မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ သံအမတ်ဖြစ်ဖို့ အခွင့်အလမ်း ရှိလာပြီလို့ သံအမတ်ကြီးအသစ် ဒေါ်ကေသီစိုး ပြော

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ လက်ထက်မှာ အမျိုးသမီး သံအမတ်ကြီး တစ်ယောက်ကို ထပ်မံ ခန့်အပ်လိုက် ပါတယ်။

သူကတော့ နိုင်ငံခြားရေး ဝန်ကြီးဌာန မဟာဗျူဟာ လေ့လာရေးနဲ့ လေ့ကျင့်ရေး ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါ်ကေသီစိုးဖြစ်ပြီး မြန်မာနိုင်ငံသမိုင်းမှာ ပဉ္စမမြောက် အမျိုးသမီး သံအမတ်ကြီး ဖြစ်ပြီး NLD အစိုးရ လက်ထက်မှာ ခန့်အပ်ခံရတဲ့ ဒုတိယမြောက် အမျိုးသမီး သံအမတ်ကြီး ဖြစ်ပါတယ်။

လွတ်လပ်ရေး ရပြီးခေတ်ကတည်းက မြန်မာ အမျိုးသမီးတွေဟာ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ အလုပ်လုပ်ကိုင်ဖို့ စိတ်ဝင်စားသူ နည်းပါးတာက တစ်ကြောင်း၊ နိုင်ငံရဲ့ အာဏာကို တပ်မတော်က ရယူခဲ့တဲ့ အချိန်ကာလတွေ အတွင်းမှာ တပ်ဘက်က လာတဲ့သူတွေကိုသာ သံအမတ်ကြီးတွေအဖြစ် ခန့်အပ်တာ များတာက တစ်ကြောင်းကြောင့် အရပ်ဘက်က ဆိုရင် သံတမန် အမျိုးသမီးတွေသာမက အမျိုးသား သံ ဝန်ထမ်းတွေလည်း သံအမတ်ကြီး အဆင့် အထိ တာဝန်တွေ ထမ်းဆောင်ခွင့် မရကြဘူးလို့ ဒေါ်ကေသီစိုးက ပြောပါတယ်။

သူ့ရဲ့ အကြီးအကဲ အထက်အရာရှိကြီးတွေ ဆိုလည်း အရည်အချင်း ရှိပါလျက်နဲ့ ပင်စင်ယူသွားတဲ့ အချိန်အထိ အခွင့်အလမ်းတွေ မပေါ်ခဲ့ကြဘူးလို့ ဆိုပါတယ်။

ဒေါ်ကေသီစိုးက နိုင်ငံခြားရေး ဝန်ကြီးဌာနကို စတင် ဝင်ရောက်လာတာ နှစ်ပေါင်း ၃၀ နီးပါး ရှိပါပြီ။

လွန်ခဲ့တဲ့ ၁၉၉၀ က PSC လို့ ခေါ်တဲ့ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး ဦးစီးဌာနက ခေါ်ဆိုတဲ့ စာမေးပွဲဖြေဆိုပြီး နိုင်ငံခြားရေးရုံးကို စဝင်ခဲ့ချိန်က သူအပါအဝင် အရာရှိငယ် ၂၅ ယောက်ပါတဲ့ အဖွဲ့မှာ အမျိုးသမီးက ၇ ယောက်ပဲ ပါဝင်တယ်လို့ ဆိုပါတယ်။

အဲဒီ အချိန်ကတည်းက အလုပ်ဝင်သူ အမျိုးသမီးနည်းတဲ့ အတွက် ရာထူး ကြီးလာသူတွေထဲမှာလည်း အမျိုးသမီး နည်းပါး နေတာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ ပိုများလာလိမ့်မယ်လို့ ဒေါ်ကေသီစိုးက ယူဆပါတယ်။

အကြောင်းက အခုလက်ရှိ အခြေအနေမှာ နိုင်ငံခြားရေးရုံးကို တပ်ဘက်က လူတွေ ထပ်မံ ဝင်ရောက်လာတာ မရှိ၊ အရပ်သား သံတမန်တွေကို သံအမတ် အဖြစ် မခန့်ဘူး ဆိုတာလည်း မရှိတဲ့ အတွက် နောင်မှာတော့ အမျိုးသမီး သံအမတ်တွေ ပိုဖြစ်လာတာ တွေ့ရမှာပါလို့ သူက ပြောပါတယ်။

