NLD ကိုပြိုင်ဖို့ ၁၉၉၀ အမတ်တွေနဲ့ တိုင်းရင်းသားတွေပေါင်းပြီး နိုင်ငံရေးပါတီတည်ထောင်မယ်

၁၉၉၀လွှတ်တော်အမတ်ဟောင်းများအစည်းအဝေးပြုလုပ်စဉ်

ဓာတ်ပုံ ရင်းမြစ်, David Hla Myint

ဓာတ်ပုံ ပုံစာ, ၁၉၉၀လွှတ်တော်အမတ်ဟောင်းများအစည်းအဝေးပြုလုပ်စဉ်

လက်ရှိ အာဏာရ ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ကိုယှဉ်ပြိုင်ဖို့၊ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ လွှတ်တော်အမတ်ဟောင်းတွေနဲ့ တိုင်းရင်းသားတွေ၊ အရပ်ဖက်အဖွဲ့အစည်းကသူတွေ ပါဝင်တဲ့ နိုင်ငံရေးပါတီတစ်ခုကို တည်ထောင်မယ်လို့ ၁၉၉၀ လွှတ်တော်အမတ် ဟောင်း ဦးဒေးဗစ်လှမြင့်က ဘီဘီစီကိုပြောပါတယ်။

"ကျွန်တော်တို့ NLD ယှဉ်နိုင်တယ်လို့ယုံလို့နိုင်ငံရေးပါတီတည်ထောင်တာပါ။ ရိုးရိုးပါတီထောင်ပြီးရောမဟုတ်ဘူး။ NLD ကျော်ဖြတ်သွားနိုင်ဖို့အခင်းအကျင်းတွေပြင်ဆင်ထားပါတယ်" ၁၉၉၀ အမတ်ဟောင်းဖြစ်သူ ဦးဒေးဗစ်လှမြင့်က ဆိုပါတယ်။

သူတို့ ပါတီက လွှတ်တော်တွင်းမှာ တပ်မတော် သားလွှတ်တော်အမတ်တွေပါရှိနေတာကို ဖယ်ထုတ်ဖို့ရည်မှန်းထားပြီး ဒါကို အကောင်အထည် ဖော်နိုင်ဖို့ အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည် ရေးဆွဲနိုင်အောင် ကြိုးစားမယ်လို့ ဦးဒေးဗစ်လှမြင့်ကဆိုပါတယ်။

ခုနိုင်ငံရေးပါတီတည်ထောင်မယ့်သူတွေက အရင် ကတော့ NLD ကိုတစိုက်မတ်မတ်ထောက်ခံခဲ့တဲ့ ၁၉၉၀ရွေးကောက်ပွဲ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP အဖွဲ့ဝင်တွေဖြစ်ပါတယ်။

တချိန်က မဟာမိတ်ဖြစ်ခဲ့တဲ့ အင်အားစုတွေ အခုလို ပါတီသစ် ထောင်ပြီး လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်လာမယ် ဖြစ်စဉ်ကို NLD ပါတီ ကို ဘီဘီစီက မေးမြန်းကြည့်ရာမှာတော့ ဒီမိုကရေစီစနစ်ကိုလိုလားတဲ့ ဘယ်နိုင်ငံရေးပါတီကိုမဆိုကြိုဆိုပါတယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ်ဒေါက်တာမျိုးညွန့်က ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဗီဒီယို ပုံစာ, သူရဦးရွှေမန်းပြောတဲ့ UBP ပါတီ၊ ပြည်ခိုင်ဖြိုး နဲ့ ဒေါ်အောင်ဆန်းစုကြည်

အသစ်ဖွဲ့မယ့်ပါတီမှာ ၁၉၉၀အမတ်ဟောင်း သုံးပုံတစ်ပုံ၊ အရပ်ဖက်အဖွဲ့အစည်းကပါဝင်မယ့်သူ သုံးပုံတပုံရယ်၊ တိုင်းရင်းသားတွေဖက်က ပါဝင်မယ့်သုံးပုံတပုံ အပြင် ပြင်ပရောက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေပူးပေါင်းပြီး ဖွဲ့စည်းမယ်လို့ ဆိုပါတယ်။

