လွတ်ငြိမ်းသက်သာခွင့်ထဲမပါလို့ မော်လိုက်ကလေး အကျဉ်းထောင်မှာ ဆူပူမှုဖြစ်ပွား

လွတ်ငြိမ်းသက်သာခွင့်တန်းတူရရေးအပါအဝင်အချက်လေးချက်ကို တောင်းဆိုခဲ့ကြ

ဓာတ်ပုံ ရင်းမြစ်, Kyaw Thet Win

ဓာတ်ပုံ ပုံစာ, လွတ်ငြိမ်းသက်သာခွင့်တန်းတူရရေးအပါအဝင်အချက်လေးချက်ကို တောင်းဆိုခဲ့ကြ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းမှာရှိတဲ့ မော်လိုက်ကလေးအကျဉ်းထောင်မှာ ဒီကနေ့ မေ ၈ ရက်နေ့ မနက် ၉ နာရီခွဲက အကျဉ်းကျနေတဲ့ ထောင်သား ၁,၈၀၀ ကျော်က အချက်လေးချက်ပါ တောင်းဆို မှုတွေပြုလုပ်ခဲ့ ကြတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး လှိုင်တင့်က ဘီဘီစီကို ပြောပါ တယ်။

မော်လိုက်ကလေး အကျဉ်းထောင်မှာ အကျဉ်းသားဦးရေ ၁,၈၀၀ နဲ့ အကျဉ်းသူက၂၃၁ ဦး ရှိပြီး အကျဉ်းသား အားလုံးက တောင်းဆိုခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

' ' အဓိကကတော့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမပါလို့ ဒါကို အဓိကတောင်းဆိုတာပါ။ လွတ်ငြိမ်းသက်သာခွင့် ကို တန်းတူညီမျှ ရရေး၊ လူ့အခွင့်အရေးကော်မရှင်နဲ့တွေ့ရေး အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပေးရေး အပါ အဝင် လေးချက်တောင်းဆိုတာပေါ့။ သူတို့တောင်းဆိုတဲ့အချိန်မှာတော့ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ချိုကိုယ်တိုင်သွားပြီး တွေ့ဆုံညှိနှိုင်းနေပါတယ်။အခုတော့ ညှိနှိုင်းလို့ အေးအေး ဆေးဆေး ဖြစ်သွားပါပြီ။ ''လို့ ဒုရဲမှူးကြီး လှိုင်တင့်ကပြောပါတယ်။

မော်လိုက်ကလေး အကျဉ်းထောင်မှာ အကျဉ်းသား နှစ်ထောင်ကျော်ရှိ

ဓာတ်ပုံ ရင်းမြစ်, Kyaw Thet Win

ဓာတ်ပုံ ပုံစာ, မော်လိုက်ကလေး အကျဉ်းထောင်မှာ အကျဉ်းသား နှစ်ထောင်ကျော်ရှိ

နိုင်ငံတော်သမ္မတရဲ့အမိန့်နဲ့ နိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ အကျဉ်းကျနေသူတွေကို ဧပြီ၊ မေ နှစ်လအတွင်း ပြစ်ဒဏ်ကနေ လွတ်ငြိမ်းသက်သာခွင့် ၃ ကြိမ်ပေးခဲ့ရာမှာ အကျဉ်းသား ၂၃,၀၀၀ ကျော် ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ရခဲ့ပါတယ်။

' ' အဓိကက ဒီတစ်ခေါက်လွတ်ငြိမ်းမှာ မော်လိုက်ကလေးထောင်ကနေ တစ်ယောက်မှ မပါဘူး။ မူးယစ်မှု ခြင်းတူတူ ပုဒ်မတစ်ခုအမှုတွဲတစ်ခုထဲကို တစ်ခြားထောင်က လွတ်တယ်။ သူတို့ကျ ဘာလို့မလွတ်တာ လဲပေါ့။ သူတို့အဓိက ပြောတာ မိုးအောင်ရင်ပေါ့ ။ တို့က တော်တော်လေးမကျေမနပ်ဖြစ် နေကြတာ။ ဒီထောင်က အရင်ကလည်း ထောင်ဆူတာ ထောင်ဖောက်ပြေးတာတွေဖြစ်ဖူးတယ်၊ မြို့နဲ့လည်းအလှမ်းဝေး တော့ လုံခြုံရေးအတွက်စိတ်ပူတယ်'' လို့ အဆိုပါ ထောင်ဆူပူမှုကိုအာဏာပိုင်အဖွဲ့တွေသွားရောက်ဖြေရှင်း ရာမှာ အတူလိုက်ပါသွားခဲ့သူဖြစ်တဲ့ အထက်ချင်းတွင်းဒေသလူငယ်များကွန်ရက်က ကိုကျော်သက်ဝင်းက ဘီဘီစီကိုပြောပါတယ်။

