မြန်မာ့ သဘာဝထွက်ကုန် သစ်သားထည် အသုံးအဆောင်တွေကို ကမ္ဘာက သိစေချင်တဲ့ အမျိုးသမီး လုပ်ငန်းရှင်

မြန်မာနိုင်ငံမှာ လက်မှုပညာနဲ့ ထုတ်လုပ်တဲ့ ပစ္စည်းတွေကို ပိုမိုတန်ဖိုးထား လာချိန်မှာ ပြည်တွင်း စျေးကွက်ကိုသာမက ပြည်ပ စျေးကွက်ကိုပါ ထိုးဖောက်နိုင်ဖို့ ကြိုးစားနေသူ တစ်ယောက်ကတော့ Asia Modern Crafts ဆိုတဲ့ အသေးစား စက်မှု လက်မှု လုပ်ငန်း ထူထောင်သူ ဒေါ်စုစုယဉ် ဖြစ်ပါတယ်။

ဒီဇိုင်း လှလှလေးတွေ ကြိုက်နှစ်သက်တတ်တဲ့ ပင်ကိုယ်စိတ်နဲ့ ငယ်ငယ်ကတည်းက စိတ်ထဲမှာ ရှိထားခဲ့တဲ့ အသစ်အဆန်း တီထွင် ဖန်တီးချင်စိတ် တို့ကို အခြေခံပြီး သစ်သားကနေ လက်မှုပစ္စည်းတွေ ထုတ်လုပ်တဲ့ လုပ်ငန်းကို လုပ်ဖြစ်တာလို့ သူက ပြောပါတယ်။

ငယ်ငယ်က စိတ်ကူးယဉ်အိပ်မက်တွေ၊ ကိုယ်စိတ်ကူးယဉ်ခဲ့သမျှတွေကို အခု လက်မှုပညာနဲ့ ဖန်တီးနိုင်ပြီ လို့လည်း ဆိုပါတယ်။

သစ်သားကနေ ထုတ်လုပ်တဲ့ ပစ္စည်းတွေထဲမှာ ထမင်းစားပွဲမှာ သုံးတဲ့ တူတင်တဲ့ တုံးငယ်လေးကအစ ဇွန်းနဲ့ ပန်းကန် ခွက်ယောက် အမျိုးမျိုး၊ ဖျော်ရည်သောက်တဲ့ ခွက် အမျိုးမျိုးအပြင် ဟင်းချက်ရာမှာ သုံးတဲ့ ယောက်မ၊ ဇွန်း အစရှိတဲ့ ပစ္စည်းတွေ ပါဝင် ပါတယ်။

သစ်သားမှာ သဘာဝအတိုင်း မြင်တွေ့ရတဲ့ အရစ်၊ အကွက်၊ အတွန့်လေးတွေကို သူ့သဘာဝ အတိုင်းထားပြီး လှပအောင် ပုံဖော် ဖန်တီးတယ်လို့ သူက ပြောပါတယ်။

ဒီလုပ်ငန်း လုပ်ဖြစ်တဲ့ နောက်အကြောင်း တစ်ခုကတော့ မြန်မာ ပစ္စည်းတွေ မသေမသပ် လက်ရာကြမ်းတယ်လို့ မကြာခဏ ဝေဖန်လေ့ရှိတဲ့ သူ့ရဲ့ ဂျပန်နိုင်ငံသား မိတ်ဆွေက ပစ္စည်းတစ်ခု ကြမ်းနေတာတွေလို့ ကြည့်လိုက်ရင် မြန်မာနိုင်ငံမှာလုပ်တဲ့ ပစ္စည်း ဖြစ်နေတာပဲလို့ ပြောတတ်တာကို မခံနိုင်ဖြစ်မိပြီး ဒီလုပ်ငန်း လုပ်ဖြစ်တာလို့ ဒေါ်စုစုယဉ်က ပြောပါတယ်။

ကုန်ကြမ်း

ကြာရှည်မခံတဲ့ ထင်းရှူးလို သစ်ပွအမျိုးကို မသုံးဘဲ ကျွန်း၊ ebony ရင်းတိုက်နဲ့ သင်းဝင်သား သစ်မာတွေကို သုံးပြီး ထုတ်လုပ်တာလို့ ဒေါ်စုစုယဉ်က ပြောပါတယ်။

