်တွေရဲ့ လစ်လျူရှုထားမှုတွေကြောင့် ဒီနယ်မြေတွေဟာ ထိခိုက်ပျက်စီးနိုင်မယ့်အန္တရာယ်တွေ ရှိလာနိုင်ပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေထဲက ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ စတဲ့ ပျူမြို့ဟောင်း (၃)မြို့ဟာ (၂၀၁၄)ခုနှစ်ကစတင်ပြီး မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ခဲ့ပါတယ်။
ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖို့ဘယ်လိုလျှောက်ခဲ့တာလဲ။
အေဒီ ၉ ရာစုနှောင်းပိုင်းဝန်းကျင်က စေတီပုထိုးပေါင်းများစွာဟာ တစ်ခေတ်တစ်ခါက ပုဂံပြည်သားတွေရဲ့ ကြီးကျယ်မှုကို ဖော်ပြနိုင်ရုံသာမက ပုဂံသားတွေရဲ့ စည်းလုံးခြင်းနဲ့ ခမ်းနားတဲ့ ဗိသုကာလက်ရာတွေ၊ အလှအပတွေကိုပါ ခံစားနိုင်တဲ့နေရာဖြစ်လို့ ဒီဒေသဟာ ကမ္ဘာ့အမွေအနှစ် ဖြစ်သင့်နေတာ ကြာပြီလို့ ရှေးဟောင်းသုတေသီတွေက ယူဆခဲ့ကြပါတယ်။
ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ ၂၀၁၃ ခုနှစ်ထဲက စပြီး မြန်မာ အစိုးရဘက်က ပြင်ခဲ့တာ ဖြစ်ပါတယ် ။
မြန်မာအစိုးရနဲ့ ယူနက်စကိုတို့ ပေါင်းပြီး ပုဂံမှာ ကမ္ဘာ့အမွေအနှစ်စာရင်းတွေ ဘယ်လောက်ရှိတယ်ဆိုတာ စာရင်းပြုစုခဲ့ပါတယ်။
"ဒေသတစ်ခုလုံးကို လျှောက်ခဲ့တာပါ။ ဘုရားတစ်ဆူ ချင်းစီ ခွဲလျှောက်တာ မဟုတ်ပါဘူး။ ဘုရားတွေအကုန်ပေါင်းပြီး ဒီနေရာမှာ ၃၈၀၀ သော ဘုရားအဆူဆူရှိပြီး အမွေအနှစ်တွေရှိတယ် လို့ ဖော်ပြပြီး လျှောက်ခဲ့တာပါ"လို့ လည်း ဒေါ်ဥမ္မာမျိုးက ပြောပါတယ်။
ပုဂံ ယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်းက ဟိုတယ်တွေ ဆောက်လုပ်ထားရှိမှုကို ဘယ်လိုရွှေပြောင်းမယ်ဆိုတာကိုလည်း အစီအစဉ်သတ်မှတ်တင်ပြပြီး လျှောက်ထားခဲ့တယ်လို့လည်း သူကပြောပါတယ်။
ဟိုတယ်တွေ တဖြည်းဖြည်းချင်း ရွှေ့ပေးပါမယ်လို့ စီမံခန့်ခွဲမှု အစီအစဉ်တင်ပြကတည်းက ယူနက်စကိုကို တင်ပြပြီးဖြစ်တယ်လို့လည်း သူက ရှင်းပြပါတယ်။
ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ မူကြမ်းတင်သွင်းပြီးနောက် ပုဂံဒေကို ICOMOS ပညာရှင်တွေ လာရောက်စစ်ဆေးခဲ့ပါတယ်။ ဒေသခံတွေရဲ့သဘောထားကိုလည်း တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
