ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လမ်းဘေးခွေးတွေကို တရုတ်ပြည်ပို့ဖို့ အထောက်အထားမဲ့ တရုတ် ၂ ဦး လိုက်လံတောင်းခံ
ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ထဲမှာ စည်ပင်က ဖမ်းဆီးပြီး ခွေးဂေဟာကို ပို့ထားတဲ့ လမ်းဘေးခွေးကို တရုတ်ပြည်ကို ပို့ချင်တယ်ဆိုပြီး တရုတ်နိုင်ငံသား တစ်ဦးက ဇွန်လ ၃ ရက်နေ့ နဲ့ ၄ ရက်နေ့မှာ မြို့နယ်စည်ပင်သာရေးကော်မတီရုံးမှာ လာရောက်တောင်းခံခဲ့တာ ဖြစ်ပါတယ်။
"၂ ရက်ဆက်တိုက်လာတယ်၊ ပထမနေ့က တရုတ်တစ်ယောက်တည်း၊ နောက်တစ်နေ့တော့ ဗမာစကားအနည်းငယ်တတ်တဲ့ တရုတ်မလေးတစ်ယောက်နဲ့ အတူရောက်လာတယ်၊ သူတို့မေးတာက လမ်းဘေးခွေးတွေ လိုချင်တယ်ပေါ့"။
"ဘာလုပ်ရမလဲ မေးတယ်၊ အဲ့တော့ ကျွန်တော်လည်း ပြောလိုက်တယ် မင်းတို့ ဘာလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကို ငါနားလည်တယ်၊ အဲ့ဒီအတွက် ငါ့အနေနဲ့ သိပ်တော့ ဖြေစရာမရှိဘူး" ဆိုပြီး ပြောခဲ့တယ်လို့ ဗဟန်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးဝင်းဗိုလ်က ပြောပါတယ်။
တကယ်တော့ လမ်းဘေးခွေးတွေကို အကြောင်းပြချက်သေချာ မပေးဘဲ တောင်းခံတာမျိုး အရင်က မရှိခဲ့ဖူးပါဘူး။
"ဒါပထမဆုံးဗျ၊ ကျွန်တော်တို့ စည်ပင်ကိုလာပြီး လမ်းဘေးခွေးတွေ ပေးပါဆိုတော့ တကယ်အံ့အားသင့်သွားတာ" လို့ ဦးဝင်းဗိုလ်က ပြောပါတယ်။
တိရစ္ဆာန်တွေကို နိုင်ငံခြားပို့မယ်ဆိုရင် သွင်းကုန် ပို့ကုန် လိုင်စင်ဥပဒေအရ ဌာနဆိုင်ရာမှာ မှတ်ပုံတင်ထားတဲ့ တရားဝင် အဖွဲ့အစည်း ဖြစ်ရမှာ ဖြစ်ပါတယ်။
စည်ပင်ကို လာတဲ့ တရုတ်နိုင်ငံသားကတော့ ဒီလို အထောက်အထားတွေ ရှိပုံမရဘူး လို့ ဗဟန်းမြို့နယ်စည်ပင်ရုံးက ပြောပါတယ်။
ဒီနောက်တော့ မြို့နယ်စည်ပင်ရုံးက ခွေးဂေဟာမှာ စုံစမ်းဖို့နဲ့ လမ်းဘေးခွေးတွေပို့ထားတဲ့ ခွေးဂေဟာလိပ်စာကို အဲ့ဒီတရုတ်ကို ပေးခဲ့တယ် လို့ ဦးဝင်းဗိုလ်က ပြောပါတယ်။
နောက်တစ်နေ့ ဇွန်လ ၅ ရက်နေ့မှာတော့ တရုတ် ၂ ဦးဟာ လှည်းကူးမြို့နယ် ဖောင်ကြီးမှာရှိတဲ့ 'သင့်အတွက် သဘာဝတိရစ္ဆာန်ဘေးမဲ့တော' ဆိုတဲ့ ခွေးဂေဟာအထိ သွားရောက်ပြီးတော့ လမ်းဘေးခွေးတွေကို တောင်းယူခဲ့ပါတယ်။
တရုတ် ၂ ဦးနဲ့ တွေ့ခဲ့တဲ့ ခွေးဂေဟာ တာဝန်ခံ ကိုမောင်မောင်ဦးက "တရုတ်လူမျိုးဗျ၊ အရပ်က ၅ ပေ ၇ လောက်ရှိတယ်၊ အသားက ဖြူဆွတ်နေတာ ဗမာစကား မတတ်ဘူး၊ စကားပြန်အမျိုးသမီးကလည်း တရုတ်ပဲ၊ ဗမာစကားနည်းနည်းပဲ တတ်တယ်၊ ခွေး လိုချင်တယ်လို့ ပြောတယ်"