အကြမ်းထည်က တစ်ဆင့် အချောသပ် သုံးကုန်ပစ္စည်းတွေနဲ့ အလှထား ပစ္စည်းတွေကို Asia Modern Crafts က လောလောဆယ်မှာ သစ်သားကနေပဲ ထုတ်လုပ်ပါတယ်။

ဝါးနဲ့ ကြိမ်လို မြန်မာနိုင်ငံထွက် ပစ္စည်းတွေနဲ့ ထုတ်လုပ်ဖို့ စိတ်ကူးရှိပေမဲ့ လုပ်ပေးနိုင်မယ့် အလုပ်သမားရှာလို့ မရသေးတဲ့ အတွက် မထုတ်လုပ်ဖြစ်သေးဘူးလို့ သူက ပြောပါတယ်။

နည်းပညာနဲ့ ဒီဇိုင်း

ဂျပန် မိတ်ဆွေတွေ ဖွဲ့ထားတဲ့ Myanmar Support Association ဆိုတဲ့ အဖွဲ့ကနေ Asia Modern Crafts ကို နည်းပညာတွေ သင်ပေးတယ်လို့ ဒေါ်စုစုယဉ်က ပြောပါတယ်။

အဓိက အရေးအကြီးဆုံးက ပစ္စည်း အရည်အသွေး အဆင့်အတန်း ထိန်းထားနိုင်ဖို့ ဖြစ်ပါတယ်။

ကုန်ပစ္စည်းတွေရဲ့ ဒီဇိုင်းကိုတော့ ကိုယ်ပိုင် စိတ်ကူးနဲ့ရော မိတ်ဆွေ ဂျပန်နိုင်ငံသား တွေရဲ့ အကူအညီနဲ့ပါ ပေါင်းပြီး ဖန်တီးတယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံမှာ ပြုလုပ်တဲ့ ကုန်ပစ္စည်း ပြပွဲတွေကို သွားကြည့်ပြီး သူတို့ဆီက သုံးတဲ့ နည်းပညာတွေ၊ အယူအဆတွေကို လေ့လာ သိရှိလာတယ်လို့ ဒေါ်စုစုယဉ်က ပြောပါတယ်။

ပစ္စည်း တစ်ခု လုပ်မယ် ဆိုရင် သစ်သားကနေ ပုံကြမ်းပေါ်အောင် ခုတ်ဖြတ်ရပြီး အချောလုပ်တဲ့ နေရာမှာ မော်တာနဲ့ ချော၊ ပြီးမှ ကော်ပတ် အဆင့်ဆင့် စားပြီး အချောပုံဖော်ရပါတယ်။ အဲဒီ ပုံဖော်ပြီးသား ပစ္စည်းကို ဆေးသုတ်ပြီး အပြီးသတ် အချောကိုင်ရပါတယ်။

အကြမ်းခုတ်၊ မော်တာချော၊ ကော်ပတ်စား ဆိုတဲ့ ထုတ်လုပ်ပုံ အဆင့်ဆင့်ကို ဒေါ်စုစုယဉ်က သူ့ အလုပ်သမားတွေကို ကိုယ်တိုင် သင်ပေးရ ပါတယ်။

ဒီလုပ်ငန်း အတွက် စက်ရုံကတော့ သူ့ခြံထဲက ကားဂိုထောင်မှာပါ။

သူ့မိတ်ဆွေ ဂျပန်နိုင်ငံသားက စက်ရုံ အကြီးစားကြီး လုပ်မှ အသေးစား စက်မှုလက်မှုလုပ်ငန်း တစ်ခုလုပ်နိုင်တာ မဟုတ်ဘူး တစ်နိုင်တစ်ပိုင် လုပ်လည်း ရတယ်၊ သူတို့ နိုင်ငံမှာလည်း ဒီလို လုပ်ကြတယ်လို့ ပြောတာ့ ယုံတောင် မယုံနိုင်ခဲ့ဘူးလို့ ဒေါ်စုစုယဉ်က ပြောပါတယ်။ လောလောဆယ် သူ့မှာ အလုပ်သမားက စုစုပေါင်း ၉ ယောက်လောက်ပဲ ရှိပါတယ်။

