၂၀၁၈-၁၉ မှာ တနိုင်ငံလုံး တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေမယ့်သူ ၈ သိန်း ၉ သောင်းကျော်ရှိ

၂၀၁၇ တုန်းက တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခဲ့တဲ့ ရန်ကုန်အထက်တန်းကျောင်းတစ်ခုက ကျောင်းသား၊ ကျောင်းသူများ

ဓာတ်ပုံ ရင်းမြစ်, Khin Mg Win (Shwe Inn Thar)

ဓာတ်ပုံ ပုံစာ, ၂၀၁၇ တုန်းက တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခဲ့တဲ့ ရန်ကုန်အထက်တန်းကျောင်းတစ်ခုက ကျောင်းသား၊ ကျောင်းသူများ

မတ်လ ၆ ရက်နေ့မှာ နိုင်ငံတဝန်း ကျင်းပမယ့် ၂၀၁၈-၁၉ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဝိဇ္ဇာတွဲ၊ သိပ္ပံတွဲ၊ ဝိပ္ပံတွဲ လို ဘာသာတွဲ ၈ တွဲမှာ စာမေးပွဲ ဖြေဆိုမယ့်သူ ၈ သိန်း ၉ သောင်းကျော်ရှိတယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ပြောပါတယ်။

ရန်ကုန်တိုင်းကတော့ တက္ကသိုလ်ဝင်တန်း ဖြေဆိုမယ့်သူ အများဆုံးဖြစ်ပြီး ၁ သိန်း ၂ သောင်း ၉ ထောင်ကျော်ရှိပြီး မန္တလေးတိုင်းက ဒုတိယအများဆုံးဖြစ်ပါတယ်။

ကယားပြည်နယ်က ပြည်နယ်နဲ့ တိုင်းတွေထဲမှာ အနည်းဆုံးဖြစ်ပြီး စာမေးပွဲဖြေမယ့်သူ ၇ ထောင်ကျော်ပဲ ရှိပါတယ်။

ဘာသာတွဲတွေထဲမှာတော့ စိတ်ကြိုက်မြန်မာစာတွဲကို ဖြေဆိုမယ့်သူအနည်းဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်မှာ ၁ ဦး၊ မန္တလေးတိုင်းမှာ ၁ ဦး၊ ရန်ကုန်တိုင်းမှာ ၁ ဦး နဲ့ တနိုင်ငံလုံးမှာ စုစုပေါင်း ၃ ဦးပဲရှိပါတယ်။

ပြည်နယ်နဲ့ တိုင်းတွေထဲမှာ ရခိုင်ပြည်နယ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေမယ့်သူက ၄ သောင်းကျော် ရှိပြီး စာစစ်ဌာနတွေမှာ လုံခြုံရေးကို ပိုတိုးချထားရပါတယ်။

လတ်တလော တပ်မတော် နဲ့ ရခိုင် (အေအေ) အဖွဲ့တို့ကြား တိုက်ပွဲဖြစ်နေတဲ့ ရခိုင်ပြည်နယ်က နေရာတွေမှာလည်း တက္ကသိုလ်ဝင်တန်းစာစစ်ဌာနတွေကို နေရာပြောင်း စစ်ဆေးဖို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြင်ဆင်နေပါတယ်။

'ရသေ့တောင် မြို့နယ်၊ ကျောက်တန်းကျေးရွာက အထက်တန်းကျောင်းက စာစစ်ဌာနကိုလည်း ရသေ့တောင် မြို့ပေါ်ကို ရွှေ့ပြောင်းထားရတယ်' လို့ ရသေ့တောင်မြို့နယ် ပညာရေးမှူးက ဘီဘီစီကို အတည်ပြုပြောပါတယ်။

အခုနှစ် တနိုင်ငံလုံးက တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေမယ့်သူဦးရေဟာ အရင်နှစ်ကထက် ၅ သောင်းကျော် ပိုများနေပြီး စာစစ်ဌာနတွေကိုလည်း ပိုမိုထားရှိ ထားရပါတယ်။

ကျေးရွာကနေ မြို့နယ်၊ ခရိုင်အဆင့်အထိ စာစစ်ဌာနတစ်ခုချင်းစီကို မေးခွန်းနဲ့ အဖြေလွှာတွေ သယ်ပို့ရမှာ လုံခြုံရေးစီမံချက်ကို အထူးကြပ်မတ်ပြီး ဆောင်ရွက်ပေးထားတယ်လို့လည်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အခုနှစ် တက္ကသိုလ်ဝင်တန်းစာစစ်ဌာနပေါင်းကတော့ တနိုင်ငံလုံးမှာ ၁၈၈၆ ခုရှိပြီး ဒီထဲမှာ နိုင်ငံခြားစာစစ်ဌာနက ၂၁ ခုရှိပြီး ဖြေဆိုဖို့ တင်ထားသူ စာရင်းက ၁၇၃ ဦး ရှိပါတယ်။

ဒါ့အပြင် ရန်ကုန် အင်းစိန်အကျဉ်းထောင်နဲ့ မန္တလေး အိုးဘိုအကျဉ်းထောင်တွေ အပါအဝင် တောင်ငူ၊ မြိတ်၊ ဘားအံ စတဲ့ တနိုင်ငံလုံးအကျဉ်းထောင်တွေကနေ စာမေးပွဲ ဖြေမယ့်သူကတော့ ၁၀၀ ကျော် ရှိနေတယ်လို့ အကျဉ်းဦးစီးဌာနက ထုတ်ပြန်ပါတယ်။