မင်းပြားမှာ လက်နက်ကြီးကျည်ကျလို့ ၅ ဦးသေဆုံး၊ ၉ ဦး ဒဏ်ရာရ

စပါးထားရွာအနီးတိုက်ပွဲဖြစ်

ဓာတ်ပုံ ရင်းမြစ်, Narinjara

ဓာတ်ပုံ ပုံစာ, ဒဏ်ရာရသူတွေကို သယ်လာ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် စပါးထားကျေးရွာ အနီးမှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ရွာသားတွေ ခိုလှုံနေတဲ့ ဘုန်းတော်ကြီးကျောင်းမှာ ဇွန်လ ၃ ရက် နေ့လယ်ပိုင်းက လက်နက်ကြီး ကျည်တစ်လုံး ကျရောက် ပေါက်ကွဲခဲ့တဲ့ အတွက် ရွာသား ၅ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။

ဇွန်လ ၃ ရက် နံနက် ၆ နာရီကျော်က မင်းပြားမြို့နယ် စပါးထားကျေးရွာအနီးမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေတို့ အကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ရွာသားတွေ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေစဉ်မှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် သေဆုံးခဲ့ကြရတာ ဖြစ်တယ်လို့ မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းငြိမ်းနိုင်က ဘီဘီစီကို ပြောပါတယ်။

ဒဏ်ရာရသူတွေအထဲမှာ စိုးရိမ်ရတဲ့သူတွေလည်း ပါဝင်နေတဲ့ အတွက် သူတို့ကို စစ်တွေပြည်သူ့ဆေးရုံကို ယူဆောင်ဖို့ စီစဉ်နေတယ်လို့ မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အခု ကျရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးကျည်ဟာ မြောက်ဦးမြို့အနီး မြောင်းဘွေကျေးရွာဘက်က လာတယ်လို့ ရွာသားတွေက ပြောပါတယ်။

ဗီဒီယို ပုံစာ, ရခိုင်တွေ ဘာကြောင့် လက်နက်ကိုင်လာကြလဲ

မင်းပြားမြို့နယ်မှာ တိုက်ပွဲတွေဟာ ဇွန်လ ၂ ရက်မှာ ရွှေတမာကျေးရွာအနီးမှာ ဖြစ်ပွားခဲ့ကြောင်း၊ ၃ ရက်နေ့မှာတော့ ကျယ်ပြန့်လာတဲ့ အနေအထားရှိပြီး စပါးထားကျေးရွာအနီးမှာ ဖြစ်ပွားခဲ့ကြောင်း၊ အဲဒီ တိုက်ပွဲတွေမှာ တပ်မတော်ဘက်ကရော အေအေဘက်ကပါ အကျအဆုံး ရှိနေကြောင်း၊ ဇွန်လ ၂ ရက်က တိုက်ပွဲမှာလည်း မြောင်းဘွေကျေးရွာက အမျိုးသမီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရှမ်းရွာမူဆလင်ကျေးရွာမှာ သားအမိ နှစ်ဦးလည်း ဒဏ်ရာတွေ ရရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။