အခုဆို အမျိုးသမီးငယ်တွေ နိုင်ငံခြားရေး ဝန်ကြီးဌာနကို ဝင်လာတာ ပိုများလာတဲ့ အတွက် ငယ်တဲ့ ရာထူး အဆင့်တွေမှာဆိုရင် အမျိုးသားတောင် ပိုနည်းသလိုဖြစ်နေတာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။

အခုလောလောဆယ် ဒေါ်ကေသီစိုးက မဟာဗျူဟာ လေ့လာရေးနဲ့ လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် တာဝန်ယူထားရသူ ဖြစ်လို့ သံတမန်ရေးနဲ့ မဟာဗျူဟာဆိုင်ရာ သင်တန်းတွေကို အရပ်ဘက်က အရာရှိအရာခံ ဝန်ထမ်းတွေကိုရော ကာကွယ်ရေး ဝန်ကြီးဌာန National Defence College NDC က ဗိုလ်မှူးကြီးတွေ အဆင့်ကို ပို့ချတဲ့ မဟာဘွဲ့ အပါအဝင် သင်တန်းတွေမှာ ကိုယ်တိုင် ပို့ချတာ၊ ကြီးကြပ် စီစဉ်တာတွေ လုပ်ရပါတယ်။

အစိုးရ ပြောင်းလို့ မူဝါဒတွေ ပြောင်းလဲ

နိုင်ငံကို ကိုယ်စားပြုပြီး အထူး အာဏာကုန်လွှဲအပ်ခြင်းခံရတဲ့ သံအမတ်ကြီး ဆိုတဲ့ ရာထူးက နိုင်ငံရေးအရ ခန့်ထားတဲ့ ရာထူးဖြစ်ပါတယ်။

အရင်အစိုးရလက်ထက်က တပ်က လွှတ်တဲ့သူတွေ အတော်များများကို သံအမတ် တွေအဖြစ် ခန့်အပ်ခဲ့တာ ရှိပေမဲ့ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ကတည်းက တပ်က ဝင်လာတဲ့ လူတွေနဲ့ အရပ်သား သံတမန် ဝန်ထမ်းတွေကို အချိုးအစား တစ်ခု အထိ သတ်မှတ်ပြီး သံအမတ်အဖြစ် ခန့်ထားခဲ့တယ်လို့ ဒေါ်ကေသီစိုးက ပြောပါတယ်။

အခု NLD အစိုးရ လက်ထက်မှာ ပြောင်းလဲလာတာက နိုင်ငံရေး အရ ခန့်ထားတဲ့ ရာထူး ဖြစ်တဲ့ သံအမတ်ရာထူးကို တခြားက လူတွေ ဘယ်သူ့ကိုမှ မခေါ်ဘဲ နိုင်ငံခြားရေး ရုံးတွင်းက လူတွေကိုသာ ခန့်ထားတဲ့ အတွက် ရုံးတွင်းကလူတွေ အတွက် အခွင့်အလမ်းတွေ ပိုများလာတယ်လို့ ဒေါ်ကေသီစိုးက ပြောပါတယ်

ဒါပေမဲ့ တပ်ဘက်က လာတဲ့ နဂိုခန့်အပ်ထားပြီးသား သံအမတ်ကြီးတွေကိုတော့ ပင်စင်သက် မရောက်မချင်း ဆက်လက် ထားနေတုန်းပဲလို့ ဆိုပါတယ်။

သူတို့အားလုံးသာ ပင်စင်သွားကြမယ် ဆိုရင် ဝန်ထမ်းငယ် ဘဝကတည်းက သံတမန်လောကထဲ ဝင်လာသူတွေက အသက်ငယ်ငယ်နဲ့ သံအမတ်ကြီးတွေ ဖြစ်လာနိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။

အမျိုးသမီးသံအမတ်ဖြစ်လို့ အားသာချက်နဲ့ စိန်ခေါ်မှုတွေ

သံရေး တမန်ရေး နည်းလမ်းအရ ချဉ်းကပ်ပုံတွေက အမျိုးသား၊ အမျိုးသမီး ဆိုတာမှာ သာမက တစ်ဦးချင်း တစ်ယောက်ချင်းစီရဲ့ ပင်ကိုယ် အရည်အသွေးပေါ် မူတည်ပြီးတော့လည်း ကွာခြားနိုင်ပါတယ်။

