ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာ အမျိုးသမီးတွေ ဓမ္မတာပေါ်ချိန် ကုန်ကျငွေက အာရှမှာ အများဆုံးထဲပါဝင်
- ရေးသားသူ, လာရာအိုဝင် နဲ့ အဒီလာရာဇတ်
- ရာထူးတာဝန်, ဘီဘီစီ
အာရှတိုက်က နိုင်ငံပေါင်း ၁၈ နိုင်ငံမှာ လေ့လာစစ်တမ်း ကောက်ယူချက်တွေအရ ဝင်ငွေထဲက ပမာဏ တော်တော်များများကို ဓမ္မတာပေါ်ချိန်မှာ တကိုယ်ရည် သန့်ရှင်းရေးသုံး ပစ္စည်းတွေ အတွက် ကုန်ကျနေရတဲ့ အာရှဒေသတွင်း နိုင်ငံတွေထဲက အမျိုးသမီးတွေထဲမှာ မြန်မာ အမျိုးသမီးတွေ ပါဝင်နေပါတယ်။
မြန်မာနိုင်ငံဟာ အာရှနိုင်ငံတွေထဲမှာ အိန္ဒိယနိုင်ငံနဲ့ အတူ ကုန်ကျ စရိတ်အကြီးဆုံး နံပတ်စဉ် ၅ မှာ ရှိနေပြီး ပါကစ္စတန်က ထိပ်ဆုံးမှာ ရှိပါတယ်။
မြန်မာ အမျိုးသမီးတွေက သူတို့ လစဉ် ဝင်ငွေရဲ့ ၂ ရာခိုင်နှုန်းကို ရာသီသွေးပေါ်ချိန်သုံး ပစ္စည်းတွေ၊ ရာသီသွေးပေါ်ချိန် သောက်ရတဲ့ ဆေးဝါးတွေ အတွက် ကုန်ကျ နေရပါတယ်။
ဒီပမာဏဟာ သာမန် မြန်မာအိမ်ထောင်စု တစ်စု အတွက် လစဉ် ပျမ်းမျှ ကျန်းမာရေး ကုန်ကျ စရိတ်နဲ့ ညီမျှပြီး အာရှဒေသ တစ်ခုလုံးမှာ ပျမ်းမျှ ကုန်ကျ စရိတ်ထက် ၄၀ ရာခိုင်နှုန်း ပိုများပါတယ်။
အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေ၊ ရာသီလာချိန် နာကျင်ကိုက်ခဲမှု အတွက်သုံးတဲ့ အကိုက်အခဲ ပျောက်ဆေးတွေ နဲ့ ဝက်ခြံပျောက်ဆေးတွေရဲ့ စျေးနှုန်းတွေကို စစ်တမ်း ကောက်ယူပြီး ဓမ္မတာလာချိန် ကာလ တစ်ပတ်တာ အတွင်း ဘယ်လောက် သုံးစွဲရသလဲ ဆိုတာ သုံးသပ်ပြတာဖြစ်ပါတယ်။
နိုင်ငံအသီးသီးမှာ သုံးတဲ့ ငွေကြေးတန်ဖိုးနဲ့ သုံးစွဲနိုင်တဲ့ ပမာဏပေါ် မူတည်ပြီး အဲဒီ နိုင်ငံတွေက ကုန်ကျ စရိတ် စျေးနှုန်းတွေကို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF က တွက်ချက်ထားတဲ့ ဝင်ငွေနဲ့ သုံးနိုင်တဲ့ ဝယ်လိုအား ကို ချိန်ထိုး သုံးသပ်ထားတဲ့ ညွှန်းကိန်းတွေအရ ဖော်ပြ ထားတာဖြစ်ပါတယ်။
အဲဒီနောက် နိုင်ငံအသီးသီးက အမျိုးသမီးတွေရဲ့ ပျမ်းမျှ ဝင်ငွေတွေနဲ့ နှိုင်းယှဉ် ကြည့်ပါတယ်။