တချို့ အလုပ်တွေကိုတော့ သူ့ဆီမှာ အရင် အလုပ်လုပ်ခဲ့ဖူးပြီး အကြောင်းကြောင်းကြောင့် ထွက်သွားခဲ့ကြသူတွေကို ပစ္စည်း အကြမ်းထည်လောက်အထိ အပ်နှံမှာယူပြီး အချောထည်ကို သူ့စိတ်ကြိုက် အိမ်က အလုပ်သမားတွေနဲ့ ဆက်ထုတ်တာလည်း ရှိတယ်လို့ ဆိုပါတယ်။

စျေးကွက်

စျေးကွက် အနေနဲ့က ပြည်တွင်းထက် ပြည်ပကို ပိုရည်ရွယ်တယ်လို့ ဒေါ်စုစုယဉ်က ပြောပါတယ်။

ပြည်တွင်းမှာက မြန်မာနိုင်ငံကို လာလည်တဲ့ နိုင်ငံခြားသားတွေက အမှတ်တရ ပစ္စည်းတစ်ခု အနေနဲ့ ဝယ်ကြတာတွေရှိပြီး ဂျပန်နိုင်ငံကို ပို့ဖို့ ပိုအားထားတယ်လို့ ပြောပါတယ်။

သူထုတ်တဲ့ ပစ္စည်းတွေထဲမှာ ဂျပန် တစ်နိုင်ငံအတွက်ပဲ ရည်ရွယ်ပြီး သစ်သား Shoe Horn ရှူးဖိနပ်စီးတဲ့ ဖိနပ်ကော် သစ်သားတံက လူကြိုက်များတယ်လို့ ဆိုပါတယ်။

ဂျပန် နိုင်ငံဘက်က အကြိုက်ကို သိနေပြီဖြစ်လို့ ဂျပန် စျေးကွက်မှာတော့ တိုးနိုင်နေပြီဖြစ်ပြီး ဂျပန်နိုင်ငံအပြင် ဥရောပနဲ့ ကမ္ဘာ့ စျေးကွက်ကို ထိုးဖောက် ဝင်ရောက်နိုင်ဖို့လည်း ကြိုးစားနေတယ်လို့ ဆိုပါတယ်။

သူ့လုပ်ငန်းက Value added တန်ဖိုးမြှင့်ထုတ်ကုန်အနေနဲ့ မူလက တန်ဖိုးသိပ်မရှိတဲ့ ကုန်ကြမ်းကို တန်ဖိုးတက်အောင်လုပ်တဲ့ အသေးစား စက်မှုလက်မှု လုပ်ငန်း ဖြစ်ပေမဲ့ အဓိက ကုန်ကြမ်းဖြစ်တဲ့ သစ်ကို တရားဝင် အနေနဲ့ စျေးကြီးပေးဝယ်ရတာ ဖြစ်လို့ ရောင်းတဲ့ နေရာမှာလည်း စျေးပေါပေါ မရောင်းနိုင်တဲ့ အတွက် မြန်မာ စျေးကွက်မှာတော့ မျက်နှာငယ်ရတယ်လို့ ဒေါ်စုစုယဉ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ လစဉ်လိုလို လုပ်ပေးတဲ့ အသေးစား စက်မှုလုပ်မှုလုပ်ငန်း ထွက်ကုန် ပြပွဲတွေမှာ သွားရောက်ပြသပြီး မှာယူလိုသူတွေက အပ်တဲ့ ပစ္စည်းတွေကို ထုတ်လုပ်ပေးတယ်လို့ ဆိုပါတယ်။

လောလောဆယ်မှာ အရေးအကြီးဆုံး လိုအပ်ချက်က ကုန်ကြမ်း ပစ္စည်းရဖို့၊ ဒုတိယက ကျွမ်းကျင် လုပ်သား ရဖို့နဲ့ တခြား ကုန်ပစ္စည်းတွေနဲ့ စျေးနှုန်း အားဖြင့် ယှဉ်ပြီး မရောင်းနိုင်တာ စတဲ့ အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။