ဒေါ်ကေသီစိုး ကတော့ သူ့ကိုတာဝန်ပေးဖို့ ရွေးချယ် ထားတဲ့ ချက်သမ္မတ နိုင်ငံလို ဥရောပ နိုင်ငံမျိုးမှာက အမျိုးသမီးကို ဦးစားပေးတဲ့နိုင်ငံ ဖြစ်လို့ အမျိုးသမီးတွေ အတွက် အားသာချက် အဖြစ် ပြောလို့ ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေရဲ့ သဘော သဘာဝကိုက ယဉ်ကျေးမှု၊ လူထုအချင်းချင်းနဲ့ ထိတွေ့ဆက်ဆံမှုမျိုးကို စိတ်ဝင်စားတတ်တာ၊ ပင်ကိုယ် မိခင်စိတ်ရှိတာ စတဲ့ အချက်တွေကြောင့် ချဉ်းကပ် ဆက်ဆံပုံတွေ ကွာသွား နိုင်တယ်လို့ သူက ပြောပါတယ်။

သံအမတ်ကြီး ရာထူး အဆင့်မျိုးမှာတော့ အမျိုးသမီး သံဝန်ထမ်းတွေ အတွက် စိန်ခေါ်မှုတွေ သိပ်မရှိ နိုင်တော့ဘူးလို့ ဒေါ်ကေသီစိုးက သုံးသပ်ပါတယ်။

မြန်မာနိုင်ငံက သံတမန် အမျိုးသမီး အများစုက အိမ်ထောင်မရှိကြတဲ့ ငယ်ရွယ်သူတွေ ဖြစ်ကြပြီး ငယ်ရွယ်တဲ့ အိမ်ထောင်သည်တွေ ဆိုလည်း သားသမီးငယ်တွေနဲ့ အတူ တာဝန်ကျတဲ့ နိုင်ငံခြား တိုင်းပြည်တွေဆီ သွားရောက် နေထိုင် တာဝန်ထမ်းဆောင်တဲ့ အခါ အခက်အခဲတွေ ရှိတတ်တယ်လို့သူက ပြောပါတယ်။

ပြည်ပ သံရုံးတွေမှာ တာဝန်ထမ်းဆောင်ကြရတဲ့ ငယ်ရွယ်တဲ့ အမျိုးသမီး သံအရာရှိတွေ အနေနဲ့ အချိန်မတော် တစ်ယောက်တည်း ခရီးသွားရမယ့် ကိစ္စမျိုး ရှိလာရင် သူတို့ကိုယ်တိုင် ကိုင်တွယ်ဆောင်ရွက် နေတဲ့ ကိစ္စနဲ့ ပတ်သက်တဲ့ အလုပ်အတွက် ဆိုရင်တောင် သံရုံး အကြီးအကဲက သွားခွင့်မပေးဘဲ အမျိုးသားကို စေလွှတ် တာဝန်ပေးတာမျိုးတွေ ရှိတတ်တယ်လို့ ဆိုပါတယ်။

မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ အရ အမျိုးသမီးငယ်တွေ အပေါ် အဲဒီလို ကန့်သတ် ချုပ်ချယ်မှုတွေ ရှိတတ်ပေမဲ့ လုပ်ငန်းပိုင်းဆိုင်ရာ မှာတော့ အမျိုးသမီးမို့ အမျိုးသားတွေနဲ့ တန်းတူ မစွမ်းဆောင်နိုင်ဘူးဆိုတာ မရှိဘူးလို့ ဒေါ်ကေသီစိုးက ပြောပါတယ်။

အမျိုးသမီး အလုပ်လုပ်တာကို မကြိုက်၊ အမျိုးသမီး နာမည်နဲ့ အိမ်ငှားခွင့် မရှိ၊ အမျိုးသမီးကို လက်ဆွဲ မနှုတ်ဆက်တဲ့ နိုင်ငံမျိုးတွေ မှာတော့ အမျိုးသမီး ဦးဆောင်ပြီး လုပ်ငန်း လုပ်ရတာ အခက်အခဲ ရှိနိုင်တယ်လို့ သူကပြောပါတယ်။

အမျိုးသမီး သံအမတ်ကြီးများ

မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံး အမျိုးသမီး သံအမတ်ကြီး အဖြစ် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီး ဒေါ်ခင်ကြည် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ သူက အိန္ဒိယ နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် ၁၉၆၀ ခုနှစ်က ခန့်အပ် ခံခဲ့ရပါတယ်။

ဒုတိယမြောက် အမျိုးသမီး သံအမတ်ကြီးကတော့ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်က ခန့်အပ်ခဲ့တဲ့ ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့် ဖြစ်ပြီး တတိယကတော့ နော်ဝေနိုင်ငံ ဆိုင်ရာ သံအမတ်ကြီး ဒေါ်မော်မော်ပါ။ သူလည်း ဦးသိန်းစိန် အစိုးရ လက်ထက်က ခန့်အပ် ခံရတာဖြစ်ပါတယ်။

