ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရခိုင်မြောက်ပိုင်းက တိုက်ပွဲတွေ အရှိန်မြင့်လာ
ရခိုင်ပြည်နယ်မြောက်ပိုင်း လေးမြို့မြစ်ကမ်း တလျောက်နဲ့ ဘူးသီးတောင်မြို့နယ် စိုင်းတင်ချောင်းတစ်ဝိုက်မှာ ဧပြီ ၃ ရက်မနက်ပိုင်း ၈ နာရီ လောက်က စပြီး တစ်နေ့လုံးနီးပါး တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘူးသီးတောင်မြို့နယ် စိုင်းတင်ချောင်း တစ်ဝိုက်မှာ ထင်းခုတ်ဝါးခုတ်နေကြတဲ့ မွတ်ဆလင်ရွာသားတွေကို စစ်တပ် ရဟတ်ယာဉ်ပေါ်က မှားယွင်း ပစ်ခတ်တဲ့ အတွက် ဝါးခုတ်နေတဲ့ မွတ်ဆလင်ရွာသား ၄၀ လောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဘူးသီးတောင်မြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံ ပြောပါတယ်။
" ဘူးသီးတောင်ဆေးရုံမှာ လူနာ ၈ ယောက် ဆေးရုံတင်လာတာ တွေ့ရတယ်။ အဲဒီဘက်က အုပ်ချုပ်ရေးမှူးတစ်ယောက်ကို ဆက်သွယ်မေးကြည့်တော့ ဒဏ်ရာရတဲ့ လူတွေအများကြီးလို့ပြောတယ်။ ဆက်သွယ်သွားလာလို့လည်း မရတော့ ဒီလူနာ ၈ ယောက်ပဲ ဘူးသီးတောင်ဆေးရုံ ရောက်လာတယ်" လို့ ဦးမောင်ကျော်ဇံ ပြောပါတယ်။
အစိုးရ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (AA) အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်နဲ့ မင်းပြားမြို့ နယ် ၅ မြို့နယ်မှာ ဧပြီ ၂ ရက်က စတင်ပြီး ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို ဒေသဆိုင်ရာ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
အဲဒီလိုအနေအထားတွေသာမက တိုက်ပွဲဖြစ်ပွားရာ ဒေသတွေမှာ တပ်မတော်က လက်နက်အင်အား လူအင်အား တိုးမြှင့်ပြီး ထိုးစစ်အရှိန်မြှင့်လာလို့ AA ဘက်ကလည်း ခုခံတော်လှန်ဖို့ ခံစစ်အရှိန်မြှင့်ရမယ့် အခြေအနေ ရှိတယ်လို့ ရက္ခိုင့်တပ်မတော် (AA) ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ပြောပါတယ်။
ဧပြီ ၁ ရက်ကလည်း စစ်တွေ - ကျောက်တော်ကားလမ်း ကန်ဇောက်ကျေးရွာအနီးမှာ စစ်တွေဘက်ကနေ ကျောက်တော်ဘက်ကို မောင်းနှင်လာတဲ့ ယာဉ်တစ်စီးကို တပ်မတော် လုံခြုံရေး စစ်ကြောင်းက ရပ်တန့် စစ်ဆေးရာက AA တပ်ဖွဲ့ဝင် ၃ ယောက်နှင့် AA နဲ့ ဆက်သွယ်ခဲ့တဲ့ သံဃာ ၂ ပါးကို ဖမ်းဆီးရမိတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဧပြီ ၃ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေက မသင်္ကာတဲ့ ကားတွေ စစ်ဆေးနေရင်း ကားပေါ်ပါ ဆရာတော် ၂ ပါးနဲ့ လူ ၃ ယောက်ကို ကားမှာတွေ့တယ်။ ဆင့်ကဲစစ်ဆေးမှုအရ AA အမှတ်တံဆိပ် တွေပါတဲ့ တပ်ဖွဲ့ဝင် ၂ ယောက်နဲ့အတူ AA တပ်ဖွဲ့ထဲ ဝင်ရောက်ဖို့ လိုက်လာသူ ၁ ယောက်ကို ဖမ်းမိတာ ဖြစ်တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။
