ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မန္တလေးသင်္ကြန် ရေချွေတာပြီး ဆင်နွှဲဖို့ရှိတယ်
လမ်းလျှောက် သင်္ကြန်ကို နေရာတိုးချဲ့ထားတဲ့ မန္တလေးသင်္ကြန်ဟာ အရင်ထက်ရေချွေတာပြီး ဆင်နွှဲဖို့ရှိတယ်လို့ မန္တလေးသင်္ကြန် ပွဲတော် ကျင်းပရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ဘီဘီစီကို ပြော ပါတယ်။
အခုနှစ် မန္တလေးသင်္ကြန်မှာ လမ်းလျှောက်သင်္ကြန်ကို နေရာတိုးချဲ့ ထားပြီး အညာဓလေ့ သင်္ကြန်အပြင်၊ ရပ်ကွက်အလိုက်ယိမ်းတွေ ထပ်မံထည့်သွင်းထားတယ်လို့ မန္တလေးသင်္ကြန် ကျင်းပရေးကော်မတီကပြောပါတယ်။
လမ်းလျှောက်သင်္ကြန် ကျင်းပတဲ့နေရာတွေမှာ ရေအမြောက်အများ သုံးမှာမဟုတ်ဘဲ ရေကစားမဏ္ဍပ် အသေးတွေနဲ့ ကျင်းပမှာ ဖြစ်တယ်လို့လည်း သူကရှင်းပြပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ အခြေစိုက်ရုံးဖွင့်ထားတဲ့ နိုင်ငံတကာသံရုံးတွေက သံတမန် တွေ၊ စစ်သံမှူးတွေအပါအဝင် ကုလသမဂ္ဂအဖွဲအစည်းတွေက သံတမန် တွေပါ ပထမဆုံးအကြိမ်အဖြစ် မန္တလေးမြို့ လမ်းလျှောက် မန္တလေးသင်္ကြန်ကို လာဖို့ရှိတယ်လို့လည်း သူကပြောပါတယ်။
အရင်ထက် ဘာတွေကွာလာလဲ
မန္တလေးမြို့မှာ ၂၀၁၇ခုနှစ်က စပြီးတော့ ကျုံးပတ်လည် စီးပွားရေးကုမ္မဏီ ကြီးတွေရဲ့ ဖျော်ဖြေရေးမဏ္ဍပ်တွေနေရာမှာ မဏ္ဍပ်အသေးတွေနဲ့ လမ်းလျှောက်သင်္ကြန် ကို စတင်ခဲ့ပြီးတော့ မနှစ်က လမ်းလျှောက်သင်္ကြန် လာသူများလွန်းတဲ့ အတွက် ဒီနှစ်မှာ ကျုံးအရှေ့ခြမ်းမှာ ထပ်ပြီးနေရာတိုးချဲ့တာ ဖြစ်တယ်လို့လည်း မန္တလေးသင်္ကြန်ပွဲတော် ကျင်းပရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောပါတယ်။
အရင်ကတော့ ကျုံးပတ်လည် လမ်းတွေပေါ်မှာ ရေကူးလို့ရတဲ့အထိ ရေကိုအလျှံအပယ် သုံးကြသလို ခေတ်ပေါ်တီးဝိုင်းဖျော်ဖြေရေးတွေကြောင့် သရုပ်ပျက်တယ်လို့လည်း ဝေဖန်မှုတွေရှိပါတယ်။၂၀၁၇ခုနှစ်ကစပြီး လမ်းလျှောက် သင်္ကြန် စတင်ခဲ့ပြီးတော့ ရေသုံးတာ လျှော့ဖို့ကြိုးပမ်းလာတာဖြစ်ပါတယ်။
လက်ရှိကာလ မှာတော့ စီးပွားဖြစ်မဏ္ဍပ်တွေ နည်းလာပြီး ဒေသဟန်ပန် ဓလေ့တွေအတိုင်း တဖြေးဖြေး ပြောင်းလာတာ တွေ့ရပါတယ်။
ဘယ်နေရာတွေမှာ ဘာအစီအစဉ်တွေရှိလဲ
လမ်းလျှောက် သင်္ကြန်ကို မနှစ်က ကျုံးတောင်ဘက်ခြမ်း (၂၆)လမ်းမပေါ်မှာသာ ကျင်းပခဲ့ပေမဲ့ အခုနှစ်မှာ ထပ်တိုးချဲ့ပြီးကျုံးအရှေ့ခြမ်း(၆၆)လမ်းမှာပါ လမ်းလျှောက်သင်္ကြန် ကျင်းပဖို့ရှိတယ်လို့လည်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ပြောပါတယ်။
