ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမျိုးသမီး စီမံခန့်ခွဲတဲ့ အာရှကုမ္ပဏီတွေ ပိုမိုအောင်မြင်
အရှေ့တောင် အာရှ မှာရှိတဲ့ လုပ်ငန်း ကုမ္ပဏီတွေနဲ့ တရုတ် ကုမ္ပဏီတွေ အများအပြား ရှိတဲ့ အနက် စီမံ ခန့်ခွဲ အုပ်ချုပ်တဲ့ ရာထူး နေရာမှာ အမျိုးသမီးတွေ ပါဝင်တဲ့ အဖွဲ့အစည်းတွေဟာ အမျိုးသားတွေ လွှမ်းမိုးတဲ့ လုပ်ငန်း ကုမ္ပဏီ တွေထက် ပိုမို အောင်မြင်တာ တွေ့ရတယ်လို့ ကမ္ဘာ့ဘဏ် လက်အောက်မှာ ရှိတဲ့ နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း IFC အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
စီးပွားရေး လုပ်ငန်းခွင် တခုမှာ အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါတဲ့ လုပ်ငန်းတွေရဲ့ အမြတ်အစွန်း ရမှု ဟာ ၃.၈ ရာခိုင်နှုန်း ရှိပြီး တချိန်တည်းမှာ အမျိုးသမီး ပါ၀င်မှု မရှိတဲ့ အဖွဲ့အစည်းကတော့ ၂.၄ ရာခိုင်နှုန်းသာ ရှိတယ်လို့ IFC နဲ့ Women Empowerment Group တို့ ပူးပေါင်း လုပ်ဆောင်တဲ့ လေ့လာ ဆန်းစစ်ချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ လူငယ်တွေ ဦးစီးတဲ့ ရန်ကုန် တီးဟောက်စ် မှာတော့ အမျိုးသမီးတွေကို စီမံခန့်ခွဲမှု ရာထူးနေရာတွေ ပေးထားပြီး အုပ်ချုပ်လျက် ရှိရာမှာ ထိုက်သင့်တဲ့ အောင်မြင်မှု ရလျက် ရှိတယ်လို့ ကုမ္ပဏီရဲ့ အမှုဆောင် ဒါရိုက်တာ အစ္စဘဲလား ဆွေတင်က ပြောပါတယ်။
အမျိုးသမီးတွေဟာ ပြဿနာတရပ် ပေါက်ပေါက်လာရင် ဆုံးဖြတ်ချက် ချရာမှာ တိကျ ပြတ်သားပြီး မြန်ဆန်တယ်လို့ အမျိုးသားတွေနဲ့ နှိုင်းယှဉ်ပြီး သူက ရှင်းပြပါတယ်။
အမျိုးသားတွေ လွှမ်းမိုးရာ ၀န်ဆောင်မှု ပေးတဲ့ စားသောက်ဆိုင် လုပ်ငန်းမှာ ၀န်ထမ်းတွေကို ဆက်ဆံတဲ့ အခါ ပွင့်ပွင့်လင်းလင်း ရှိဖို့နဲ့ ကိုယ်လုပ်ရမယ့် လုပ်ငန်းကို ပိုင်ပိုင်နိုင်နိုင် လေ့လာ ကြေညက်မိစေဖို့ အရေးကြီးတယ်လို့ အစ္စဘဲလား က ထောက်ပြ ခဲ့ပါတယ်။
အမျိုးသမီးတွေဟာ အခက်အခဲ ပြဿနာရပ်တွေကို ဘက်လိုက်မှု မရှိဘဲ မျှမျှတတ ဆက်ဆံ ကိုင်တွယ်တာဟာလည်း သူတို့အတွက် အောင်မြင်မှု သော့ချက် တရပ်ဘဲလို့ သူက ပြောပါတယ်။