ပါတီအနေနဲ့ ၂၀၂၀ ရွေးကောက် ပွဲကိုဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပေမယ့် ၁၉၉၀ အမတ်ဟောင်းတွေကတော့ ရွေးကောက်ပွဲကို ပြန်လည်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒေသခံ လူငယ် မျိုးဆက်သစ်တွေကိုသာ ကိုယ်စားလှယ်လောင်း အဖြစ် အမည်တင်သွင်း ပြီး လွှတ်တော် အတွင်း ပါတီ ကိုယ်စားပြု အမတ်များ အဖြစ် ရွေးကောက်ခံနိုင်စေဖို့ ရည်ရွယ်တယ်လို့ ဦးဒေးဗစ်လှမြင့်က ပြောပါတယ်။

NLD ကိုယှဉ်ပြိုင်ဖို့နဲ့ ၂၀၂၀ရွေးကောက်ပွဲမှာဝင်ဖို့ပါတီထောင်ပေမယ့် တိုင်းရင်းသားပါတီတွေနဲ့ တော့ သူတို့ဒေသတွေ မှာယှဉ်ပြိုင်ပြီး ရွေးကောက်ခံမှာမဟုတ်ပဲ သက်ဆိုင်ရာမဟာမိတ်ပါတီတွေရဲ့အောင်နိုင်ဖို့ကိုပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ထားတယ်လို့ လည်း သူက ဆိုပါတယ်။။

ပါတီသစ်ဖြစ်လာရင်လည်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် UNA နဲ့မဟာမိတ်ဖြစ်လို့ အဲဒီမှာ ပါဝင်တဲ့ တိုင်းရင်းသားနိုင်ငံ ရေးပါတီ ၁၅ခု နဲ့ ပူးပေါင်းပြီးဆောင်ရွက်မှာလို့သူက ပြောပါတယ်။

ပါတီအမည်၊ ပါဝင်မယ့်အလုပ်မှုဆောင်တွေနဲ့ တစ်ခြားစည်းမျဉ်း၊ မူဝါဒတွေအတွက်ကို လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ပြင်ဆင်လာလို့ အဆင်သင့်ဖြစ်နေပြီလိုဆိုပါတယ်။ ပါတီအမည်ကိုတော့ သတင်းမီဒီယာများနဲ့ မိတ်ဆက်ပွဲပြုလုပ်မယ့် ဧပြီလ ၅ရက်မှာ ထုတ်ဖော်ပြောဆိုမယ်လို့ ဆိုပါတယ်။

ပါတီတည်ထောင်တဲ့လုပ်ငန်းတွေကိုတော့ သင်္ကြန် မတိုင်မီရက်ပိုင်းအတွင်း အပြီးလုပ်ဖို့လျာထားတဲ့အပြင် ပြည်ထောင်စုတဝန်းလှုပ်ရှားမယ့် နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်မယ်လို့ ပြောပါတယ်။

ပါတီ အသစ်ရဲ့ မူဝါဒကို မသိရသေးတဲ့ အတွက် သူတို့နဲ့ ပတ်သက်ပြီး သဘောထားကို အခုအချိန်မှာ မပြောနိုင်သေးဘူးလို့ ၁၉၉၀၊ ဒေးဒရဲအမှတ် ၁၊ အမတ်ဟောင်းလည်းဖြစ်သူ NLD ပြောခွင့်ရပုဂ္ဂိုလ်ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

"ကျွန်တော်ကိုယ်တိုင်ကလည်း ၉၀ အမတ်ပါပဲ၊ သူတို့က အယူဝါဒကွဲပြားလို့ပဲပါတီကွဲတာပေါ့ဗျာ၊ ဘယ်နေရာကွဲလဲဆိုတာကတော့ သူတို့ပါတီမူဝါဒထွက်လာမှပဲ ပြောနိုင်မှာပါ" လို့ သူကဘီဘီစီကိုပြောပါတယ်။

လက်ရှိမှာတော့ ပြည်ထောင်စုလွှတ်တော်နာယကဟောင်း သူရဦးရွှေမန်းဦးဆောင်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ကလည်း နိုင်ငံရေးပါတီ မှတ်ပုံတင်ရေး လုပ်ငန်းများကိုဆောင်ရွက်နေပြီး ပါတီတည်ထောင်ဖို့ လုပ်ဆောင်နေပါသည်။ ၁၉၈၈ အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် တစ်ဦး ဖြစ်သူ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ ကလည်း ၂၀၁၈ နှစ်လယ်ပိုင်းတုန်းက ပါတီ တည်ထောင်ခွင့် ရရှိထားပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်စာရင်းအရ နိုင်ငံရေးပါတီ ၉၅ ခု မှတ်ပုံထားပြီးဖြစ်ပါတယ်။