ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗိုလ်ချုပ်ကြီးဟောင်းသူရဦးရွှေမန်းပါတီခွင့်ပြုချက်ကျပြီ
ဗိုလ်ချုပ်ကြီးဟောင်းသူရဦးရွှေမန်းဦးဆောင်မယ့် နိုင်ငံရေးပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီတည်ထောင်ခွင့်ပြု လိုက်ပြီလို့ပါတီ တည်ထောင်ရာမှာ ပါဝင်သူ ဦးဝင်းဦးက ဘီဘီစီကို ပြောပါတယ်။
ဧပြီလ ၃ရက် နေ့က ကော်မရှင်ကခွင့်ပြုချက် ပေးလိုက်တာဖြစ်ပြီး အကြောင်းကြားစာကို ဧပြီ၄ ရက်နေ့ကရရှိတယ် လို့လည်းသူကပြောပါတယ်။
ပါတီ မှတ်ပုံတင်ဖို့နဲ့ ပါတီတံဆိပ်၊ ပါတီ မူဝါဒ အလံ ဖွဲ့ စည်းပုံစသည့်တို့ ကို ရွေးကောက်ပွဲကော်မရှင်ကိုရှေ့အပတ်မှာ တင်ပြဖို့ရှိတယ်လို့လည်း သူကရှင်းပြပါတယ်။
အငြိမ်းစားဗိုလ်ချုပ်ကြီးလည်းဖြစ် ပြည်သူ့လွှတ်တော်ဥက္ကဌနှင့် ပြည်ထောင်စုလွှတ်တော် နာယကဟောင်းလည်းဖြစ်သူ သူရဦးရွှေမန်းက ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနာမည်နဲ့ ဇန်နဝါရီ၅ရက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ ပါတီမှတ်ပုံတင်ခဲ့တာဖြစ်ပါတယ်။
ပါတီတည်ထောင်သူတွေထဲမှာ ဦးရွှေမန်းနဲ့လက်တွဲခဲ့ တဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေ ပြည်ခိုင်ဖြိုး ပါတီက လွှတ်တော် ကိုယ်စားလှယ် ဟောင်း တွေ ၊ တပ်မတော်သား ဟောင်းနှင့် အရပ်သား တွေနဲ့ဖွဲ့စည်းမယ်လို့ ဦးရွှေမန်းက ဘီဘီစီကို ပြော ထားပါတယ်။
ကနဦးတည်ထောင်သူ ၁၉ ဦး ဖြစ်ပြီးတော့ လွှတ်တော် ကိုယ်စားလှယ် ဟောင်း ဦးဝင်းဦး၊ ဦးဝင်းသန်း၊ ဦးတင်မောင်ဦး၊ ဦးတင်မောင်ဆွေ တို့ပါဝင် ပြီး ယခင် အစိုးရဒုဝန်ကြီးဟောင်း ဦးဘုန်းဆွေ လည်းပါတယ် လို့ ဦးဝင်းဦးက ဘီဘီစီကို ပြောပါတယ်။
၁၉၄၇ ခုနှစ်ဖွား ဦးရွှေမန်းဟာ မေမြို့ စစ်တက္ကသိုလ် အမှတ်စဉ် ၁၁ ကျောင်းဆင်းဖြစ်ပြီး တပ်မတော်မှာ ဗိုလ်ချုပ်ကြီး အဆင့်နဲ့ ညှိနှိုင်းကွပ်ကွဲရေးမှူး (ကြည်း/ရေ/လေ) ရာထူး အထိ ရာထူး တာဝန် အဆင့်ဆင့်ကို ထမ်းဆောင်ခဲ့ပါတယ်။
၁၉၈၈ ခုနှစ်မှာ တပ်မတော်က ချီးမြှင့်တဲ့ သူရဘွဲ့ ရရှိခဲ့ ပြီး ၁၉၉၇ ခုနှစ်မှာတော့ တပ်မတော် အစိုးရ အဖွဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ အဖွဲ့ဝင် ဖြစ်ခဲ့ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲ ကျင်းပတဲ့ အချိန် အထိ နံပါတ် ၃ အဆင့် ရှိ ထိပ်ပိုင်း တပ်မတော် ခေါင်းဆောင် တစ်ဦး ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေး ဘဝမှာ တပ်မတော် အရာရှိဟောင်း အများစု နဲ့ ဖွဲ့စည်းခဲ့တဲ့ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့ပါတယ် ။
၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီး ပထမလွှတ်တော်သက်တမ်းမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယက တာဝန်တွေ ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဋ္ဌ ရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုး ပါတီ ကိုယ်စားပြုပြီး ဖြူးမြို့နယ် မှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့ပါတယ်။
၂၀၁၆ ခုနှစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရခေတ် ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေရေးရာနှင့် အထူးကိစ္စများ လေ့လာဆန်းစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ တာဝန်ယူခဲ့ပါတယ်
လာမဲ့ မေလထဲ မှာတော့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ရုံးခန်းဖွင့်လှစ်နိုင်အောင် ရည်မှန်းထားပြီး တော့ ရုံးချုပ် ကို ရန်ကုန် နဲ့ နေပြည်တော် နှစ်မြို့ထဲက ဘယ်နေရာမှာ ဖွင့်မယ် လို့ မဆုံးဖြတ်ရသေးကြောင်း ဦးဝင်းဦးက ဘီဘီစီကို ပြောပါတယ်။