NLD အစိုးရ လက်ထက်မှာ ပထမဆုံး ခန့်အပ်ခံရတဲ့ အမျိုးသမီး သံအမတ်ကတော့ လက်ရှိ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်အိအိခင်ဧ ဖြစ်ပါတယ်။

အခုနောက်ဆုံးတော့ ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် ဒေါ်ကေသီစိုးကို ဇွန်လ ၆ ရက်နေ့က မြန်မာ အစိုးရက ခန့်အပ်လိုက်တာဖြစ်ပါတယ်။

ချက်နိုင်ငံက မြန်မာသံရုံး

အရင် ချက်ကို ဆလိုဗေးကီးယားနိုင်ငံအဖြစ်ရှိခဲ့တဲ့ အချိန်က ပရာ့ဂ် မြို့မှာ မြန်မာ သံရုံး ထားရှိခဲ့ပေမဲ့ နိုင်ငံရေး အခြေအနေတွေအရ ချက် သမ္မတ နိုင်ငံနဲ့ ဆလိုဗေးကီးယား နိုင်ငံ အဖြစ် ကွဲသွားခဲ့ပြီး ၁၉၉၃ နှစ်လောက်မှာ မြန်မာ သံရုံး ပိတ်သိမ်းခဲ့ပြီး အခုမှ တဖန် ပြန်လည်ဖွင့်လှစ်တာ ဖြစ်ပါတယ်။

သံအမတ်ကြီးအဖြစ် စတင် တာဝန်ထမ်းဆောင်တဲ့ အခါ မြန်မာနဲ့ ချက် နိုင်ငံကြား နဂိုရှိရင်းစွဲ ဆက်ဆံရေးပိုမို တိုးတက်အောင်နဲ့ မိတ်ဆွေ နိုင်ငံ အဝန်း အဝိုင်း ချဲ့ထွင်မယ်၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ဖို့ ပြန်လည် တိုးတက်အောင် လုပ်ဆောင်မယ်လို့ ရည်ရွယ်ထားကြောင်း ဒေါ်ကေသီစိုးက ပြောပါတယ်။

ဒါ့အပြင် ၁၉၈၈ ခုနှစ် လူထု အုံကြွမှုကြီး အပြီး မြန်မာနိုင်ငံကနေ ထွက်ခွာ သွားပြီးနောက် ချက်နိုင်ငံမှာ နေထိုင်နေကြတဲ့ မြန်မာတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နိုင်မယ့် ကိစ္စရပ်တွေကို လုပ်ဆောင်သွားဖို့လည်း ရည်ရွယ်ထားတယ်လို့ ဒေါ်ကေသီစိုးက ပြောပါတယ်။

ဒေါ်ကေသီစိုး အခု အချိန်အထိ ထမ်းဆောင်ခဲ့တဲ့ တာဝန်များ

ပြင်သစ်နိုင်ငံ ပါရီ မြို့တော် မြန်မာ သံရုံးမှာ တတိယ အတွင်းဝန်အဖြစ် တစ်ကြိမ်၊ ပထမအတွင်းဝန်၊ သံမှူး အဖြစ် တစ်ကြိမ်နဲ့ သံမှူးကြီး တာဝန် တစ်ကြိမ် စုစုပေါင်း သုံးကြိမ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

တရုတ်နိုင်ငံ ပေကျင်း မြို့တော်မှာလည်း သံမှူးနဲ့ သံမှူးကြီး တာဝန်ယူခဲ့ဖူးပါတယ်။ ဒါ့အပြင် အီလီနိုင်ငံ ရောမမြို့မှာ သံမှူးကြီးတာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ပြည်ပမြန်မာသံရုံးမှာ နောက်ဆုံးတာဝန်ကျခဲ့တာက သြစတြီးယားနိုင်ငံ ဗီယင်နာ မြို့တော်ဖြစ်ပြီး သံအမတ် အဖြစ် တာဝန်ယူခဲ့ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးဌာနမှာတော့ နိုင်ငံရေးရာ ဦးစီးဌာန ဥရောပ ဌာန ညွှန်ကြားရေးမှူး၊ စီမံကိန်းနဲ့ စီမံရေးရာဦးစီးဌာနမှာ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နဲ့ လက်ရှိ မဟာဗျူဟာ လေ့လာရေးနဲ့ လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဖြစ်ပါတယ်။