၂၀၁၇-၁၈ ပညာသင်နှစ်မှာ ကျောင်းသူ ကျောင်းသား ၂၀၀ ကျော် တက္ကသိုလ်တက်ခွင့်မရ

တက္ကသိုလ်တက်ခွင့်မရတဲ့ ကျောင်းသူကျောင်းသားတွေ သတင်းစာရှင်းပွဲ ပြုလုပ်ခဲ့
ဓာတ်ပုံ ပုံစာ, တက္ကသိုလ်တက်ခွင့်မရတဲ့ ကျောင်းသူကျောင်းသားတွေ သတင်းစာရှင်းပွဲ ပြုလုပ်ခဲ့

၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်တဲ့ ကျောင်းသူကျောင်းသားတွေထဲက တက္ကသိုလ်တက်ရောက်ဖို့ ရွေးချယ်ရာမှာ အမှတ်အလိုက် ဆိုင်ရာ တက္ကသိုလ်တွေက ရွေးချယ်တဲ့ အတွက် တချို့က လျှောက်သမျှ တက္ကသိုလ် အကုန်လုံးဝင်ခွင့်ရပြီး တခုတည်း ရွေးချယ်ခဲ့တဲ့ ကျောင်းသားတွေမှာ တက္ကသိုလ်တစ်ခုမှ တက်ခွင့်မရဘဲ ဖြစ်နေပါတယ်။

အခုနှစ်ပြောင်းလဲလိုက်တဲ့ ဝင်ခွင့်စနစ်သစ်အရ အဆင့်မြင့်တက္ကသိုလ်တွေမှာ တက္ကသိုလ်ဝင်တန်းရမှတ်မှီတဲ့ ကျောင်းသားတွေဟာ တက္ကသိုလ် အများအပြားလျှောက်ပြီး အမှတ်မီသမျှ တက္ကသိုလ်တိုင်းမှာ ဝင်ခွင့်ရနေတာပါ။

ဝါသနာပါတဲ့ တက္ကသိုလ်တခုတည်းလျှောက်သူတွေကတော့ အမှတ်မြင့်လို့ တက္ကသိုလ် အများအပြားရပြီး မတက်ဘဲနေရာယူထားသူတွေကြောင့် ဝင်ခွင့်မရဘဲ အခုပညာသင်နှစ်မှာ ကျောင်းသူ ကျောင်းသား ၂၀၀ ကျော်ဟာ ကျောင်းတက်ခွင့် ဆုံးရှုံးခဲ့ရပါတယ်။

တက္ကသိုလ်ဝင်တန်းမှာ ၆ ဘာသာ ဂုဏ်ထူးနဲ့ ရမှတ် ၅၀၈ မှတ်ရခဲ့သူ မအေးငြိမ်းငြိမ်းမွန်က သူ့အမှတ်ဟာ အရင်နှစ်ဆေးတက္ကသိုလ်ဝင်ခွင့်ရသူတွေရဲ့ အမှတ်ထက်များလို့ ဆေးတက္ကသိုလ်တခုတည်းကိုပဲ လျှောက်ခဲ့တာဖြစ်ပြီး သူ့ထက်အမှတ်များပြီး တက္ကသိုလ်အများကြီးမှာ ဝင်ခွင့်ရသူတွေကြောင့် သူ့ရည်မှန်းချက် ဆုံးရှုံးရတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက်ခဲ့ပြီး မရခဲ့တဲ့ အထက ၂ မင်္ဂလာဒုံ အောင်ဆန်းသူရိယလှသောင်း အထက်တန်းကျောင်းက အောင်မြင်ခဲ့တဲ့ မောင်စောကျော်ဇံလွင်ကလည်း စာသင်နှစ် တစ်နှစ်တာ နစ်နာခဲ့ရတယ်လို့ ပြောပါတယ်။

မောင်စောကျော်ဇံလွင်ဟာ တက္ကသိုလ်ဝင်ခွင့်မှာ ၆ ဘာသာဂုဏ်ထူးနဲ့ ရမှတ်ပေါင်း ၅၀၃ မှတ်ရခဲ့တာပါ။ အရင်နှစ်တုန်းက ဆေးတက္ကသိုလ်ဝင်ခွင့်ဟာ ယောင်္ကျားလေး ၄၉၃ မှတ်နဲ့ ဖြတ်ခဲ့တာကြောင့် အခုနှစ်မှာ သူဟာ ဆေးတက္ကသိုလ် တစ်ခုတည်းကိုပဲ လျှောက်ခဲ့မိတာပါ လို့ ပြောပါတယ်။

သူတို့ ပြောသလိုပဲ တက္ကသိုလ်ဝင်တန်းမှာ ရမှတ်ပေါင်း ၅၂၀ အထက်ရတဲ့ ကျောင်းသူ ကျောင်းသားတိုင်းဟာ လျှောက်သမျှ တက္ကသိုလ်တိုင်းမှာ ဝင်ခွင့်ရနေသလို ဖြစ်နေပါတယ်။

ဒါပေမယ့်တော့ ဒီကျောင်းသားတွေဟာ တက္ကသိုလ်တစ်ခုပဲ တက်ခွင့်ရမှာ ဖြစ်လို့ ဒီကိစ္စအပေါ် သက်ဆိုင်ရာပညာရေးဝန်ကြီးဌာနအနေနဲ့ အမြန်စီစဉ်ပေးစေချင်တယ်လို့ ကျောင်းသူ ကျောင်းသားတွေနဲ့ မိဘတွေကပါ တောင်းဆိုနေကြပါတယ်။