၂၀၁၄ က စတင်ထူထောင်ခဲ့တဲ့ ရန်ကုန် တီးဟောက်စ် အနေနဲ့ အခုလို အောင်မြင်စွာ ရပ်တည် နိုင်တာဟာ အဖွဲ့အစည်းအတွင်း ထိပ်ပိုင်း ရာထူးတွေ ဖြစ်တဲ့ အုပ်ချုပ်ရေး နဲ့ စီမံခန့်ခွဲရေး တို့မှာ အမျိုးသမီးတွေ ပါ၀င်ခွင့် ပေးခဲ့တာကြောင့်ဘဲလို့ အစ္စဘဲလားက ရှင်းပြပါတယ်။
ရန်ကုန်တီးဟောက်စ် ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ အဖွဲ့မှာ အမျိုးသား တယောက်သာ ပါပြီး ကျန်တဲ့ ငါးယောက်က အမျိုးသမီးတွေ ဖြစ်တဲ့ အပြင် ၀န်ထမ်း လေ့ကျင့် ခန့်ထားရေး ၊ စျေးကွက် မြှင့်တင်ရေး ၊ စီမံခန့်ခွဲရေး နဲ့ ဘဏ္ဍာရေး ပိုင်းတွေမှာ အမျိုးသမီးတွေကို ခန့်ထား အုပ်ချုပ်စေတာ ဖြစ်ပါတယ်။
၀န်ဆောင်မှု လုပ်ငန်းတရပ် အနေနဲ့ လာရောက် စားသုံးသူတွေကို ဆက်ဆံတဲ့ အခါမှာ အမျိုးသားတွေထက် အမျိုးသမီးတွေက ပိုမို ကျွမ်းကျင် ပိုင်နိုင်စွာ ကိုင်တွယ် နိုင်ကြတာ တွေ့ရတယ်လို့ သူက အတွေ့အကြုံနဲ့ ယှဉ်ပြီး ပြောပြပါတယ်။
အလားတူ ပြည်တွင်းက ပုဂ္ဂလိက လုပ်ငန်း တခု ဖြစ်တဲ့ အမရပူရမြို့က ဦးဂျမ်း ပုဆိုး ထုတ်လုပ်ရာ Unit Generation Group မှာ ဆိုရင်လည်း အမျိုးသမီး ဝန်ထမ်း ၈၀ ရာခိုင်နှုန်းနဲ့ လည်ပတ်နေရာမှာ အောင်မြင်မှု ရခဲ့သလို ၂၀၁၉ ခုနှစ် အတွက် အာဆီယံ အမျိုးသမီး လုပ်ငန်းရှင်ဆု ကို ဆွတ်ခူး ရခဲ့ပါတယ်။
အမျိုးသမီး ၀န်ထမ်းတွေနဲ့ ဆက်ဆံရတဲ့အခါ သူတို့ဟာ လုပ်ငန်းကို ဖိဖိစီးစီး အပြီးတိုင် လုပ်လေ့ရှိကြပြီး အင်တိုက်အားတိုက် လုပ်ကြတာကြောင့် အခုလို အောင်မြင်ရတာလို့ ဒီလုပ်ငန်းကို ဦးစီးနေတဲ့ Unit Generation Group ရဲ့ ဒါရိုက်တာ ဒေါ်ခင်၀င်းဆွေက ပြောပါတယ်။
၀န်ထမ်း အရေအတွက် သုံးရာလောက်နဲ့ လည်ပတ်နေတဲ့ ဒီလုပ်ငန်းခွင်မှာ အမျိုးသမီးတွေကို ကိုင်တွယ် ဆက်ဆံရတာ ရင်းနှီး နွေးထွေးမှု ရှိပြီး အခက်အခဲတွေကို လွယ်ကူစွာ ကျော်လွှားနိုင်တယ်လို့ သူက ဆိုပါတယ်။
အမျိုးသား ၀န်ထမ်းတွေကတော့ အားနဲ့ အင်နဲ့ အသုံးချရတဲ့ နေရာတွေမှာ သူတို့အတွက် ပိုမို အံ၀င် ခွင်ကျတာ တွေ့ရတယ်လို့ သူက ထောက်ပြခဲ့ပါတယ်။
သူတို့ ပတ်၀န်းကျင်မှာ အလုပ်အကိုင် ဖန်တီး နိုင်ပြီး အကျိုးပြုလုပ်ငန်းတွေ လုပ်ကိုင်နိုင်တဲ့ အတွက် အာဆီယံ ဆုကို ဆွတ်ခူးနိုင်ခဲ့တာလို့ ဒေါ်ခင်၀င်းဆွေက ရှင်းပြခဲ့ပါတယ်။