အကျဉ်းသားခြောက်ထောင်ကျော် လွတ်ငြိမ်းခွင့်ပေးရာမှာ နိုင်ငံရေးအကျဉ်းသား ၁၀ ဦး ကျော် ပါဝင်

ဒီကနေ့ လွတ်ငြိမ်းခွင့်နဲ့ မိုးညှင်းအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ ကျောင်းသားတပ်မတော် ( ABSDF )က ကိုအောင်ဆွေဦးနဲ့ ကိုမောင်ဦး

ဓာတ်ပုံ ရင်းမြစ်, KYISEINN@FACEBOOK

ဓာတ်ပုံ ပုံစာ, ဒီကနေ့ လွတ်ငြိမ်းခွင့်နဲ့ မိုးညှင်းအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ ကျောင်းသားတပ်မတော် ( ABSDF )က ကိုအောင်ဆွေဦးနဲ့ ကိုမောင်ဦး

နိုင်ငံတဝန်းမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၆,၅၂၀ ဦးကို နိုင်ငံတော် သမ္မတအမိန့်နဲ့ ဒီကနေ့ မေ ၇ ရက်နေ့မှာ လွတ်ငြိမ်းသက်သာခွင့်ထပ်မံပေးရာမှာ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၀ ဦးပါဝင်လာတယ် လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ ) ရဲ့တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်က ဘီဘီစီကိုပြောပါတယ်။

ဒီကနေ့ ပေးခဲ့တဲ့လွတ်ငြိမ်းသက်သာခွင့်ထဲမှာ ရိုက်တာ သတင်းထောက် ၂ ဦးပါဝင်သလို မူးယစ်ဆေးဝါး အပြား ၃၀ အောက်နဲ့ ပြစ်ဒဏ်ခံနေရသူအများစုနဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် ( NCA) လက်မှတ်ရေးထိုးပြီးသား အဖွဲ့ ၃ ဖွဲ့က အကျဉ်းကျခံနေရသူ ၂၃ ဦးလည်း ပါဝင်တယ်လို့ နိုင်ငံတော်သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မီဒီယာတွေကို ဒီကနေ့ မေ ၇ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

' ' ကျွန်တော်တို့အခုချိန်ထိ အတည်ပြုနိုင်တာက ရိုက်တာ သတင်းထောက်တွေရယ် မိုးညှင်းထောင် မှာကျ နေတဲ့ ABSDF က ၂ဦးရယ် အပါအဝင်ကို ၁၀ဦးပဲရှိသေးတယ်။ သမ္မတရုံးက လက်နက်ကိုင်အဖွဲ့တွေက ၂၃ ဦးပါတယ်ပြောပေမယ့် ဘယ်သူတွေပါသလဲဆိုတာကို မသိရတဲ့အတွက် ကျွန်တော်တို့ နိုင်/ကျဉ်း စာရင်းထဲကလူတွေ ဟုတ်မဟုတ်ကို အတည်မပြုနိုင်သေးဘူး။ စာရင်းတွေကတော့ ထပ်စုံစမ်းပြီး ပြုစုနေတုံးပါ။'' လို့ အေအေပီပီရဲ့တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်ကပြောပါတယ်။

ဒီကနေ့ပေးခဲ့တဲ့ လွတ်ငြိမ်းသက်သာခွင့်ဟာ နိုင်ငံတော် အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ချောမွေ့ အောင်မြင်စေဖို့ နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ရည်ရွယ်တာဖြစ်တယ်လို့ သမ္မတရုံး ထုတ်ပြန် ချက်မှာထည့်သွင်းဖော်ပြထားပါတယ်။

' ' အခုက လွှတ်တာနဲ့ ဖမ်းတာမှာ ဖမ်းတာက ပိုများနေတယ်။ အဖမ်းခံရတဲ့အခါမှာလည်းတိုင်းရင်းသား တွေက ပိုများနေတဲ့အခါကျတော့ ဒီလူတွေကို အကုန်ပြန်လွှတ်ပေးမှသာ အမျိုးသားပြန်လည်သင့်မြတ်ရေး ကို အထောက်အကူပြုမှာပါ။ အခုကတော့ ဖမ်းတာကပိုများနေတော့ ပိုပြီးတော့တောင် ထိခိုက်နိုင်ပါသေး တယ်။'' လို့လည်း အေအေပီပီရဲ့ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့ လွတ်ငြိမ်းသက်သာခွင့်ထဲမှာ ရခိုင်နိုင်ငံရေးသမားဖြစ်တဲ့ ဒေါက်တာအေးမောင်နဲ့ စာရေး ဆရာဝေဟင်အောင်တို့လည်း ပါလာတယ်ဆိုတဲ့ ကောလာဟလတွေလည်းထွက်ပေါ်နေပါတယ်။

' ' ဒေါက်တာအေးမောင်နဲ့ ကိုဝေဟင်အောင်ကို ဒီကနေ့ လွတ်ငြိမ်းမှာပါတယ်ဆိုပြီး အင်တာနက်မှာ ဒီကနေ့ လွတ်ငြိမ်းခွင့်ရတဲ့သူစာရင်းဆိုပြီး စာရွက်ကိုတွေ့ရတယ်။ ကျွန်မတို့လည်း တကယ်များလားလို့ ထင်မိသွားတယ်။ ဒါပေမယ့် နီးစပ်တဲ့အသိုင်းအဝိုင်းတွေကို လိုက်မေးကြည့်တော့ မဟုတ်ဘူးလို့ သိရပါ တယ်။ အခုတစ်ခေါက်မပါတော့လည်း နောက်အခေါက်တွေမျှော်ရမှာပေါ့လေ'' လို့ ရသေ့တောင်မြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဒေါ်ခင်စောဝေကဘီဘီစီကိုပြောပါတယ်။

နိုင်ငံတော်သမ္မတရဲ့လွတ်ငြိမ်းသက်သာခွင့်ကို ဧပြီ ၁၇ ရက်မှာတစ်ကြိမ် ၊ ဧပြီ ၂၆ရက်မှာ တစ်ကြိမ်နဲ့ ဒီကနေ့ မေ ၇ ရက်မှာတစ်ကြိမ် စုစုပေါင်း ၃ကြိမ် ပေးခဲ့ပြီး နိုင်ငံတစ်ဝန်းအကျဉ်းသားပေါင်း နှစ်သောင်း သုံးထောင်ကျော်အထိ ပြစ်ဒဏ်ကနေ လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့ပါတယ်။