လတ်တလောမှာ ကလေးခရိုင်စီမံခန့်ခွဲမှု ဥက္ကဋ္ဌအပါအဝင် တာဝန်ရှိသူအချို့က အကျဥ်းသားတွေနဲ့တွေ့ဆုံပြီး တောင်းဆိုချက်တွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ပြည်ထောင်စုအဆင့်၊ နိုင်ငံတော်သမ္မတ အထိ ဆက်လက်တင်ပြပေးသွားမယ်လို့ ညှိနှိုင်းခဲ့တာဖြစ်ပါတယ်။ ဒီတောင်းဆိုမှုတွေကို နိုင်ငံတော်အဆင့်က ဂရုတစိုက်မကိုင်တွယ်ပေးရင် အကျဉ်းသားတွေ ထပ်မံဆူပူမှုတွေဖြစ်လာနိုင်မှာကိုလည်း စိုးရိမ်တယ်လို့ ကိုကျော်သက်ဝင်းကပြောပါတယ်။

နှစ်လအတွင်း အကျဉ်းသား နှစ်သောင်းကျော် ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ရလာပြီးတဲ့နောက်မှာ သက်သာ ခွင့်မရတဲ့အကျဉ်းသားအချို့က လွတ်ငြိမ်းသက်သာခွင့်ကို တန်းတူညီမျှရဖို့ ဆိုပြီးတောင်းဆိုလာကြတာ ဖြစ်ပါတယ်။

' ' ကျွန်တော်တို့ မြင်တာကတော့ ဒီပြဿနာရဲ့အခြေခံကတော့ လွတ်ငြိမ်းချမ်းသာခံစားခွင့်ရှိတယ်လို့ သတ်မှတ်ပြီးပေးလိုက်တဲ့မူကြောင့်လို့ထင်ပါတယ်။ မူကမပြတ်သားတဲ့အခါကျတော့ လူအမည်စာရင်းနဲ့ ပေးလိုက်တဲ့အခါမှာ ကျန်နေခဲ့တာတွေရှိတယ်။ ပုဒ်မတူတယ်၊ ကျခံရန်ကျန်ကာလတူမယ် အကျိုးခံစား ခွင့်တူမယ်။ ဟိုထောင်ကလူကလွတ်တယ် ဒီထောင်က လူက မလွတ်ဘူးဆိုရင် ဒီလိုဆူပူမှုတွေဖြစ်လာ နိုင်တာပဲ။'' လို့ အငြိမ်းစားထောင်မှူးကြီးဟောင်းတစ်ဦးဖြစ်တဲ့ ဦးခင်မောင်မြင့်က သုံးသပ်ပြောဆိုပါတယ်။

လွတ်ငြိမ်းသက်သာခွင့်ပေးရာမှာ အထွေထွေလွတ်ငြိမ်းသက်သာခွင့်နဲ့ သမ္မတရဲ့ လုပ်ပိုင်ခွင့်နဲ့ ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) အရပေးတာနဲ့ ၂ မျိုးရှိတယ်လို့သိရပါတယ်။

အထွေထွေလွတ်ငြိမ်းသက်သာခွင့်ထဲမှာ ပြစ်ဒဏ်ကျခံနေသူတွေအပြင် အချုပ်ကျနေသူတွေ အမှုရင်ဆိုင်နေရဆဲသူ အားလုံးကိုပါ လွတ်ငြိမ်းခွင့်ရနိုင်ပြီး ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) အရ ပေးရာမှာတော့ ပြစ်ဒဏ်ကျခံပြီးသူတွေကိုသာပေးနိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။