သမ္မတရဲ့ ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် နိုင်ငံရေးအကျဉ်းသား ၃ ယောက် ပါဝင်

သမ္မတရဲ့ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား ၆ ထောင်ကျော်ကို ဒီကနေ့ လွှတ်ပေးရာမှာ နိုင်ငံရေးပုဒ်မနဲ့ ပြစ်ဒဏ်ကျခံ နေရတဲ့သူ ၃ ယောက် သာ လွတ်မြောက်လာတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ပြောပါတယ်။

" ၃ ယောက်လုံး မြစ်ကြီးနားထောင်က လွတ်လာတာပါ။ ပိတ်မိနေတဲ့ စစ်ရှောင်တွေကို ကူညီပေးရင်း ပြစ်ဒဏ် ကျခံနေရတဲ့ ၂ ယောက်နဲ့ မတရားအသင်း ဆက်သွယ်တဲ့ ပုဒ်မနဲ့ ပြစ်ဒဏ် ကျခံနေသူ ၁ ယောက် စုစုပေါင်း ၃ ယောက်ပဲ လွတ်လာတာပါ" လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ဦးအောင်ကျော်မျိုးက ပြောပါတယ်။

လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသား ၃ ယောက် ဟာ ၂၀၁၈ ဧပြီလ အတွင်းက ကချင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေ လွတ်မြောက်ရေးအတွက် ဦးဆောင်ဆန္ဒပြသူ ၂ ဦး ဖြစ်တဲ့ ဦးဇော်ဂျတ်နဲ့ ဦးလွမ်းဇောင်း၊ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ ပြစ်ဒဏ် ကျခံနေရတဲ့ ကိုဂျေခေါင်တို့ ဖြစ်ပါတယ်။

နိုင်ငံတဝန်း အကျဉ်းထောင်တွေနဲ့ အကျဉ်းစခန်း အသီးသီးမှာ ပြစ်ဒဏ် ကျခံနေရတဲ့ နိုင်ငံသား အကျဉ်းသား ၆,၉၄၈ ဦး ကို သမ္မတက ပြစ်ဒဏ်ကနေ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်တယ်လို့ ဧပြီ ၂၆ ရက် ဒီကနေ့မှာ နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် ကျန်တဲ့ အကျဉ်းသားတွေထဲက လွှတ်သင့်လွှတ်ထိုက် သူတွေကိုလည်း စနစ်တကျ စီစစ်ပြီး လွတ်ငြိမ်းချမ်းသာခွင့် ဆက်ပေးမယ်လို့ သမ္မတရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

နိုင်ငံသား အကျဉ်းသားတွေကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်း သတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တာလို့ ဆိုပါတယ်။

မြစ်ကြီးနားထောင် ကနေ လွတ်မြောက်လာတဲ့ ဦးဇော်ဂျတ်နဲ့ ဦးလွမ်းဇောင်းဟာ တပ်မတော်ကို အသရေပျက်စေမှု ပုဒ်မ ၅၀၀ နဲ့ ထောင်ဒဏ် ၆ လ ကျခံ နေရသူတွေ ဖြစ်ပြီး၊ လွတ်မြောက်ဖို့ ၁ လ နီးပါး ရှိချိန်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတာလည်း ဖြစ်ပါတယ်။

ဒီကနေ့ ပြန်လွတ်လာတဲ့ ဦးဇော်ဂျတ်က " မြစ်ကြီးနားထောင်က ၁၃၆၉ ယောက် လွတ်တယ်။ လွတ်ငြိမ်းချမ်းသာ မပါလည်း နောက်လ ၂၀ ရက် ကျော်ရင် ကျွန်တော်တို့ လွတ်ပြီ။ သူတို့ရဲ့ image တခု ရအောင်ပေါ့။ ဒီထောင်ထဲမှာ ၁၇ (၁) နဲ့ ကျသူတွေ ရှိသေးတယ်။ တနိုင်ငံလုံးက အကျဉ်းထောင် တွေမှာ နိုင်ငံရေး အကျဉ်းသားတွေ ရှိသေးတယ်။ အခုက ပုဒ်မ ၁၅၊ ၁၆ မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ လွတ်တဲ့သူ များတယ်" လို့ ပြောပါတယ်။

ဒီကနေ့ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ အကျဉ်းသား ၆ ထောင်ကျော်ဟာ ကချင်၊ ကယား၊ ကရင်၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးနဲ့ တနင်္သာရီ အကျဉ်းထောင်တွေမှာ ပြစ်ဒဏ် ကျခံနေရတဲ့ အကျဉ်းသားတွေသာ ပါဝင်တယ်လို့ AAPP က ပြောပါတယ်။

တစ်နိုင်ငံလုံးက အကျဉ်းထောင်တွေမှာ နိုင်ငံရေး ပုဒ်မနဲ့ ပြစ်ဒဏ် ကျခံနေရတဲ့ အကျဉ်းသား ၄၂ ဦး ကျန် ရှိနေပြီး နိုင်ငံရေး ပုဒ်မနဲ့ အမှုရင်ဆိုင်နေရသူ လက်ရှိမှာ ၃၀၀ ကျော် ရှိနေတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ဦးအောင်ကျော်မျိုးက ပြောပါတယ်။

ဒီကနေ့ သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးတဲ့အထဲမှာ နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေနဲ့ ထောင် ၇ နှစ် ချခံနေရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး၊ နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုတွေနဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံထားရတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင် တို့ ပါဝင်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက် (မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း ၁ ရက်) က လည်း နိုင်ငံတဝန်း အကျဉ်းထောင်တွေနဲ့ အကျဉ်းစခန်း အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံသား အကျဉ်းသူ၊ အကျဉ်းသား ၉,၅၃၅ ဦးနဲ့ နိုင်ငံခြားသား အကျဉ်းသား ၁၆ ဦးကို သမ္မတက ပြစ်ဒဏ်တွေကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့ပါတယ်။

သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပထမအကြိမ် လွတ်မြောက်လာတဲ့ အကျဉ်းသူ၊ အကျဉ်းသား ၉,၅၀၀ ကျော်မှာ မူးယစ်သုံးစွဲမှု၊ မူးယစ် လက်ဝယ်တွေ့ရှိမှု ပုဒ်မတွေနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေ အများဆုံး ပါဝင်သလို ထပ်မံလွတ်ငြိမ်း ချမ်းသာခွင့်ပေးမယ့် အကျဉ်းသားတွေမှာ နိုင်ငံရေး အကျဉ်းသားတွေ ပါ မပါ ဆိုတာကို လေ့လာစောင့်ကြည့် သွားမယ်လို့ AAPP က ပြောပါတယ်။

မြန်မာနိုင်ငံတဝန်းက အကျဉ်းထောင်တွေထဲ အကျဉ်းသား ၇ သောင်း ကျော် ရှိနေတာမှာ ထက်ဝက်ကျော်ဟာ မူးယစ် ဆေးဝါး အမှုတွေနဲ့ ထောင်ကျ နေသူတွေ ဖြစ်တယ်လို့၂၀၁၈ အစိုးရရဲ့ တရားဝင် ကိန်းဂဏန်းတွေအရ သိရပါတယ်။