ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် လယ်ယာလုပ်ငန်းတွေ ရပ်ဆိုင်း

အေအေနဲ့ တိုက်ပွဲတွေ ဖြစ်နေတာ လပေါင်းများစွာ ရှိနေပြီ

ဓာတ်ပုံ ရင်းမြစ်, AFP Contributor

ဓာတ်ပုံ ပုံစာ, အေအေနဲ့ တိုက်ပွဲတွေ ဖြစ်နေတာ လပေါင်းများစွာ ရှိနေပြီ

ဘူးသီးတောင်မြို့နယ် တောင်ပိုင်းနဲ့ မင်းပြားမြို့နယ်တွေထဲမှာ ဒီရက်ပိုင်းအတွင်း ဖြစ်နေခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရွာသားတွေဟာ ရွာပြင် မထွက်ဝံ့တာကြောင့် လယ်ယာလုပ်ငန်းတွေကို ရပ်ဆိုင်းထားရပါတယ်။

ဘူးသီးတောင်မြို့နယ် အတွင်းမှာ ဇွန်လ ၄ ရက်နေ့ မနက် ၅ နာရီကျော်ခန့်က သုံးဆယ့်တစ်ပုံအနီး ထိပ်ထူးပေါက် တံတားအနားမှာ တပ်မတော်စစ်ကြောင်း တစ်ခုမိုင်းခွဲ တိုက်ခိုက်ခံရသလို နံနက် ၉ နာရီခန့်မှာတော့ သပြေဆိပ်နဲ့ သိုင်းတစ်ပုတ်ကျေးရွာ အကြားမှာ အပြန်အလှန် ရင်ဆိုင်တိုက်ခိုက် ခဲ့ကြပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် သပြေဆိပ်ကျေးရွာက ရွာသားတွေဟာ ဇေယျာမြိုင်၊ အိုးဖောက်နဲ့ အုန်းချောင်း စတဲ့ကျေးရွာတွေကို ထွက်ပြေးခဲ့ရပါတယ်။

မင်းပြားမြို့နယ် ကပ်ပဲကျေးရွာ အနားမှာဆိုရင်လည်း ဇွန်လ ၃၀ ရက်နေ့ကနေ ဇူလိုင် ၃ရက်နေ့အထိ ၄ ရက်တိုင်တိုင် တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။

ဒီလိုတိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်နေတာကြောင့် စားနပ်ရိက္ခာ အခက်အခဲရှိနေသလို လယ်ယာလုပ်ငန်းတွေလည်း အကုန်လုံးရပ်ဆိုင်းထားရတယ်လို့ ကပ်ပဲကျေးရွာအုပ်ချုပ်ရေးမှူးက ဘီဘီစီကို ပြောပါတယ်။

အဲဒီဒေသတဝိုက်မှာ နှစ်ဖက်တပ်တွေကို တစ်ဖက်နဲ့ တစ်ဖက် ဆိုင်ထားကြတာကြောင့် နောက်မှာလည်း ထပ်မံဖြစ်ပွားနိုင်တယ်လို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကို ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး ဆွေးနွေးဖို့ တောင်းဆိုမှုတွေ အများအပြား ထွက်ပေါ်နေပေမယ့်လည်း တိုက်ပွဲတွေ မရပ်တဲ့အပြင် တစ်ရက်ထက် တစ်ရက် ပြင်းထန်လာတာမို့ ဒေသခံ ပြည်သူတွေကတော့ သူတို့ရဲ့ လုံခြုံရေးနဲ့ လယ်ယာလုပ်ငန်းတွေ ပျက်စီးမှာကို အထူးစိုးရိမ်နေကြပါတယ်။

ဗီဒီယို ပုံစာ, ရခိုင်မှာ အခြေချမယ်လို့ အေအေ ပြော