မြန်မာနိုင်ငံက အမျိုးသမီး တစ်ယောက် ရာသီသွေး စတင်ပေါ်ချိန်ကနေ သွေးဆုံးချိန်အထိ ကာလအတွင်း ရာသီသွေး ဆင်းချိန်မှာ သန့်ရှင်းမှု အတွက် အခုအခံ အဖြစ် သုံးရတဲ့ ဂွမ်းထုပ်တွေ အပါအဝင် ဓမ္မတာနဲ့ ဆိုင်တဲ့ ပစ္စည်းတွေ အတွက် တစ်သက်စာ ကုန်ကျစရိတ်က ကျပ်ငွေ တစ်သန်း ငါးသိန်း ရှစ်သောင်း လေးထောင်(၁,၅၈၄,ဝဝဝ) ရှိတာတွေ့ရပါတယ်။
ဒီငွေပမာဏဟာ ရန်ကုန်မြို့မှာ ကျန်းမာ ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေ သွားလုပ်နိုင်တဲ့ စင်တာတွေမှာ အသင်းဝင်အဖြစ် လစဉ်ကြေးပေးရမယ့် ၁၉ လစာ ဝင်ကြေးနဲ့ ညီမျှပါတယ်။
မြို့ကြီးတွေမှာ လူနေမှုစရိတ် ကုန်ကျစရိတ်ကို နှိုင်းယှဉ် တွက်ချက် ပြတဲ့ Expatistan.com ဝက်ဆိုက်ရဲ့ တွက်ချက်မှု အရ အဲဒီငွေဟာ အမျိုးသမီးတစ်ယောက် အနေနဲ့ သန့်ရှင်းရေး အလုပ်သမား တစ်ယောက်ကို နာရီ ၃၀၀ စာလောက် ငှားနိုင်တဲ့ ပမာဏ ဖြစ်ပါတယ်။
မြန်မာ အမျိုးသမီးတွေဟာ ပျမ်းမျှအားဖြင့် ဝင်ငွေ နည်းပါးပေမယ့် ဓမ္မတာကာလ ကုန်ကျစရိတ် အတွက်မှာတော့ ပိုမို ချမ်းသာတဲ့ ဒေသတွင်းက စင်ကာပူနိုင်ငံနဲ့ နှိုင်းယှဉ်ရင် အများကြီး ပိုကုန်ကျ ကြပါတယ်။
သူတို့ ဝင်ငွေနဲ့ ဝယ်နိုင်အားကို ချိန်ထိုး တွက်ချက် ထားချက် အရ ပြောမယ်ဆိုရင် ဥပမာအားဖြင့် မြန်မာနိုင်ငံမှာ အမျိုးသမီး လစဉ်သုံး ဂွမ်းထုပ် တစ်ထုပ်ဟာ စင်္ကာပူမှာထက် ၃၇ ရာခိုင်နှုန်း ပိုစျေးကြီးပေးဝယ်ရပါတယ်။
စင်္ကာပူ အမျိုးသမီးတွေကလည်း သူတို့ ဝင်ငွေ လစာရဲ့ သုည ဒသမ ၂ ရာခိုင်နှုန်းကို လစဉ် ဓမ္မတာနဲ့ ဆိုင်တဲ့ ပစ္စည်းတွေ အတွက် သုံးပါတယ်။ ဒါပေမဲ့ ဒီပမာဏက မြန်မာ အမျိုးသမီးတွေ အလားတူ ပစ္စည်းတွေ အတွက် ကုန်ကျတဲ့ ငွေထက် ၁၀ ရာခိုင်နှုန်း ပိုနည်းပါတယ်။
ဒီနေရာမှာ ကြုံတုန်း ပြောရမယ် ဆိုရင်တော့ မြန်မာ အမျိုးသမီး တစ်ယောက် လစဉ် ဓမ္မတာ လာချိန်သုံးရတဲ့ ပစ္စည်းတွေအတွက် တစ်သက်တာလုံး ကုန်ကျ စရိတ်ဟာ ရန်ကုန်နဲ့ စင်္ကာပူ အသွား အပြန် လေးခါလောက် သွားလို့ ရပါတယ်။
အချက်အလက်တွေ ဘယ်လို ရယူ တွက်ချက်ထားလဲ
အခုတွက်ချက်ထားတဲ့ အချက်အလက်တွေက နိုင်ငံ အသီးသီးမှာ အမျိုးသမီးတွေ ဓမ္မတာ လာချိန် သုံးကြတဲ့ ပစ္စည်းတွေထဲက လူသုံး အများဆုံးပစ္စည်းတွေ၊ လစဉ် ကုန်ကျစရိတ်တွေကို စာရင်းကောက်ယူပြီး ရယူထားတာဖြစ်ပါတယ်။