အဲဒီ ပညာရှင်တွေပါတဲ့ သီးခြားလွတ်လပ်တဲ့အဖွဲ့က ပုဂံကိုလာစစ်ပြီး နောက်ဆုံးတင်သွင်းထားတဲ့ အစီရင်ခံစာအရ ပုဂံကို ကမ္ဘာ့အမွေအနှစ်ထဲ ထည့်သင့်တယ်လို့ ထောက်ခံထားပြီးဖြစ်ပါတယ်။
ယူနက်စကို ကမ္ဘာ့အမွေအနှစ် စာရင်းပါရင် ဘာတွေဖြစ်နိုင်လဲ။
နှစ်ပေါင်း ရာနဲ့ ထောင်နဲ့ချီ ရှည်ကြာနေပြီဖြစ်တဲ့ ပုဂံက ရှေးဟောင်းအဆောက်အအုံတွေကို ရေရှည်ထိမ်းသိန်းရေးမှာ ပိုအားကောင်းလာနိုင်ပါတယ်။
ယူနက်စကိုက နည်းပညာ အကူညီတွေ ပိုရလာမယ်။
''ဥပမာ သဘာဝဘေးအန္တရာယ် ကျရောက်လာရင် အရေးပေါ်ချက်ချင်းကူညီတဲ့ အဖွဲ့တွေ ရောက်လာမယ်။၂၀၁၆ ပုဂံငလျင်တုန်းက ၄၈ နာရီအတွင်း ယူနက်စကိုကနေ ပညာရှင်တွေ လွှတ်တယ်။ ဒါတောင် ပဏာမ အဆင့်ပဲ ရှိသေးတယ်။ ယူနက်စကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရင် ဒီထက်ပိုပြီး အကူအညီရလာနိုင်တယ်''လို့ ဒေါ်ဥမ္မာမျိုး က ပြောပါတယ်။
နောက် တစ်ခုက ပုဂံဒေသဟာ မြန်မာမှာသာမက ကမ္ဘာမှာပါ နာမည်ကြီးတဲ့ အရပ်ဒေသတစ်ခုဖြစ်တာကြောင့် နိုင်ငံတကာခရီးသွားဧည့်သည်တွေဟာ ပုဂံကိုလာရောက်မှု တိုးလာနိုင်တယ်လို့လည်း ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ယူနက်စကို စာရင်းဝင်ရင် မြန်မာပြည်သူတချို့ စိုးရိမ်သလို ပုဂံကို ယူနက်စကိုက စီမံခန့်ခွဲမှာ မဟုတ်ဘဲ မြန်မာပြည်သူတွေနဲ့ မြန်မာအစိုးရက စီမံခန့်ခွဲမှာပါလို့ ဒေါ်ဥမ္မာမျိုးက ဘီဘီစီကို ပြောပါတယ်။
ယူနက်စကို ကမ္ဘာ့အမွေအနှစ် စာရင်းပါရင် မြန်မာက ဘာဆက်လုပ်ရမလဲ။
ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ပါတဲ့အခါ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသဟာ စီးပွားရေးလုပ်ငန်းတွေ၊ နေထိုင်နေတဲ့ လူတွေ၊ မြေအောက်မှာရှိတဲ့ ရှေးဟောင်းအဆောက်အအုံတွေ အထက်မှာ ရှိနေတဲ့ဟိုတယ်တွေဟာ ယူနက်စကိုကို တင်ထားတဲ့ အတိုင်း အချိန်ကာလ တစ်ခုသတ်မှတ်ပြီး ရွှေ့ပေးရမှာဖြစ်ပါတယ်။
"ချက်ချင်းကြီး မဟုတ်ပါဘူး။ အဆင့်လိုက် ရွှေ့ရမယ်လို့ ညှိနိုင်းတင်ပြထားတဲ့ အတွက် အနှစ် ၂၀ လောက် စီမံခန့်ခွဲပြီး ယူနက်စကို ကမ္ဘာ့အမွေအနှစ်က ပညာရှင်တွေ နဲ့ ပူးပေါင်းပြီးလုပ်ရမှာပါ"လို့ လည်း ဒေါ်ဥမ္မာမျိုးက ပြောပါတယ်။