အရင်နှစ်က လူထုစိတ်ဝင်စားမှုရှိတဲ့ ကျုံးအရှေ့ဘက် တောသင်္ကြန် ညဈေးတန်းတွေကိုလည်း ဆိုင်ခန်းငှားရမ်းခ ကောက်ပြီးဆက်ဖွင့်မှာဖြစ်တယ်လို့ လည်း ကော်မတီထံက သိရပါတယ်။
မနှစ်က စတဲ့ တောသင်္ကြန် ညဈေးတန်း က မန္တလေးသင်္ကြန် လာလည်သူတွေအတွက် ညအချိန်လည်ပတ်သွားလာနိုင်ဖို့ ရည်ရွယ်ပြီးဖွင့်တာဖြစ်ပြီး ဒေသထွက်အစားအသောက်တွေ၊ အမှတ်တရပစ္စည်းတွေကို လေ့လာ ဝယ်ယူနိုင်ပါတယ်။
အခုနှစ်အထူး
အရင်မန္တလေးသင်္ကြန် ကာလမှာ ရှိခဲ့တဲ့ ရပ်ကွက်ယိမ်းအကတွေကို အခုနှစ်သင်္ကြန် အတွက် အစီအစဉ်အသစ်အဖြစ် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက စီစဉ်လိုက်တယ်လို့လည်း ဦးကျော်ဆန်းမြင့်ကပြောပါတယ်။
မန္တလေး သင်္ကြန်ဟာ ယိမ်းအက၊ ယိမ်းအလှတွေနဲ့ နှစ်ပေါင်းများစွာကင်းကွာနေခဲ့ပြီးမှ အခုနှစ်မှာ ပြိုင်ပွဲပုံစံနဲ့ ပြန်လည်ပေါ်ထွက်လာခဲ့လာတာလည်း ဖြစ်ပါတယ်။
သင်္ကြန် ယိမ်းပြိုင်ပွဲတွေကို ၆၂ လမ်းပေါ်က မနော်ရမ္မံကွင်းမှာ ပြုလုပ်မှာ ဖြစ်ပြီးတော့ ၁၉ ဖွဲ့လောက် ပါဝင်ယှဉ်ပြိုင်ဖို့ ရှိနေတယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ပြောပါတယ်။
ဒါ့အပြင် အညာဓလေ့ စဉ့််အိုးလေးတွေနဲ့ ရေပက်တဲ့ အညာသင်္ကြန်ကိုလည်း ထည့်သွင်းဖို့ ရှိတယ်လို့လည်း မန္တလေးသင်္ကြန်ကျင်းပရေးကော်မတီကနေ သိရပါတယ် ။
တစ်နိုင်ငံလုံး ပျံ့နှံသွားတဲ့လမ်းလျှောက်သင်္ကြန်
မန္တလေးမြို လမ်းလျှောက်သင်္ကြန်ကို စတဲ့ ၂၀၁၇ နောက်ပိုင်း တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့လမ်းလျှောက်သင်္ကြန် ပျံ့နှံ့သွားခဲ့ပါတယ်။
လမ်းလျှောက် သင်္ကြန်ဟာ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းပြီးဖြစ်သလို ရေကိုလည်း ချွေတာပြီးဖြစ် ပါတယ်။
ပြီးခဲ့တဲ့ နှစ်နှစ်တာကာလအတွင်း မန္တလေးလမ်းလျှောက်သင်္ကြန်ပွဲကို လူဦးရေသိန်းနှင့်ချီ လာရောက်ခဲ့ကြပါတယ်။
လမ်းလျှောက်သင်္ကြန် မှာ ရေပက်ခံရုံသာမက မဏ္ဍပ်ငယ်တွေက ဖျော်ဖြေမှုတွေ၊ စတုဒိသာမဏ္ဍပ်တွေက အကျွေးအမွေးတွေလည်း ပါဝင်ပါတယ်။
အရင်က အရက်သောက်ဖို့၊ စီးပွားရှာဖို့ သက်သက်လို ဖြစ်နေတဲ့ သင်္ကြန်ကနေ ကမ္ဘာကစိတ်ဝင်စားလောက်အောင် သံတမန်တွေ လာလည်ချင်အောင် ကြိုးစားလာတာ ဝမ်းသာမိတယ်လို့လည်း မန္တလေးဒေသခံတွေက ပြောပါတယ်။