" သူတို့ ၃ ယောက်ကို ဘယ်သူတွေချိတ်ဆက်ခေါ်တာလည်းဆိုတော့ ဆရာတော် ဦးသုဝန သီရိမဇ္ဇူ ကျောင်းတိုက် ပုဏ္ဏာကျွန်းမြို့နဲ့ ဦးဉာဏ ဂန္ဓမာတောင်ကျောင်းတိုက် မြောက်ဦးမြို့ပေါ့။ ဖမ်းမိပြီးတော့ ဆရာတော် ၂ ပါးကိုတော့ သက်ဆိုင်ရာ ဆရာတော်ကြီးတွေဆီမှာ သိက္ခာချ လူဝတ်လဲစေပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်နေတယ်" လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။
တပ်မတော်က ဖမ်းဆီးရထားတယ်ဆိုတဲ့ AA တပ်ဖွဲ့ဝင် ၃ ယောက်နှင့် သံဃာ ၂ ပါးဟာ AA တပ်ဖွဲ့ဝင်တွေ မဟုတ်သလို AA နဲ့ ဆက်စပ်မှု မရှိဘူးလို့ ရက္ခိုင့်တပ်မတော် (AA) ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ပြောပါတယ်။
" AA တပ်ဖွဲ့ဝင်တွေ မဟုတ်ပါဘူး။ AA တပ်သားဆို ကျွန်တော်တို့ဆီ ချက်ချင်း သတင်းရောက်လာပါတယ်။ နယ်မြေခံတပ်တွေက သတင်းပို့တာလည်း မရှိဘူး။ ဒေသခံတွေဆီက သတင်းရတာက သံဃာ ၂ ပါးဟာ စစ်တွေကနေ စာမေးပွဲဖြေပြီး ပြန်လာတဲ့ စာသင်သားတွေလို့ ကြားရတယ်။ ဟို လူ ၃ ယောက်ကလည်း ခရီးသွား အရပ်သားတွေပါ။ ဗမာတပ်ဘက်က AA ဆိုပြီး မတရား အမှုဆင် ဖမ်းဆီးနေတာတွေက အများကြီး ရှိခဲ့ပါတယ်" လို့ ခိုင်သုခက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အပစ်ရပ်စာချုပ် လက်မှတ် မထိုးမထားတဲ့ တိုင်းရင်းသား အဖွဲ့ ၈ ဖွဲ့နဲ့ အစိုးရ ကိုယ်စားလှယ်တို့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြရာမှာ ရက္ခိုင့်တပ်မတော် (AA) ရဲ့ ကိုယ်စားလှယ်တွေလည်း ငြိမ်းချမ်းရေးပွဲကို တက်ရောက်ဆွေးနွေးခဲ့ပါတယ်။
ဒီလိုတွေ့ဆုံဆွေးနွေးပွဲတွေကို ဖိတ်ခေါ်ပေမယ့် တဖက်မှာ AA တပ်ဖွဲ့ကို အမြစ်ပြတ်ချေမှုန်းမယ်ဆိုပြီး တိုက်စစ်ဆင်နေတာဟာ မြန်မာအစိုးရ အနေနဲ့ မီးစာတဖက် ရေတဖက်ကိုင်ဆောင် ပြောသလို ဖြစ်တယ်လို့ ခိုင်သုခက ပြောပါတယ်။
ဒါ့အပြင် NLD အစိုးရ ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေးပွဲတွေမှာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ၂ ဖွဲ့ ဖြစ်နေပြီး အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ အဆင်ပြေပြီး တပ်မတော် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့ နဲ့ အဆင်မပြေရင် အလုပ် မဖြစ်ကြောင်းနဲ့ အစိုးရ အဖွဲ့ကို ကိုယ်စားပြုပြီး ဘယ်အဖွဲ့က အဆုံးအဖြတ် ပေးနိုင်လဲဆိုတာ သဲသဲကွဲကွဲ မသိရလို့ ပိုရှုပ်ထွေးပြီး တိုက်ပွဲတွေသာ ရေရှည်ဖြစ်နိုင်တယ်လို့ ခိုင်သုခက ပြောပါတယ်။
ရခိုင်ပြည်မြောက်ပိုင်းမှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (AA) အကြား တိုက်ပွဲတွေ ပြင်းထန်လာလို့ အရပ်သား ထိခိုက်သေဆုံးတာတွေ များလာသလို စစ်ရှောင် ထွက်ပြေးနေရသူလည်း ၂ သောင်းကျော် ရှိလာပြီလို့ အရပ်ဘက် လူမှုကူညီရေး အဖွဲ့တွေက ပြောပါတယ်။