အာရှ ဒေသမှာ နာမည်ကြီးတဲ့ Watsons and Guardian လို ဆေးကုမ္ပဏီကြီး တွေက သူတို့ ပစ္စည်းတွေကို သက်ဆိုင်ရာ နိုင်ငံ အသီးသီးအတွက် အွန်လိုင်းမှာ ရောင်းချတဲ့ စျေးနှုန်းတွေ ကနေ အချက်အလက် ရယူပါတယ်။
အဲဒီလို ရယူလို့ မရနိုင်တဲ့ နိုင်ငံတွေ အတွက်ကတော့ ဘီဘီစီရဲ့ ဒေသတွင်း သတင်းထောက်တွေ၊ ဒေသတွင်းမှာ ဓမ္မတာလာစဉ်ကာလ ကျန်းမာ သန့်ရှင်းရေး ပညာပေး ဆောင်ရွက်နေကြတဲ့ ပရဟိတ အဖွဲ့တွေကတဆင့် အချက်အလက် ရယူပါတယ်။
ဓမ္မတာလာချိန်မှာ သုံးစွဲရတဲ့ ကုန်ကျ စရိတ်ထဲမှာ နာကျင်ကိုက်ခဲမှု ပျောက်ကင်းစေတဲ့ ဆေးဝါး တွေကို ထည့်သွင်းထားရတာက သာမန်အားဖြင့် အမျိုးသမီး တစ်ယောက်ဟာ လစဉ် ရာသီသွေးပေါ်တဲ့ ပထမဆုံးနေ့မှာ ဗိုက်နာတတ် ကြတဲ့အတွက်ပါ။
ဒါ့အပြင် ရာသီသွေးပေါ်တဲ့ တစ်ပတ်လည် စက်ဝန်းမှာ ဟိုမုန်းဓာတ် အပြောင်းအလဲ ဖြစ်ကြတဲ့ အတွက် ၁၀ ရက်လောက်ကြာအောင် မျက်နှာမှာ ဝက်ခြံတွေ ထွက်တတ်ပါတယ်။ ဒါကြောင့် ဝက်ခြံပျောက်ဆေး ကရင်ကိုလည်း ဓမ္မတာနဲ့ ဆိုင်တဲ့ ကုန်ကျ စရိတ်ထဲမှာ ထည့်သွင်းထားတာဖြစ်ပါတယ်။
National Health Service ရဲ့ အဆိုအရ အမျိုးသမီး တစ်ဦး တစ်ယောက်ချင်းစီ တစ်သက်တာမှာ ဓမ္မတာ အတွက် ကုန်ကျစရိတ် တန်ဖိုးကို သိရှိနိုင်ဖို့ သူတို့ ဓမ္မတာ စက်ဝန်း တစ်ပတ်လည်ချိန် တိုင်းမှာ သုံးတဲ့ ပစ္စည်း အရေအတွက်ကို အမျိုးသမီး တစ်ယောက် တစ်သက်တာ ဓမ္မတာပေါ်တဲ့ အကြိမ် အရေအတွက် ၄၈၀ နဲ့ မြှောက်ပြီး ရယူတာဖြစ်ပါတယ်။
အပျိုဖော်ဝင်စ အချိန်ကနေ သွေးဆုံးချိန် အထိ ကာလက ပျမ်းမျှခြင်းအားဖြင့် နှစ်ပေါင်း ၄၀ လောက် ရှိမယ် ဆိုတဲ့ အခြေခံနဲ့ ဓမ္မတာပေါ်ချိန် ကာလကို တွက်ချက်ထားတာ ဖြစ်ပါတယ်။
အနောက်နိုင်ငံတွေမှာ သုံးတဲ့ ရာသီသွေးထိန်း အတောင့်တွေ၊ ရာသီသွေးခံခွက်တွေ အစား အာရှ နိုင်ငံတွေမှာ အသုံးများတဲ့ ဓမ္မတာသုံး ဂွမ်းထုပ်တွေကို သုံးစွဲမှုနဲ့ သူတို့ နိုင်ငံ အသီးသီးက စျေးကွက်မှာ လူသုံးများပြီး ရောင်းအား သွက်တဲ့ ပစ္စည်းတွေရဲ့ စျေးနှုန်းတွေကို အခြေခံပြီး ရလဒ်တွေကို ခန့်မှန်း ထားတာ ဖြစ်ပါတယ်။