"ဘယ်နှစ်ကောင်ယူမယ်မေးတော့ အမြောက်အမြား လိုချင်တာလို့ တရုတ်က ပြန်ဖြေတယ်၊ အဲ့တော့ မင်းဘယ်မှာနေလဲ၊ မင်းနာမည်ဘယ်သူလဲ၊ မင်းနေတဲ့ နေရာက စည်ပင်နဲ့ မိတ်ဆက်ပေးမယ်၊ လမ်းမှာ ခွေးတွေ ဖမ်းနေပြီဆို တောင်း၊ မှတ်ပုံတင်လုပ်လို့ ပြောတော့ သူမလုပ်နိုင်ဘူး၊ ဘယ်မှာနေလဲတောင် မဖြေနိုင်ဘူး"
"တရားဝင် အထောက်အထားပြ ဆိုတော့ ဘာတစ်ခုမှ မပြနိုင်ဘူး" လို့ ကိုမောင်မောင်ဦးက ပြန်ပြောပြပါတယ်။
ရန်ကုန်တိုင်းအတွင်း လမ်းဘေးခွေးအကောင်ရေ အဆမတန်များနေပြီး လမ်းဘေးခွေးအကိုက်ခံရလို့ ရန်ကုန်ဆေးရုံကြီး၊ သင်္ကန်းကျွန်း(စံပြ) ဆေးရုံနဲ့ အင်းစိန်ဆေးရုံကြီးတွေမှာ ခွေးရူးရောဂါ ကာကွယ်ဆေးလာထိုးတဲ့ လူနာဟာ တနေ့ကို ပျှမ်းမျှ ရာဂဏန်းနဲ့ချီ ရှိနေတယ်လို့ ဆေးရုံတွေက တာဝန်ကျဆရာဝန်တွေက ပြောထားပါတယ်။
ဒါကြောင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတွေဟာ ရပ်ကွက်တွေထဲမှာ လမ်းဘေးခွေးတွေကို ဖမ်းဆီးပြီး ခွေးဂေဟာတွေကို ပို့ဆောင်ပေးနေတာပါ။
လက်ရှိ ဗဟန်းမြို့နယ် တစ်ခုတည်းမှာတင် ဖမ်းဆီးပြီး ခွေးအကောင်ရေက ၁၇၀ ကျော် သွားပြီ ဖြစ်တယ်လို့ မြို့နယ်စည်ပင်ကော်မတီဥက္ကဌ ဦးဝင်းဗိုလ်က ပြောပါတယ်။
ခွေးတွေလိုချင်တဲ့ တရုတ်ကိုတော့ ဒီခွေးဂေဟာက ဘေးမဲ့တော ဖြစ်ကြောင်းနဲ့ သူတို့ ၂ ဦးကို စစ်ဆေးဖို့ ရဲတို့၊ လဝကတို့ကို ခေါ်မယ်လို့ ခွေးဂေဟာက ပြောခဲ့ပါတယ်။
"အဲ့ဒီတော့ တရုတ်က ရှုးရှုးနဲ့ ဒေါသထွက်တယ်ဗျ၊ အဲ့တော့ ကိုယ်ကလည်း မခံချင်ဘူး၊ ရဲခေါ်လိုက်မှာလို့ ထပ်ပြောတော့မှ ဆိုင်ကယ်နဲ့ ကမန်းကတမ်း ပြန်ထွက်သွားတယ်"လို့ ကိုမောင်မောင်ဦးက ပြောပါတယ်။
တကယ်တော့ မြန်မာပြည်ကို ရောက်လာကြတဲ့ တရုတ် နဲ့ ဗီယက်နမ် နိုင်ငံခြားသားတချို့ဟာ သူတို့အစုအဖွဲ့ ဖွဲ့မိပြီဆိုရင် ခွေးသားပေါ်စားတာ ဒါမှမဟုတ် ခွေးသားဟင်းလျာဝယ်စားတာမျိုးတွေ လုပ်လေ့ရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ တုန်းကလည်း ရန်ကုန်မြို့လယ်မှာရှိတဲ့ ဗီယက်နမ်ဆောက်လုပ်ရေးစီမံကိန်းနားက ထမင်းဆိုင်တချို့မှာ ခွေးသားဟင်းလျာ ရောင်းချတာတွေ ရှိခဲ့ပါတယ်။
"ကျွန်တော်ထင်တာကတော့ အဲ့တရုတ်က သူ့မှာ ဆိုင်ရှိလိမ့်မယ်၊ သူတို့နဲ့ ပတ်သတ်တဲ့ ဆိုင်တွေရှိလိမ့်မယ်၊ အဲ့ဒါကို တရုတ်ပြည်သွင်းဖို့ လာယူတာ၊ သူတို့ စားဖို့တော့ မဟုတ်ဘူး၊ ဆိုင်မှာ ရောင်းစားဖို့ပေါ့" ဆိုပြီး တရုတ်နဲ့ စကားပြောခဲ့တဲ့ ကိုမောင်မောင်ဦးက ပြောပါတယ်။